သံယောဇဉ် ဆိုရာဝယ်

10301593_689415004457480_7429864357216474535_n.jpg

ကန်ရေပြင်ကို ငေးနေမိတယ်။ အရင်လို ဖြတ်တိုက်လာတဲ့ လေပြေလေညှင်းက မအေးတော့တာ အမှန်ပဲ။ မြသွေး ဘယ်တွေသွား ဘာတွေလုပ်နေလဲ။ အတွေးနဲ့တောင် မ၀ံ့မရဲ။ ကိုယ်ထိုင်နေတဲ့ ဘေးမလှမ်းမကမ်းနားမှာ ကြော်နေတဲ့ ဗူးသီးကြော်သည် အဒေါ်ကြီးကိုမြင်တော့ မြသွေးကို ပိုသတိရတယ်။ အရင်အခါတွေ မြသွေးနဲ့အတူလာတိုင်း ဗူးသီးကြော်အ၀စားပြီးမှ ကန်ဘေးတစ်လျှောက် လမ်းလျှောက်ကြမယ်လို့ အမြဲအဖော်ညှိတာ ခံဖူးတယ်။ အိမ်ပြန်ရောက်ရင် ဘာစာမှ မကျက်တော့ပဲ တန်းအိပ်ပစ်လိုက်တော့မယ်လို့ ပြောဖူးတာလည်း အမှတ်ရနေမိတာပဲ။ မြသွေး နင်ဘယ်များရောက်နေလဲ ညီမလေးရယ်။

 

ကျော်ညိုနဲ့ မြသွေးဆိုတာ ခြေရင်းအိမ်၊ ခေါင်းရင်းအိမ် နေလာကြတာ။ မြသွေးအမေနဲ့ ကျော်ညိုတို့အဒေါ်ဆိုတာ ရပ်ကွက်ထဲမှာ ရပ်ကွက်မျက်နှာဖုံးတွေ။ တစ်ယောက်မရှိချိန် တစ်ယောက်ချေးကြ၊ ငှားကြ၊ အတင်းပြောဖော်ပြောဖက်။ ဒီတော့ ကျော်ညိုနဲ့ မြသွေးတို့ ခုလို တရင်းတနှီးခင်တာမင်လာတာလည်း ဘာမှမဆန်း။ မြသွေးတို့အိမ်မှာ အန်တီမေလို့ ခေါ်တဲ့ မြသွေးအမေရယ်၊ မြအေးဆိုတဲ့ မြသွေးထက် နှစ်နှစ်ငယ်တဲ့ ညီမလေးရယ် စုစုပေါင်းမှ မိန်းမသား သုံးယောက်တည်း။ အန်တီမေက ဈေးထဲမှာ အထည်ဆိုင် ဖွင့်ထားတယ်။ မြသွေးနဲ့ မြအေးကိုတော့ အိမ်မှာ အချုပ်အလုပ်ကို ဖင်ထိုင်ကျကျ လုပ်စေချင်တယ်။ အပ်ချုပ်စက်လေေးတွနဲ့ ညီအစ်မနှစ်ယောက် အလုပ်ရှုပ်နေပြီဆို အန်တီမေက သိပ်ကျေနပ်တာ။ ယောင်္ကျားဆုံးပါးသွားပြီးကတည်းက သမီးတွေမျက်နှာကို ကြည့်ပြီး နောက်အိမ်ထောင်ထပ်မပြုတော့ပဲ ငွေကိုသာ ကုန်းရန်းရှာတော့ တယ်။ မြသွေး ဘွဲ့ရရင်ဆိုတဲ့ အပျော်နဲ့ အန်တီမေခမျာ တကယ့်ကို ကြည်ကြည်နူးနူး။ သူကိုယ်တိုင်ကဘွဲ့မရခင် ယောင်္ကျားနောက်လိုက်ပြေးဖူးခဲ့သူမို့ ကိုယ့်သမီးတွေကို ပညာတတ်ဘွဲ့ရဖြစ်စေချင်တယ်။ မြသွေးကတော့ ပညာရေးထက် စီးပွားရေးကို ပိုတွေးတယ်။ ငယ်ငယ်ကတည်းက တိုက်တွေ၊ ကားတွေနဲ့ နေချင်တယ်။ လူဝင်ဆန့်အောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာတွေကို လေ့လာတယ်။ ပညာတတ်ပြီး ထမင်းငတ်နေတဲ့သူတွေ တပုံကြီးလို့ ပညာတတ်ဖြစ်အောင်လုပ်ဖို့ အန်တီမေက ပြောတိုင်း သူက ပြန်ပြန်ခံပက်တတ်တယ်။

