ကျည်ဆံတွေ အစား ပန်းများပွင့်စေ ငါတို့ချစ်တဲ့ မြန်မာပြေ ကချင်စစ်ဘေးသင့်ကလေးများ အတွက် ရန်ပုံငွေဖျော်ဖြေပွဲကို (၈.၆.၁၄) ရက်နေ့က ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဖျော်ဖြေပွဲလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာ မကြာခင် ၃နှစ်ပြည့်တော့မှာမို့ စစ်ပွဲအရှိတွေ မြင့်တက်လာမှုကြောင့် စစ်ဘေးသင့်ပြည်သူအရေအတွက် ရုတ်တရက်တိုးပွားလာခဲ့ပြီး စစ်ဘေးရှောင်စခန်းတွေမှာ စားနပ်ရိက္ခာတွေ ပိုမိုလိုအပ်လာပါတယ်။ အခုလို မိုးဦးကျရာသီမှာဆို ကျန်းမာရေးနဲ့ အမိုးအကာကိစ္စဟာ ပိုမိုအရေးကြီးလာပြီး အထူးသဖြင့် ကလေးငယ်တွေ ပညာရေးအတွက် စိုးရိမ်ပူပန်ဖွယ်ရာ ဖြစ်တာကြောင့် ဒီအခက်အခဲကို တတ်နိုင်သမျှ ကူညီဖြေရှင်းဖို့အတွက် Generation Wave၊ JAM It!၊ Myanmar Poet Union နဲ့ INSTITUT FRANCAIS တို့ ပူးပေါင်းပြီး ခုလို ရန်ပုံငွေရှာဖွေရေးဂီတဖျော်ဖြေပွဲတစ်ခုကို ပြုလုပ်ကျင်းပဖြစ်ပါတယ်။
ဒီရန်ပုံငွေပွဲလေးကို ပရိသတ်တစ်ရာကျော် ၀င်ရောက် အားပေးကြည့်ရှုခဲ့ကြပြီး ပါဝင်ဖျော်ဖြေသူတွေကတော့ စောဖိုးခွား ၊ ကိုင်ဇာတင်မှုံ၊ ဝေကြီး ၊ LINNTH ၊DJ ET၊ SIDE EFFECT၊ NO U TRUN ၊ Y.A.K ၊ R.P.G ၊ ONE LOVE တို့ပဲဖြစ်ပါတယ်။ ပွဲမှာ အဆိုတော် တစ်ယောက်ကို ၄ပုဒ်စီဖျော်ဖြေခဲ့ပြီး မဖျော်ဖြေခင် ပွဲအစမှာတော့ ကဗျာဆရာတွေရဲ့ ကဗျာ ရွတ်ဆိုမှုတွေနဲ့ပွဲကို စတင်ခဲ့တာပါ။ မျှော်လင့်ထားတာထက် ပရိသတ်တွေ လာရောက်အားပေးခဲ့ကြတဲ့အပြင် အ၀တ်အထည်တွေ သာမက အလှူ ငွေ၆သိန်းကျော် ကောက်ခံရရှိခဲ့တယ်လို့သိရပါတယ်။
အရင်က ဒီလိုပွဲမျိုးကို တစ်ခါမှ စုပေါင်းမလုပ်ဖူးပေမဲ့ ဒီတစ်ကြိမ်ဟာ ပထမဆုံး ဖြစ်ပြီး နောက်လဲ ရန်ပုံငွေပွဲတွေကို ဆက်လုပ်သွားဖို့ရှိတယ်လို့လည်း JAM It! ရဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ဣဒ္ဓိကပြောပြသွားပါတယ်။