အနုပညာအမြတ်ရရင်ကို ကျေနပ်ပါပြီဆိုတဲ့ သိန်းလင်းစိုး ပြောတဲ့ T Virus အကြောင်း

dsc02417_resize.jpg

ဂီတလောကထဲမှာ တစ်စထက်တစ်စ လိုက်ပါစီးမျောရင်း နစ်ဝင်နေသူတစ်ယောက်ကတော့ Hip Hop အဆိုတော်သိန်းလင်းစိုးပဲဖြစ်ပါတယ။် သူရဲ့ စာသားတွေနဲ့ တစ်ခွေလုံးကို အသက်သွင်းထားတဲ့ သိန်းလင်းစိုးရဲ့ T Virus ဆိုတဲ့ အခွေလေးဟာဖြင့် လူငယ်ပရိသတ်တွေရဲ့ လက်ထဲသို့မကြာမီအချိန်မှာရောက်ရှိတော့မယ်လို့ ပြောလာတဲ့ သိန်းလင်းစိုးကို မေးခွန်းများနဲ့ စတင်နှုတ်ဆက်ဖြစ်ပုံကတော့…….။

-အစ်ကိုရဲ့ တစ်ကိုယ်တော်အခွေလေးအကြောင်းကို အရင်ဆုံးပြောပြပေးပါဦး။

နောက်လမှာ ကျွန်တော်ရဲ့ တစ်ကိုယ်တော်အခွေ T Virus ထွက်ဖို့အတွက်လုပ်နေပါတယ်။ ပါဝင်တဲ့ သီချင်းအမျိုးအစားတွေကိုတော့ စုံအောင်လို့ကျွန်တော်ထည့်ထားပါတယ်။ သီချင်းပုဒ်ရေလဲများသလို Featuring တွေလဲ အများကြီးထည့်ထားပါတယ်။

-Featuring အနေနဲ့ ဘယ်သူတွေပါမလဲ။

ရဲလေး၊ ဂျေမီ၊ စိုးကြီး၊ MHL၊ ကွတ်တီ အားလုံးပေါင်း ၉ယောက်ပါပါတယ်။

-ပါဝင်တဲ့ သီချင်းအမျိုးအစားတွေက။

POP, R&B, ELECTRO POP တွေပါမယ်။ အဓိက ကသီချင်းအမျိုးအစားက ဟစ်ဟော့ ဘက်နည်းနည်းရောက်ပေမယ့် လူကြီးရော လူငယ်ရော အစုံကြိုက်အောင် ထည့်ပေးထားပါတယ်။

-Title ပေးဖြစ်ပုံလေးကိုလဲပြောပြပေးပါဦး။

ပေးထားထာက T Virus ပေါ့။ Tက သိန်းလင်းစိုးကိုကိုယ်စားပြုတယ်။ Virus က တစ်ယောက်ကို ကူးသွားပြီဆိုရင် တစ်နိုင်ငံလုံးကို ကူးသွားတာပေါ့နော်။ အဓိက က တစ်ယောက်စကားတစ်ယောက်နားနဲ့ အနုပညာရှင်အချင်းချင်းပဲဖြစ်ဖြစ်၊ ပရိသတ်အချင်းချင်းပဲဖြစ်ဖြစ် ပျံ့နှံ့သွားအောင်လို့ပေးထားတာပါ။

-အခွေအတွက် ပေးခဲ့ရတဲ့ အချိန်အရင်းအနှီးက။

တော်တော်ကြာပါတယ်။ ၃နှစ်လောက်ကြာသွားတယ်။ ဒီကြားထဲမှာ သီချင်းတွေလည်း လဲလိုက်တယ်။ သီချင်းတွေကို ခဏခဏလဲပြန်တီးတယ်။ စိတ်တိုင်းမကျမချင်း ပေါ့နော်။ အခုနောက်ဆုံးရွေးထားတဲ့ ဟာဆိုရင် အရင်အဟောင်း ၃ပုဒ်လောက်ပဲပါတော့တယ်။ ကျန်တဲ့ ၁၃ပုဒ်လုံးက အသစ်တွေကြီးပဲ။

-ဒီအခွေလေးနဲ့ပတ်သတ်ပြီး ဘယ်တွေမျှော်လင့်ထားလဲ။

အခွေနဲ့ပတ်သတ်ပြီးတော့ သီချင်းတစ်ပုဒ်ပေါက်တာ၊ အခွေတစ်ခွေပေါက်တယ်ဆိုတာ က အဆိုတော်ရဲ့ကံတွေနဲ့လဲဆိုင်သေးတယ်လေ။ အဓိက ကကျွန်တော့် အကြိုက်နဲ့ပရိသတ်အကြိုက်ကို အချိုးတူရောစပ်ထားတယ်။ ပရိသတ်ရဲ့ အားပေးမှုနဲ့ ကျွန်တော်ရဲ့ ကံနဲ့ဆိုင်နေတဲ့အတွက် ယုံကြည်မှုတော့ရှိတယ်။ ဒါပေမဲ့ မနက်ဖြန်ဘာဖြစ်မလဲဆိုတာ မသိသေးတဲ့အတွက် သေချာမပြောနိုင်သေးပါဘူး။