 

"အစ်ကိုပဲ စဉ်းစားကြည့် မြသွေး မှားသလား။ အစ်ကိုဆိုလည်း ဘွဲ့ရနေပြီ၊ အလုပ်ရနေပြီပဲ ဘာများ စုမိဆောင်းမိလို့လဲ။ မြသွေးကတော့ စက်ကလေးချုပ် တကုပ်ကုပ်နဲ့ ခါးညောင်း ခြေညောင်း ဘ၀ကြီးကို မုန်းတယ်။ အမေက ဘွဲ့ရပြီးရင်လည်း ဒီအလုပ်ပဲ လုပ်ရမယ်တဲ့။ သူကဆိုင်ထိုင်မယ်။ မြသွေးတို့က အိမ်မှာစက်ကလေးချုပ်ပြီး အေးအေးချမ်းချမ်းနေမယ်တဲ့။ မြသွေးတော့ ဘ၀ကို  ဒီလိုကြီး မသွားချင်ပါဘူး။ တခြားသင်တန်းတွေ တက်မယ်ဆိုတော့လည်း တက်ရင်ထားပေးမယ် ဒါပေမယ့် စက်ပဲချုပ်ရမယ်တဲ့လေ"လို့ တပြစ်တောက်တောက် အမြဲဆိုတယ်။

 

ရည်ရွယ်ရာကို စိတ်ထဲရှိ၊ ရှိတဲ့အတိုင်း မြသွေးပြောတတ်တာ ကျွန်တော် သဘောကျတယ်။ အိမ်ကအဒေါ်တွေကတော့ မြသွေးရဲ့ နေထိုင်ပုံ၊ ပြောပုံဆိုပေါက်တွေကို သဘောမကျဘူးလို့ ပြောတယ်။ အဲ့ကောင်မလေး သိပ်ရဲတယ်တဲ့။

 

မြသွေးကို ဘာလုပ်ချင်တာလဲ၊ ဘာဖြစ်ချင်တာလဲလို့ မေးကြည့်တော့ သူက ချမ်းသာချင်တာပါပဲ လို့ သွားလေးဖြဲဖြဲပြီးဆိုတတ်တယ်။ ညနေ ကျွန်တော်ရုံးအားရင် သူနဲ့ ချိန်းပြီး လျှောက်လည်တယ်။ မောင်နှမတွေလို နေလာခဲ့တာဆိုတော့ တစ်ဦးနဲ့တစ်ဦး သာမန်သံယောဇဉ်ထက် မပိုဘူး။ ညီမလေးလို စောင့်ရှောက်တယ်။ သူဖြစ်ချင်တာတွေ နားထောင်ပေးတယ်။ ကျွန်တော်ကလည်း အစကတည်းက ခပ်အေးအေးသမားဆိုတော့ နားထောင်ပေးရုံမှတပါး မြသွေးလိုချင်တဲ့ အကြံဥာဏ်တွေ မပေးတတ်ပြန်ဘူး။

 

မြသွေးက ခေတ်ဆန်ဆန်လေးတွေ ၀တ်ဆင်တတ်တယ်။ ကိုယ်လုံးကိုယ်ထည် အရမ်းကြီး မဖွံ့ထွားပေမယ့် ကြည့်လို့ကောင်းတဲ့ အနေတော် ခန္ဓာကိုယ်မျိုးပေါ့။ ဆံပင်က ပခုံးကျော်ကျော်လောက် အရှည်ကို အညိုရောင်ဆိုးထားတယ်။ လှိုင်းတွန့်ဆံပင်သားကို မဖြောင့်ပဲထားတယ်။ မြသွေးကို ရပ်ကွက်ထဲက ကောင်လေးတွေ သဘောကျကြတယ်။ မြသွေးနဲ့ ကျွန်တော် အပြင်သွားရင် ကျွန်တော့်ကို စောင်းမြောင်းပြောဆိုလေ့ရှိတယ်။ မြသွေးက ဒါတွေ ဂရုစိုက်မနေနဲ့လို့ ပြောပေမယ့် ကျွန်တော်ကတော့ ခပ်နာနာရယ်။ အပြောအဆို မခံချင်ဘူး။ တစ်ခါတစ်လေ အဒေါ်တွေကတောင် မြသွေးနဲ့ မင်း ရိုးရိုးပဲမလားလို့ ဘာလိုလို ညာလိုလို မေးလာတဲ့နောက်ပိုင်း ကျွန်တော် အကြောင်းအမျိုးမျိုးပြပြီး မြသွေးနဲ့ အရင်လို လျှောက်မလည်ဖြစ်တော့ဘူး။

