အလှအပပိုင်းရော ဖက်ရှင်ပိုင်းဆိုင်ရာမှာပါ အနုပညာရှင်တွေကြားမှာသာမက ပြည်သူတွေကြားမှာလည်း နာမည်ရလာတဲ့ Aroma (Zulu Studio)Wedding Studio & Photo Studio ကို ရောက်ရှိတဲ့အချိန်မှာ တာဝန်ရှိသူ ကိုအောင်မြတ်သူကို သိချင်တာလေးတွေ မေးမြန်းဖြစ်ခဲ့တဲ့အခါ
ခုနောက်ပိုင်း အမျိုးသားတွေရဲ့ ဖက်ရှင်နဲ့ ပတ်သက်ပြီး ဘယ်လိုပုံစံမျိုးတွေခေတ်စားနေပါသလဲ။
ဖက်ရှင်နဲ့ ပတ်သက်လာရင် အခုနောက်ပိုင်းမှာ အမျိုးသားတွေကလည်း ဝတ်နေကြအရောင်မျိုး မဟုတ်တဲ့ အရောင်ဆန်းဆန်းလေးတွေကို ဝတ်လာကြတယ်။ အမျိုးသားတွေ ကလည်း ဖက်ရှင်ကို ဂရုစိုက်လာကြတယ်။ ဒီဇိုင်နာတွေနဲ့ တိုင်ပင်ပြီး သီးသန့်ထွင်လာကြတာ တွေ့ရတယ်။ တိုက်ပုံဆိုလည်း သူများ မဝတ်တာမျိုး လုပ်ပေးရတယ်။
ဆိုင်မှာက ပွဲတက်တွေအတွက် လုပ်ပေးရတာ များသလိုပဲနော်။
ကျွန်တော့်ဆိုင်မှာက ပွဲတက်တွေပဲ လုပ်ပေးရတာများတယ်။ ထသွားထလာပုံစံ နည်းတယ်လေ။ ပွဲတက်ဆိုရင်တော့ Evening Grown ပုံစံထက် မြန်မာဝတ်စုံကို ဆန်းဆန်းလေးတွေ ထွင်ဖြစ်ပြီး ချုပ်ပေးရတဲ့ ဒီဇိုင်းမျိုး ပိုပြီးနှစ်သက်ကြတယ်။ မြန်မာမူလေးလည်း မပျက်အောင် ခေတ်မီတဲ့ပုံစံမျိုး လည်း ပေါက်အောင်လို့ ချိတ်တွေ၊ ယက်ကန်းက ယက်ထားတဲ့ ပုံစံတွေ သုံးပြီးတော့ လုပ်ပေးတာမျိုးကို ပိုနှစ်သက်ကြတယ်။
Wedding Dress တွေနဲ့ပတ်သက်ပြီး ဘယ်လိုဒီဇိုင်းတွေကိုဦးစားပေးဝတ်ဆင်လာကြပါသလဲ။
မင်္ဂလာဝတ်စုံတွေနဲ့ ပတ်သက်ပြီး အခုမြန်မာနိုင်ငံကလည်း ကမ္ဘာနဲ့ချီပြီး ပြောမယ်ဆိုရင် ကမ္ဘာက စိတ်ဝင်စားတဲ့ အနေအထား မျိုးကို ရောက်လာပြီ။ မြန်မာနိုင်ငံကို ကမ္ဘာက စိတ်ဝင်စားပြီဆိုရင် မြန်မာရဲ့ယဉ်ကျေးမှုကိုလည်း စိတ်ဝင်စားလာကြတယ်။ နိုင်ငံခြားသားတွေကလည်း မြန်မာနိုင်ငံကို ရောက်ပြီဆိုရင် မြန်မာဝတ်စုံဝတ်ပြီး ဓာတ်ပုံရိုက်တာတွေကို လုပ်လာကြတယ်။ တိုးတက်လာတာနဲ့အမျှ နိုင်ငံခြားသားတောင် အဲဒီလိုတွေဖြစ်လာပြီဆိုတော့ မြန်မာပြည်မှာရှိနေတဲ့ လူတော်တော်များများကလည်း မင်္ဂလာဆောင်ပြီဆိုရင် ၇၅% လောက်ကတော့ မြန်မာလိုဝတ်ပြီး ဆောင်ကြပါတယ်။
အနောက်တိုင်းဝတ်စုံနဲ့ ပတ်သက်ပြီး ဘယ်လိုဒီဇိုင်းတွေ ခေတ်စားလာပါသလဲ။
လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတော့ ကျောက်တွေ အများကြီးပါတာမျိုး ခေတ်စားတယ်။ ပြီးတော့ ဇာကို နှစ်သက်လာကြတာတွေ့ရတယ်။ ပြီးတော့မှ အခုဆိုရင် ဇာရော၊ ကျောက်ရောလုပ်တာ ကိုငြီးငွေ့လာပြီး ပိတ်စကိုပဲ အခြေခံပြီး အဲဒီ့ပိတ်စကိုပဲအသုံးပြုပြီးတော့ ဆန်းသစ်မှုလေးတွေ လုပ်လာတဲ့ ဒီဇိုင်းမျိုးလေးတွေ ကြိုက်လာကြတယ်လို့ မြင်ပါတယ်။ ပြောရရင် ဖက်ရှင်ပိုင်းဆိုင်ရာ ပိုပြီး တိုးတက်လာတယ်လို့ ပြောရမှာပါ။ ဖက်ရှင်တွေ တိုးတက်လာတဲ့အတွက် ပညာသားပါတဲ့ ဝတ်စုံတွေကို ဝတ်ရတာ ပိုကြိုက်လာကြတာပါ။
Aroma အနေနဲ့နောက်ထပ်ဆိုင်ခွဲ ဖွင့်ဖို့ရှိဦးမလားသိချင်ပါတယ်။
ဆိုင်ခွဲဖွင့်ဖို့တော့ မရှိပါဘူး။ အခု သစ္စာလမ်းမှာ Aroma အတွက် ဆိုင်အသစ် ထပ်ဆောက်နေပါတယ်။ ၁၂ထပ်ပေါ့နော်။ ၁၂ထပ်လုံးမှာ အလှအပနဲ့ ဖက်ရှင်နဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေပေးတဲ့ နေရာတွချည်းပဲ လုပ်မှာပါ။ ဓာတ်ပုံစတူဒီယိုကို ဒီ့ထက်ပိုအဆင့်မြင့်ပြီး ကမ္ဘာ့အဆင့်မီဖို့ စီစဉ်ထားတယ်။ နောက်ပြီး အလှအပနဲ့ ပတ်သက်ပြီးတော့လည်း Aroma မှာမရှိသေးတဲ့ ဝန်ဆောင်မှု အသစ်တွေလည်း ထပ်ထည့်မယ်လို့စိတ်ကူးထားပါတယ်။