-အခွေလေးနဲ့ပတ်သတ်ပြီး အစ်ကို့ရဲ့ မိသားစုကရော ဘယ်လောက်အတိုင်းအတာထိပံ့ပိုးပေးလဲ။

ပံ့ပိုးပေးပါတယ်။ ဟိုးအရင်ကတည်းက အိမ်ကစီးပွားရေးလုပ်စေချင်ပေမယ့် ကျွန်တော်က မလုပ်ပဲ သီချင်းကိုပဲ အာရုံစိုက်ပြီးလုပ်ခဲ့တာပေါ့နော်။ သူတို့လဲပြောမရလို့မပြောတော့တာပေါ့နော် ။ ကျွန်တော့်အတွက်လိုအပ်တဲ့ ဘယ်အရာမဆို သူတို့က လုပ်ပေးပါတယ်။

-တစ်ကိုယ်တော်တစ်ခွေလုံးကို အစ်ကိုပဲရေးထားတာလား။

ဟုတ်ကဲ့။ ကျွန်တော်ပဲရေးတာပါ။ Featuring တွေကသာ သူတို့ဆိုတဲ့အပိုဒ်သူတို့ရေးတာပေါ့နော် ။ ကျန်တာကတော့ ကျွန်တော်ပဲရေးထားတာပါ။

-အခုခေတ်မှာဆို ခိုးကူးတွေကြောင့် အခွေတစ်ခွေထုတ်ဖို့ဆိုတာခက်ခဲတယ်ပေါ့နော်။ အစ်ကိုကရော ဘယ်လိုယုံကြည်ချက်နဲ့အခွေထုတ်ဖြစ်တာလဲ။

ကျွန်တော်မှမဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက ခိုးကူးကြောင့်အဆိုတော်တွေက ဘ၀ပျက်လုနီးပါးဖြစ်နေပါပြီ။ ပရိုဂျူဆာတွေဆိုလဲမရှိတော့ပါဘူး။ နောက်ပိုင်းအဆိုတော်တွေက ကိုယ့်ပိုက်ဆံနဲ့ကိုယ်ရင်းပြီးအရဲစွန့်ထုတ်ကြတယ်။ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ တခြားးသူတွေကလဲ ခိုးကူးတွေ၊ Download တွေကို မကြောက်မရွံ့ပဲနဲ့ ထုတ်နေကြတဲ့အတွက် ကျွန်တော်လဲ လူထဲကလူတစ်ယောက်ဖြစ်တဲ့အတွက် သိပ်မစိုးရိမ်ဘူး။ မကြောက်တော့ပါဘူး။ အဓိက က ကိုယ့်အခွေလေးသူတို့လက်ထဲရောက်ပြီး သူတို့ကြိုက်ကြတယ်ဆိုရင်တော့ကျေနပ်ပါတယ်။ အနုပညာအရမြတ်ရင်ကျေနပ်ပါပြီ။

-ဒီအခွေလေးကိုရော ဗီစီဒီရိုက်ဦးမှာလား။

ပရိသတ်တွေက စီဒီထက်၊ ဗီစီဒီကို ပိုကြိုက်ကြတာဆိုတော့ ၁၀၀မှာ ၈၀လောက်က ကြိုက်ကြတယ်ဆိုတော့ မြန်မာပြည်မှာရှိနေတဲ့ ထုံးတမ်းစဉ်လာကိုတော့ ဖျက်လို့မရဘူးပေါ့နော်။ ကျွန်တော်လောလောဆယ် စီဒီထွက်မယ်။ ပြီးတော့မှ ဗီစီဒီရိုက်မှာပါ။

-ပရိသတ်ကြီးကို ဒီအခွေလေးနဲ့ပတ်သတ်ပြီးဖြည့်စွက်ပြောချင်တာလေးတွေရှိရင်ပြောပြပေးပါဦး။

ရှေ့လထဲမှာ ထွက်နိုင်အောင်ကြိုးစားနေပါတယ်။ အားလုံးတော့ပြီးသွားပြီ။ အဓိကက ပရိုမိုးရှင်းအတွက် နေရာတွေမပြောရသေးတာရယ်၊ ထွက်မယ့်ရက် မသတ်မှတ်ရသေးတာရယ်ကြောင့် စောင့်နေတာပါ။ အခွေထွက်လာလို့ရှိရင်လဲ ဒီထက်ပိုပြီးအားပေးပါ။ အခုချိန်ထိအားပေးနေတဲ့ လူနည်းစုပရိသတ်တွေရော၊ တခြားပရိသတ်တွေရော ၊အခွေထွက်လာရင်ထပ်မံပြီးတိုးပွားလာမယ့် ရိသတ်တွေရော ကျွန်တော့ကို အားပေးပေးပါလို့ပြောချင်ပါတယ်။

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.