 

"အစ်ကိုလည်း မြသွေးကို မကောင်းဘူး။ မြသွေးမှာ သူငယ်ချင်းရယ်လို့လည်း သတ်သတ်မှတ်မှတ်မရှိတာလည်း အစ်ကိုအသိပဲ။ အစ်ကို့ကိုပဲ သူငယ်ချင်းလို၊ အစ်ကိုလို ပေါင်းလာခဲ့ရတာ။ အစ်ကိုကပါ မြသွေးကို ရှောင်ဖယ်ဖယ်လုပ်လာတော့ မြသွေး ရည်းစားထားပစ်လိုက်ရ ကောင်းမလားလို့" အိမ်လာတိုင်း စိတ်မကောင်းဟန်အပြည့်နဲ့ ပြောတယ်။

 

မြသွေးဟာ ပုန်ကန်ထကြွတတ်တဲ့စိတ်မျိုး ရှိဖူးတာ သူ ဆယ်တန်းတက်တုန်းက တစ်ခါ ကျွန်တော် သတိပြုမိတယ်။ ရွဲ့တတ်တာမျိုးပေါ့။ အိမ်က စာမလုပ်လို့ ဆူတိုင်း လပတ်စာမေးပွဲတွေမှာ သုညရအောင် ဖြေတယ်။ စာတစ်လုံးမှ မကျက်ပဲ အမေကို ဂျစ်ကန်ကန်နေပြတယ်။ သူ့ကိုဖိလို့ မရဘူး။ အဲ့ဒီဆယ်တန်းတုန်းကပဲ အပျော်ရည်းစားတစ်ခါ ထားဖူးတယ်။ တစ်ပတ်လောက်ပဲလို့ မြသွေးကတော့ ပြောတာပဲ။ အဲ့ဒါလည်း ရွဲ့တာတဲ့။

 

"မြသွေး လိမ္မာအောင် နေတတ်ထိုင်တတ်တယ်။ ကိုယ့်အမေသဘောကျအောင်လည်း နေနေတာပဲ။ ဒီလိုနေနေပါရဲ့နဲ့ ဆူပူတာတော့ မြသွေး လက်မခံနိုင်ဘူး။ သိပ်စိတ်ပျက်တယ်။ အဲ့ဒီလိုအချိန်မျိုးဆို လုပ်ချင်ရာ လုပ်လိုက်မိရော။ ပြီးရင်တော့ ငါမှားပြီလားလို့ တွေးမိပါတယ်။ တွေးမိလိုက်တဲ့ အချိန် မြသွေးအတွက် အချိန်နှောင်းသွားပြီ။ အဲ့ဒါအမြဲပဲ။ အမေကလည်း ခက်တယ်။ မြသွေးဖြစ်ချင်တာတွေကို မသိဘူး။ ပြောလည်း လက်မခံဘူး။" လို့ ကျွန်တော့်ကို ရင်ဖွင့်တယ်။

 

မြသွေးနဲ့ကျွန်တော် အရင်လို နီးနီးကပ်ကပ်မရှိတော့ပေမယ့် မြသွေးဘာတွေလုပ်နေတယ်၊ ဘယ်တွေသွားပြန်ပြီဆိုတာတွေကိုတော့ နေ့စဉ်နေ့တိုင်းကို အဒေါ်တွေဆီက ကြားတယ်။ အနီးကပ် တက်နေတုန်း ကောင်လေးတစ်ယောက်နဲ့ အီစီကလီ လုပ်နေလို့ အန်တီမေက ဆူပူနေရတယ်တဲ့။ အငယ်မလေး မြအေးကို မြသွေးခြေရာလိုက်နင်းမှာကို စိုးနေတယ်လို့လည်း ပြောတာကြားရတယ်။ တစ်ခါတစ်လေ အန်တီမေ့ရဲ့ အုပ်ချုပ်မှုကလည်း လိုတယ်။ မြသွေးကို စွတ်ပြီးပြောဆိုနေရင် အချိန်ကြာတာနဲ့အမျှ စိတ်ညစ်စရာတွေ ပိုဖြစ်လာမယ်။ မြသွေးစိတ်နဲ့ အန်တီမေလည်း ရူးမှာပဲ။

 

