K-Pop ရေစီးကြောင်းဟာ အရှိန်အဟုန်ကောင်းကောင်း စီးဆင်းနေပါတယ်။ K-Pop လို့ဆိုလိုက်ကတည်းကကို အနုပညာရှင်တွေရဲ့ ဖက်ရှင်အကြောင်းကိုလည်း ချန်လှပ်ပြောလို့မရပါဘူး။ သူတို့ဆီက နာမည်ကြီးအဆိုတော်တွေထဲမှာ ပရိသတ်တွေကရော၊ အနုပညာရှင်အချင်းချင်းကပါ အမိုက်စားလို့ သတ်မှတ်ခံထားရတဲ့ ဖက်ရှင်စတားတွေ ရှိပါတယ်။ သူတို့တွေကတော့
G-Dragon
နာမည်ကြီး K-Popအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Big Bang အဖွဲ့ရဲ့ ခေါင်းဆောင် G-Dragon ရဲ့ဖက်ရှင်ကတော့ အပြောင်းအလဲများစွာနဲ့ ကမ္ဘာတစ်ဝှမ်းလုံးက သူ့ပရိသတ်တွေကိုရော အနုပညာရှင်အချင်းချင်းကိုပါ အံ့အားသင့်စေခဲ့ပါတယ်။ ဖက်ရှင်အတွက်ဆို အမြဲတမ်း လုပ်ရဲ ကိုင်ရဲ ၀တ်ရဲတဲ့ G-Dragon က အရှုပ်အယှက်ဒီဇိုင်းတွေ၊ အပွင့်အရွက်ဒီဇိုင်းတွေကိုပါ ၀တ်ဆင်ဖို့ စိတ်အားထက်သန်ခဲ့သူပါ။ အဆင်တန်ဆာတွေကိုလည်း သူ့ဟာနဲ့သူ အထာကျအောင် ဆင်မြန်းတတ်ပါသေးတယ်။
Jessica
Girls' Generation ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jessica ကတော့ ပေါ့ပေါ့ပါးပါးနဲ့အထာကျအောင် ၀တ်ဆင်တတ်တဲ့အတွက် အနုပညာရှင်ကြားမှာရော ပရိသတ်တွေကပါ အာရုံစိုက်စောင့်ကြည့်တာမျိုးကို ခံခဲ့ရပါတယ်။ ထသွားထလာဆိုရင် သူမဘယ်လို ၀တ်ဆင်တယ်၊ လေဆိပ်သွားတယ်ဆိုရင် ဘယ်လိုမျိုး ဆင်မြန်းသွားတယ်ဆိုတာတွေကို မှတ်တမ်းတင်ထားပြီး မဂ္ဂဇင်းစာအုပ်တွေမှာ သူမရဲ့ဖက်ရှင်အကြောင်း ပြန်လည်ဖော်ပြတာမျိုးတွေ ခံခဲ့ရသူပါ။
Jia
Miss A အဖွဲ့ဝင် Jia ကလည်း သူဝတ်နေတဲ့ တီရှပ်ဒီဇိုင်းအမိုက်စားတွေကြောင့် နာမည်ရခဲ့သူပါ။ တရုတ်လူမျိုးဖြစ်ပေမယ့် နာမည်ကြီး K-Popအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Miss Aအဖွဲ့ဝင်ဖြစ်လာပြီးတဲ့နောက်ပိုင်း သူမရဲ့ဖက်ရှင်စတိုင်လ်တွေဟာ လူသိများလာခဲ့သလို ကိုယ်ပိုင်ဖက်ရှင်ဒီဇိုင်းတွေလည်း ဒီဇိုင်းထွင်ထုတ်လုပ်သူမို့ ဘာ့ကြောင့် ဒီနယ်ပယ်မှာ စတားဖြစ်ရသလဲဆိုတာကို ထည့်စဉ်းစားစရာမလိုတော့ဘူးပေါ့နော်။
CL
ကမ္ဘာကျော် K-Pop အဖွဲ့ 2NE1ရဲ့ အဖွဲ့ခေါင်းဆောင် CL ကိုတော့ အထူးမိတ်ဆက်ပေးစရာမလိုတော့ပါဘူးနော်။ သူမရဲ့ဖက်ရှင်ဒီဇိုင်းဟာ hip hop စတိုင်လ်ဘက်ရောက်တာကြောင့် အားလုံးနဲ့အမြဲကွဲပြားနေခဲ့ပါတယ်။ အမေရိကန်ဒီဇိုင်နာ Jeremy Scott ကတောင် သူ့ရဲ့ဖက်ရှင်ဒီဇိုင်းတွေအတွက် လိုအပ်တဲ့ အိုင်ဒီယာတစ်ချို့ကို ကိုရီးယားအနုပညာရှင်တွေရဲ့ ဖက်ရှင်ဒီဇိုင်းတွေဆီက ရရှိခဲ့တယ်လို့ ဆိုခဲ့ပါသေးတယ်။
Key
SHINee အဖွဲ့ဝင် Key ရဲ့ဖက်ရှင်ဒီဇိုင်းတွေကို ကြည့်လိုက်ရင် ကာလာတွေရောကစားပြီးဆင်မြန်းထားတာမျိုး၊ အရောင်အသွေး အရုပ်တွေကိုရောပြီး ဆင်မြန်းထားတာမျိုးတွေ အများဆုံးတွေ့ရမှာပါ။ သူများတွေ ၀တ်နေကျမဟုတ်တဲ့ ကာလာအတောက်တွေနဲ့ လူတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်တာကြောင့် သူဟာလည်း K-Pop ဖက်ရှင်စတားတွေထဲက တစ်ယောက်ပါပဲ။
Ref:kpopstarz.com