နို့ဘီလူးရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခွင့်မကျခင် ကြိုတင်ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်ဒါရိုက်တာ လူမင်းကို ရုပ်ရှင်အစည်းအရုံးကနေ ဒါရိုက်တာအဖြစ် ရိုက်ကူးခွင့် တစ်လပိတ်ခံရခြင်းအပေါ်သူ့ရဲ့စိတ်ခံစားချက်နဲ့ သရုပ်ဆောင်တစ်ဦး တစ်လဇာတ်ကားသုံးကား သာရိုက်ကူးရန် သတ်မှတ်ထားတဲ့ စည်းကမ်းချက်ကို ဖျက်သိမ်းခဲ့ခြင်းနှင့်ပတ်သက်ပြီး ထွက်ပေါ်လတဲ့ ဝေဖန်မှုတစ်ချို့အကြောင်း မေးမြန်းဖြစ်ခဲ့တဲ့အခါ “ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ အခုလို အပြစ်ပေးအရေးယူခံရတဲ့အပေါ် ကိုယ်က ရုပ်ရှင် အစည်းအရုံးရဲ့ဥက္ကဋ္ဌ တစ်ယောက်ဖြစ်နေတဲ့အတွက် ကိုယ်လေးစားရတဲ့ နာယကကြီးတွေက နို့ဘီလူးဇာတ်ကားရဲ့ ထုတ်လုပ်သူကို ခေါ်တွေ့ပြီး၊ မေးမြန်းစုံစမ်းပြီးတော့မှ ဒီပြစ်ဒဏ်ကို ချမှတ်ခဲ့တာပါ။ ကိုယ်တို့ဘက်က ဒီဇာတ်ကားအတွက် ရိုက်ကူးခွင့်တင်တာ နောက်ကျတယ်ဆိုတာပေါ်လွင်ထင်ရှားနေတဲ့အတွက် ထုတ်လုပ်သူအပြင် ကိုယ့်မှာလည်း တာဝန်ရှိတယ်ဆိုပြီး ဒီလိုဆုံးဖြတ်လိုက်ကြတာပါ။ ကိုယ့်အနေနဲ့ ကတော့ ဒီလိုအရေးယူခံရတာကို အယူခံ လည်းမဝင်ပါဘူး။ စောဒကလည်း မတက်ပါဘူး။ ကျေကျေနပ်နပ်ခံယူပါတယ်။ ဒါပေမယ့် ကိုယ်ကဥက္ကဋ္ဌဖြစ်တဲ့အတွက် ကိုယ်နဲ့လက်တွဲပြီး အလုပ်လာလုပ်တဲ့ ထုတ်လုပ်သူပါ ဒီလိုအပြစ်ပေးခံရတဲ့အတွက် စိတ်မကောင်းဘူး။”လို့ သူက ဖွင့်ဟပါတယ်။
ရုပ်ရှင်အစည်းအရုံးအဖြစ် ဦးဇင်ဝိုင်း တာဝန်ယူခဲ့စဉ်က ဗီဒီယိုဇာတ်ကားရိုက်ကူးမှုတွေ လျှော့ချနိုင်ဖို့နဲ့ ဇာတ်ကားအရည်အသွေးမြင့်မားလာစေဖို့ သရုပ်ဆောင်တစ်ယောက်ကို တစ်လသုံးကားပဲ ရိုက်ရမယ်လို့ စည်းကမ်းထုတ်ခဲ့ဖူးပါတယ်။ ယခုအခါ လူမင်းက ဒီစည်းကမ်းကို ပြင်ဆင်လိုက်တဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေတာနဲ့ ပတ်သက်ပြီးတော့လည်း သူက“သရုပ်ဆောင်တစ်ယောက်ကို တစ်လသုံးကားပဲ ရိုက်ရမယ်ဆိုတဲ့ စည်းကမ်းချက် ထုတ်ခဲ့တုန်းက ကိုယ်ကိုယ်တိုင်လည်း ပါခဲ့ပါတယ်။ ဒီစည်းကမ်းကလည်း ဇာတ်ကားအရေအတွက်တွေ လျှော့ချပြီး အရည်အသွေးတွေမြှင့်တင်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာပါ။ ဒီစည်းကမ်း စတင်ချမှတ်ချိန်ကာလမှာတော့ စူပါမင်းသားတွေ ကိုယ်တိုင်က လိုက်နာခဲ့တဲ့အတွက် ဝမ်းသာစရာ ကောင်းခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာအခက်အခဲတွေအများကြီးတွေ့လာတယ်။ လက်ရှိအချိန်မှာ ကိုယ်တို့ လောကသားတွေက ဒီစည်းကမ်းချက်ကို ဖျက်ချင်တာ မဟုတ်ပေမယ့် လိုက်နာနိုင်တဲ့ အခြေအနေမှာမရှိသလို၊ လိုက်နာကြတဲ့သူလည်း မရှိဘူး။ ဒီလိုစည်းကမ်း မလိုက်နာနိုင်ကြတဲ့အတွက် အပြစ်ပေးတာမျိုးလည်း ကိုယ်မလုပ်ချင်ဘူး။ စည်းကမ်းအတိုင်း အတိအကျ လုပ်မယ်ဆို တစ်လောကလုံး တစ်ယောက်မှ မလုပ်ဘူး။ အဲဒီ့အတွက် စာရွက်ပေါ်မှာရှိနေတဲ့ စည်းကမ်းတစ်ခုကို ဘာလို့ဆက်ပြီး ချုပ်ကိုင်ထားမလဲဆိုတဲ့ စိတ်ကူးရယ်၊ ရည်ရွယ်ချက်ရယ်နဲ့ ဖျက်သိမ်းခဲ့တာပါ။ ကိုလူမင်း ကိုယ်တိုင်က လက်ရှိမှာ အောင်မြင်နေတဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့အတွက် ဒီစည်းကမ်းချက်ကို ဖျက်သိမ်း ခဲ့တာလို့ပြောကြတဲ့ အပေါ် ကိုယ့်ကို ဒီလိုပြောလာကြရင်တော့ အဆိုးမြင်ပြီး ပြောကြတာလို့ ကိုယ်ပြောချင်တယ်။ ကိုယ်က ဇာတ်ကားတွေကို တင်းကျမ်းရိုက်နေတာမှမဟုတ်တာ။ ဒီစည်းကမ်းချက်ကို ပယ်ဖျက်လိုက်လည်း ကိုယ်က တစ်လကိုသုံးကားလောက်ပဲ ရိုက်မှာပါ။ ကိုယ့်အတွက် ဒီစည်းကမ်းချက်ကို ပြင်မယ်ဆိုတဲ့ အဲဒီလောက် သေးသိမ်ကျဉ်းမြောင်းတဲ့အတွေးအခေါ် မျိုးတော့ ကိုယ့်မှာ ရှိမနေတာသေချာပါတယ်”တဲ့။