"မြသွေး ရည်းစားနဲ့ပြတ်သွားပြီ။ မြသွေးစိတ်နဲ့တော့ မဖြစ်ပါဘူး။ မြသွေးက ပေးတဲ့ကတိကို တည်အောင်နေမှ ကြိုက်တယ်။ ကတိမတည်တဲ့ ယောင်္ကျားဟာ ကိုယ်ကျင့်တရား လည်း ကောင်းချင်မှကောင်းလိမ့်မယ်။ မြသွေးအယုံအကြည်မရှိဘူး။ ကတိခဏခဏ ဖျက်တဲ့ယောင်္ကျားမျိုးမို့လို့ မြသွေးဖြတ်လိုက်တာ။ တစ်ခါတစ်လေကျတော့လည်း ကိုယ့်စံနှုန်းနဲ့ ညီတဲ့ ယောင်္ကျားမှ ရှိသေးရဲ့လားလို့ တွေးမိတယ်" လို့ ကျွန်တော့်ကို ပြောတယ်။ ဒီတစ်ခါ ရည်းစားထားမယ်လို့ တွေးရင် သေသေချာချာ စဉ်းစားဦး၊ ပြီးမှတွဲပေါ့ လို့ ကျွန်တော်ပြောတော့ "ဟုတ်တယ် မြသွေးမှာ အချိန်မရှိတော့ဘူး။ မြသွေးသေသေချာချာ စဉ်းစားမှ ရတော့မယ်။ ဒီတစ်ခါထားရင်တော့ အပိုင်တွက်မှဖြစ်မယ်"လို့ ပြောပြန်တယ်။

 

မြသွေးဘာတွေများ တွေးနေသလဲ ကျွန်တော်လည်း မစဉ်းစားတတ်တော့ဘူး။ အချိန်မရှိတာတွေရော၊ အပိုင်တွက်မှာတွေရော။ အဲ့ဒီနောက်ပိုင်း မြသွေးနဲ့ တွေ့ဖြစ်တဲ့အချိန် နည်းလာတယ်။ ကျွန်တော်ကလည်း ရုံးအလုပ်နဲ့ နယ်သွားလိုက်၊ ပြန်လာလိုက်ဖြစ်လာတာလည်း ပါတယ်။ မြသွေးအိမ်လာချိန်ဆိုရင်လည်း ကျွန်တော်နဲ့ လွဲလွဲနေပြန်ရော။ ဒီလိုနဲ့ အရင်ထက် အပ်ထည်ပိုများလာလို့ အလုပ်တွေပိုရှုပ်နေတဲ့ မြသွေးက သူ့အားရက် စနေနေ့ဆိုလည်းမအား အပြင်သွားရသေးတာမို့ ကျွန်တော်တို့ နှစ်ယောက် အရင်လို ဆုံပြီး စကားတွေ မပြောဖြစ်တာ လနဲ့ကို ချီလာပါရော။

 

တစ်မနက်မှာတော့ အဒေါ်တွေရဲ့ ဆူဆူညံညံအသံတွေကြောင့် မြသွေး လင်နောက်လိုက်ပြေးသွားမှန်း သိလိုက်ရတယ်။ ညကတည်းက ပြန်မလာတာ ခုချိန်ထိဆိုတော့ အန်တီမေတော့ ခေါင်းမီးတောက်နေပြီပေါ့။ တငိုငိုတရီရီဖြစ်နေတဲ့ အန်တီမေ့ခမျာ သူ့သမီးထားခဲ့တဲ့ စာလေးကို ဖတ်ရင်း ပါးစပ်ကလည်း မနားတမ်း သမီးမိုက် သမီးမိုက် ဆိုတာကို ပါးစပ်ကကို မချပါဘူး။ အဒေါ်တွေကလည်း မီးလောင်ရာလေပင့် သွားသွားမြှောက်ပေးနေပြန်တော့ ကျွန်တော်လည်း မြသွေးတို့ အိမ်ဘက်ကို မကူးမဖြစ် ကူးလိုက်ရရော။

 

"မောင်ကျော်ညို မင်းညီမ လုပ်သွားပုံကိုကြည့်ဦး။ သူလင်နောက်လိုက်သွားတဲ့ အကောင်က မိန်းမရှိတယ်။ ကွာရှင်းစာချုပ်လက်မှတ်ထိုးထားပေမယ့် အရှုပ်အရှင်းတွေက ရှိနေတာ သိသိရဲ့နဲ့ လုပ်တာ။ ငါအထပ်ထပ်အခါခါ ပြောတယ်။ ဒါမျိုးတွေ မလုပ်ပါနဲ့လို့။ ခွေးထက်ကို မိုက်တာ။ အမေလုပ်သူက အဟုတ်ပြောရင် ဘယ်တော့မှ နားမ၀င်ဘူး။ ခုလည်း မနေ့တနေ့က ငါက ဆူလိုက်မိတယ်ဟယ်။ ငါ့စကား နားမထောင်ရင် ငါ့အိမ်မှာ မနေနဲ့။ ကိုယ့်လမ်းကိုယ်လျှောက်လို့။ ဒင်းက တကယ်လုပ်ပြသွားတာ။ ရေးသွားတဲ့ စာကိုလည်း ကြည့်ဦး ကိုယ့်လမ်းကိုယ်လျှောက်ဖို့ ဒီနေ့ပဲ ကိုယ့်လမ်းကိုယ်စဖောက်ပါပြီဆိုပဲ။ ဟမ်မလေး ငါ တကယ်စိတ်ဆင်းရဲတယ်။ မြသွေး မြသွေး …။ အေး မြအေး နင်လည်း ကြည့်နေကြည့်စား။ အဲ့ဟာမလိုလုပ်ရင် ငါတကယ်နင့်ကိုသတ်မှာ"။

 

ဘေးနားက ကုတ်လေးပုနေတဲ့ မြအေးကို ကြည့်ပြီး ကျွန်တော် စိတ်မကောင်း။ အန်တီမေရဲ့ တယူသန်အပြောအဆိုနဲ့လုပ်ရပ်တစ်ချို့က မြသွေးကို ပိတ်လှောင်ခဲ့တာများလား။ ဒါမှမဟုတ် မြသွေးဘယ်လိုအကျင့်စရိုက်ရှိတယ်ဆိုတာ ကျွန်တော့်လောက်တောင် မသိတာများလားလို့ မေးလိုက်ချင်တယ်။

 

မြသွေးသတင်း ဘာမှမကြားရဘူး။ နေကောင်းလား။ သူ့ယောင်္ကျားနဲ့ရော အဆင်ပြေသလား။ သုံးလလောက်အထိ အန်တီမေ့ ခမျာလည်း လူးလူးလိမ့်လိမ့်ပဲ။ အဲ တစ်ရက်မှာတော့ မြသွေးအသံဟာ ကျွန်တော့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကိုရောက်လာ။ "အစ်ကိုလား.. မြသွေး အစ်ကို့ကို အိပ်မက်တွေ မက်နေမိလို့။ မြသွေး အဆင်ပြေပါတယ်။ ပြေအောင်လည်း နေပါတယ်။ မပြေရင်တော့ မြသွေး စိတ်ရှိသလိုပဲ လုပ်လိုက်တော့မှာ။ ယောင်္ကျားက မြသွေးနဲ့အမြဲတော့ အတူမရှိဘူး။ တစ်ပတ်တစ်ခါ လောက်တော့ လာပါတယ်။ ကျန်တဲ့အချိန်တွေ မြသွေးတစ်ယောက်တည်းပဲ။ လုပ်စရာတော့ ထွေထွေထူးထူး မရှိဘူး။ မြသွေး ဖုန်းဆက်တဲ့အကြောင်းတော့ အမေ့ကို မပြောပါနဲ့တော့။ မင်္ဂလာပွဲကျင်းပဖြစ်ရင် အမေ့ဆီလာမလို့ပဲ။ ခု မင်္ဂလာပွဲကလည်း မကျိန်းသေသေးဘူး။ အစ်ကို့ကို တွေ့ချင်သေးတယ်။ ညီမလည်း မကြာခဏ ဖျားဖျားနေလို့။" အစရှိတာတွေကို တောင်စဉ်ရေမရ ပြောဆိုသွားပြီး ဖုန်းကို ချသွားပါလေရော။ နောက်ပိုင်း သူဖုန်းဆက်မယ်လို့လည်း ပြောသွားသေးတယ်။ သူ့ဆီဖုန်းမဆက်ဖို့ လည်း အတန်တန်မှာတာကြောင့် ကျွန်တော်လည်း သံသယတွေ ပိုပိုများလာတယ်။

 

ဒီကြားထဲ အန်တီမေရဲ့ နားထဲကို မြသွေးရဲ့ တစ်ချို့ကိစ္စ ရောက်သွားတဲ့အခါ အန်တီမေ နာမကျန်းဖြစ်တယ်။ မြအေးခမျာလည်း အမေကို ပြုစုရ၊ အထည်ဆိုင်ပြေးရ၊ အပ်ထည်တွေ ပြန်လက်ခံရနဲ့ ပင်ပန်းရှာတယ်။ မြသွေး ကိုယ်ဝန်ရှိနေပြီလို့ အဒေါ်တွေ ပြောတော့ ကျွန်တော် မျက်လုံးအ၀ိုင်းသား ဖြစ်သွားတယ်။ ဘယ်ကသိလာတာလဲလို့ မေးတော့ ရပ်ကွက်ထဲက အသိတစ်ယောက်က တွေ့ခဲ့တာတဲ့။ ကျွန်တော် မယုံချင်ဘူး။ ဖြစ်နိုင်ပါ့မလား။

 

ကျွန်တော့်ဆီ မြသွေးထပ်ဖုန်းဆက်တော့ ငိုသံကြီးနဲ့။ မြသွေးကလေးမီးဖွားတော့မယ်ဆိုတဲ့အကြောင်း၊ မပျော်ဘူးဆိုတာလည်း ပါသေးတယ်။ ကလေးမီးဖွားပြီးရင် မြသွေးနဲ့ သူ့ယောင်္ကျားနဲ့ ကွာရှင်းတော့မှာတဲ့။ တွေ့မှပြောမယ်လို့ ငိုသံနဲ့ပြောတယ်။ အစ်ကို့ကို အရမ်းသတိရတယ်လို့လည်း ဆိုသွားပြန်တယ်။ ကျွန်တော် စိတ်မအေးဘူး။ ဘာတွေဖြစ်နေမှန်းမသိတော့ ကျွန်တော်ဘာကိုစိတ်ပူရမှန်းလည်း မသိပြန်ဘူး။ အန်တီမေ့ကို အသိပေးရင် သွေးတက်တာတွေ ဘာတွေဖြစ်သွားနိုင်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်မိတယ်။ ကိုယ့် ချစ်သူလည်း မဟုတ်၊ ကိုယ့်ရည်းစားလည်း မဟုတ်တဲ့ မိန်းကလေးတစ်ယောက်အတွက် ကျွန်တော့်စိတ်ပူတာက နေ့ရောညပါပဲ။

 

ခုတလော ညတိုင်း မြသွေးကို အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ မြသွေးက ပျော်ရွှင်နေတတ်တယ်။ ၀တ်ကောင်းစားလှတွေနဲ့။ သူသိပ်ကြိုက်တဲ့ ရပ်ကွက်ထဲ စီးလို့မရဘူးဆိုတဲ့ Heel အမြင့်ကြီးကိုလည်း ခြေထောက်မှာ စီးထားသေးတယ်။ မြသွေးမျက်နှာမှာ မျက်ရည်စတွေ မရှိဘူး။ ကိုယ်ဝန်လွယ်မထားဘူး။ မြသွေး ရယ်မောနေတယ်။ အစ်ကို ဆိုတာကိုလည်း ပါးစပ်က မချပဲ တတွတ်တွတ် အော်ခေါ်နေတယ်။ ကျွန်တော်သူ့ဆီ ရောက်မသွားဘူး။ ကျွန်တော် ခြေထောက်တွေ လှမ်းတယ်။ မြသွေးဆီကို လှမ်းတယ်။ ဘယ်လိုမှ မရောက်ဘူး။  ပင်ပန်းလိုက်တာ။ အိပ်မက်ထဲမှာရော၊ အိပ်မက်ကနိုးလာတဲ့အချိန်မှာရော။

 

မြသွေး မီးဖွားပြီးသွားပြီလား သိချင်မိတယ်။ ဒီရက်တွေ ကျွန်တော် စိတ်ထင့်နေလို့။ အိပ်မက်တွေကြောင့် မြသွေးဖုန်းကို ပိုမျှော်မိတယ်။ ရုံးမှာလည်း စိတ်မပါလက်မပါနဲ့ အလုပ်လုပ်နေရတယ်။ ဖုန်းကို တကြည့်ကြည့်နဲ့။ အမှန်ဆို မြသွေး ဖုန်းခေါ်သင့်နေပြီ။ နောက်ဆုံး ဖုန်းဆက်တဲ့အချိန်နဲ့ တွက်ရင် မြသွေး မီးဖွားပြီးလောက်ပြီလေ။ ကျွန်တော် ဟန်ဆောင်မနေတော့ဘူး။ မြသွေး ဖုန်းကို ကောက်နှိပ်လိုက်တယ်။ တစ်ခါဆက် ဖုန်းတစ်လုံး ဆိုပေမယ့် တစ်လုံးမဟုတ် တစ်လုံးတော့ မြသွေးအသံလေး ကြားရအောင် စွမ်းဆောင်ပေးနိုင်ပါရဲ့။

 

ဖုန်းတစ်လုံးက ဖြေတယ်။ မြသွေး ဆိုတာ ဘယ်သူလဲတဲ့။ အမျိုးသမီးသံပဲ။ ကျွန်တော်တောင် ပြန်ကြောင်သွားတယ်။ ဘယ်လိုဆက်မေးရမှန်း မသိတော့ဘူး။ နောက်တစ်လုံးက ဖုန်းမကိုင်ဘူး။ သက်ပြင်းခပ်ရှည်ရှည် မှုတ်ထုတ်ရင်း ကျွန်တော် အိမ်ပြန်တယ်။ မိုးတွင်းမို့လို့ ရပ်ကွက်ထဲ ဗွက်တွေ ပေါက်နေပြီ။ မြသွေးဆိုရင် မိုးရာသီ ရွှံ့တွေနဲ့ အဆင်မပြေပါဘူးလို့ ပြောဦးမယ်။ လိုင်းကားစီးတော့ ကားပိတ်တာကတကြောင်း၊ ရပ်ကွက်ထဲ လမ်းလျှောက်ဝင်ရသေးတယ်ဆိုတော့ မှောင်စတောင် ပြုနေပြီ။ မြသွေး အိမ်နားရောက်တော့ စိတ်ကထင့်ပြန်ရော။ အော် ငါ့နှယ်လို့ ကိုယ့်ကိုယ်ကိုယ် ရေရွတ်မိလိုက်တယ်။ မြသွေးအိမ်ရှေ့ရောက်တော့ အိမ်ထဲ တစ်ချက်ကြည့်လိုက်မိတယ်။ တိတ်တိတ်ဆိတ်ဆိတ်ပဲ။ အဲ့ဒီလို ပုံမှန်မဟုတ် တိတ်ဆိတ်နေကာမှ စိတ်ထဲ မသိုးမသန့်ပိုဖြစ်မိသလိုလို။ အမှတ်မထင်ပဲ သက်ပြင်းချသံကြားတယ်။ မြသွေးရဲ့ သက်ပြင်းသံလိုလို။ ကြက်သီးဖြန်းခနဲထမိပေမယ့် ငါဟာ အတော်ကို ရူးနေပါရောလားလို့ တွေးမိတယ်။ ကျွန်တော်တို့ အိမ်ရှေ့နားရောက်တော့ မွှေးပျံ့တဲ့ ရနံ့တစ်ခုကို ရတယ်။ မြသွေး ဆွတ်နေကျ ရေမွှေးနံ့။ ကျွန်တော် ဘေးဘီလိုက်ကြည့်မိတယ်။ မြသွေးများ ရောက်နေတာလား။ ကျွန်တော့်ခြေလှမ်းတွေ လေးတိလေးကန်။ ခြံတံခါးတွန်းဖွင့်တဲ့အထိလည်း ဒီအတိုင်းပဲ။ ရေမွှေးနံ့လေး ရနေတုန်း။ အော် မြသွေးရယ်။ ငါနင့်ကို တော်တော်သံယောဇဉ်ကြီးတယ်။ ငါ့ကိုယ်ငါလည်း သိပ်စိတ်ပျက်လှပြီ။ နင်နေကောင်းလား သိရင် ငါ ဘာမှ စိတ်ပူမိတော့မှာ မဟုတ်ဘူး။ အေးချမ်းသွားပြီလို့ အရူးလိုလို ဆိုမိပြန်တယ်။ အဒေါ်တွေ မြင်၇င် ကျွန်တော့်ကိုပါ အရူးလို ထင်ဦးမယ်။

 

အိမ်ထဲဝင်လိုက်တော့ အဒေါ်တွေက ပျက်ယွင်းနေတဲ့ မျက်နှာတွေနဲ့ ကျွန်တော့်ကို ကြိုတယ်။ အဒေါ်အပျိုကြီးတွေ ကျွန်တော် မြသွေးနဲ့ အဆက်အသွယ်ရှိနေတာ သိနေကြပုံပဲ။ ကျွန်တော့်မှာလည်း အပြစ်ဆိုလို့ ဒါလေးလျှို့ဝှက်ထားတာ တစ်ခုပဲရှိတာ။ "ကြီးမေတို့ဘာဖြစ်နေကြတာလဲ" လို့ ကျွန်တော်မေးတော့ ကြီးမေက ကျွန်တော့်ကို ကြည့်ပြီး စိတ်ခိုင်ခိုင်ထားနော်တဲ့။ ကျွန်တော် ထင်တဲ့ကိစ္စမဟုတ်မှန်း သိလိုက်ရပြီ။ ဘာများဖြစ်လို့လဲ။ အဒေါ်နှစ်ယောက်စလုံး နှစ်လုံးထီ၊ သုံးလုံးကိစ္စကြောင့် အရင်လို ကျွန်တော့်ဘဏ်ကတ်ထဲက ပိုက်ဆံတွေ ယူဖို့ ကိစ္စပြောမလို့လား။ ဒါမှမဟုတ် နယ်က ဘကြီးများ တစ်ခုခုဖြစ်လို့လား။ ကျွန်တော်ခေါင်းခြောက်သွားတယ်။ အဲ့ဒီအချိန် အဒေါ်ငယ်က လှမ်းပြောတယ်။

 

"နင့် မြသွေး ဆုံးပြီတဲ့"

 

နင့် မြသွေး၊ နင့်မြသွေး …..။ ကျွန်တော် ပူထူသွားတယ်။ တစ်ချိန်တည်းမှာ ကျွန်တော် အေးစက်သွားတယ်။ အာခေါင်ခြောက်တယ်။ ပြီးတော့ ကျွန်တော် တော်တော်လေး ကြောက်သွားတယ်။

 

"ကျွန်တာ် ညက သူ့ကို အိပ်မက်မက်နေသေးတာ။ ကျွန်တော် ညတိုင်းနီးပါး သူ့ကို အိပ်မက်တွေ မက်နေတာ" လို့ ကယောင်ကတန်း ရွတ်လိုက်တော့ ကြီးမေက ထပ်ပြီး ကလေးရော၊ အမေရော ဆုံးတာတဲ့။ ဆုံးတော့ သူ့အနားမှာ ဘယ်သူမှ မရှိဘူးတဲ့။ သူနာပြုတွေပြောတော့ မင်းနာမည်ကိုလည်း ရွတ်သွားသေးတယ်တဲ့။…. တဲ့…။ တဲ့။ ကျွန်တော် ဘာမှမကြားတော့ဘူး။ မကြားချင်တော့ဘူး။ အသိစိတ်က လက်မခံနိုင်တာ့ဘူး။

 

ဒါပေမယ့် ကျွန်တော် တွေးလိုက်မိတ်ယ်။ ဖျတ်ခနဲ။ ခုနက ကျွန်တော် ရတဲ့ ရေမွှေးနံ့လေးက မြသွေးပေါ့။ မြသွေးရဲ့ သက်ပြင်းသံပေါ့။ မြသွေး ကျွန်တော့်ကို နှုတ်ဆက်သွားတာပေါ့။ မြသွေး မြသွေးရေ။

ကျွန်တော် မြသွေးအတွက် ငိုခဲ့ဖူးတာဆိုလို့ သူကိုယ်ဝန်ရတုန်းက ကျွန်တော့်ဆီ ဖုန်းဆက်တုန်းကတစ်ခေါက်ရယ်။ ခုတစ်ခေါက်ရယ်ပေါ့။ ကိုယ်ဝန်ရတုန်းက ကျတဲ့ မျက်ရည်က မြသွေးရဲ့ သိမ်ငယ်မှုအတွက် ခံစားရလွန်းလို့ ကျရတဲ့ မျက်ရည်။ တစ်စက်တည်းရယ်ပါ။ ခုတစ်ခေါက်တော့ ကျွန်တော့်မျက်ရည်က မြသွေးမဆုံးခင် ခံစားခဲ့ရတဲ့ ဝေဒနာ နာကျင်မှု တွေအတွက် ကျတဲ့မျက်ရည်။ တစ်သက်လုံး ခံစားနာကျင်သွားရမယ့် မျက်ရည်ရယ်ပါ။

 

ပုပ်အက်အက် အနံတစ်ခု့ကြောင့် ကျွန်တော် ခေါင်းမတ်သွားတယ်။ အဒေါ်တွေလည်း ဒီလိုပဲနေမယ်။ အသံတွေ တိတ်သွားတယ်။ သူတို့နှစ်ယောက် ဘုရားစင်ရှေ့ အလိုလိုရောက်သွားကြတယ်။ ကျွန်တော်ကတော့ သူကြားပါစေတော့လို့ ခပ်တိုးတိုးလေး ရေရွတ်လိုက်တယ်။

အော် ………မြသွေးရယ်

 

နင် ငါ့ ကို တော်တော်လေး သံ ယော ဇဉ် ရှိ ရှာ တယ် နော်

75 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.