ပွဲကျင်းပရာနေရာ ပြောင်းသွားခဲ့ပေမယ့် မြူးဇစ်ချစ်သူတွေနဲ့ စည်ကားခဲ့တဲ့ JAM It! ည

JAM It! ဆိုတာ ပန့်ခ်အဖွဲ့တွေရဲ့ ဖန်တီးမှုအနုပညာတွေချည်း ချပြတာလား၊ မဟုတ်ပါဘူး။ ဒါမှမဟုတ် Metal အဖွဲ့တွေ၊ Indie band တွေချည်း ဆက်စပ်ပတ်သက်နေတဲ့ အရာတစ်ခုလား။ ဒါလည်း မဟုတ်ပါဘူး။ JAM It! ဟာ မြူးဇစ်ဆိုတဲ့အရာကို ရိုးသားစွာ ဖန်တီးနေသူတွေ၊ သူတို့ကို နှစ်လိုတဲ့ ပရိသတ်တွေကို လတ်ဆတ်တဲ့ ဖန်တီးမှုအသစ်တွေ ချကျွေးချင်သူ ဘယ်သူ့နဲ့မဆို မြူးဇစ်အမျိုးအစားခွဲခြားမှုမရှိပဲ အားလုံးတူတူညီညီ ဖျော်ဖြေရေးအသွင်သစ်တစ်ခုကို ကူးပြောင်းထိုးဖောက်လာတဲ့ တန်ဖိုးရှိရှိကဏ္ဍတစ်ခုသာ။ အရင်ကျင်းပပြီးခဲ့တဲ့ ပွဲတွေမှာ ပြည်တွင်းကရော၊ ပြည်ပက ပရိသတ်တွေရဲ့ အားပေးမှုကို တဖြည်းဖြည်းရရှိလာခဲ့သလို မေ၃၀ရက်နေ့မှာ ထူးထူးခြားခြား ဒေါပုံမှာကျင်းပဖြစ်ခဲ့တဲ့ Punk vs. Hip Hop အခမဲ့ဖျော်ဖြေပွဲကလည်း အားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ရှိုးနာမည်ကြောင့်ရော၊ Graffiti ကို Live ဆွဲပြတဲ့ အစီအစဉ်တွေကြောင့် ဖြစ်မယ်ထင်ရပါတယ်။

ရှိုးပွဲတွေ ပြုလုပ်ကျင်းပနေကျ မဟုတ်တဲ့ ဒေါပုံကစားကွင်း အနောက်က ဂိုတောင်မှာ ကျင်းပခဲ့တာကြောင့် အဲ့ဒီကိုရောက်ဖို့ နည်းနည်းမျက်စိကစား ရှာဖွေခဲ့ရပေမယ့် ဟိုကိုရောက်တဲ့အခါမှာတော့ ဂိုတောင်ထဲမှာ Graffiti စတင်ရေးဆွဲနေပြီ ဖြစ်တဲ့ R.O.A.R အဖွဲ့ရဲ့ အနုပညာဖန်တီးမှုကို စတင်ခံစားခဲ့ရပါတယ်။ အဲ့ဒီနောက် W CREW ရဲ့ Graffiti ရေးဆွဲမှုကိုလည်း ဆက်တိုက်ကြည့်ရှုခွင့်ရခဲ့သလို ပွဲစတင်ချိန်ကျော်နေပြီဖြစ်တာကြောင့် ဂိုတောင်ထဲမှာ မီဒီယာတွေ၊ မြူးဇစ်ချစ်သူတွေ၊ ပန့်ခ်ဂီတသမားတွေ၊ ရက်ပ်ပါတွေ စုံစုံညီညီရောက်ရှိလာကြပါပြီ။

ပွဲစတင်ချိန်က ၇နာရီလို့ကြေငြာထားပေမယ့် ၈နာရီလောက်မှပဲ ၀ါရီရူးရဲ့ သီဆိုဖျော်ဖြေမှုကို ကြည့်ရှုခွင့်ရခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ One Way ရဲ့ မာရီဝါးနား သီချင်းက ပရိသတ်ရဲ့အာရုံကို ဖမ်းစားလိုက်ပြီး ပွဲတန်ပိုအနည်းငယ် တက်လာခဲ့တဲ့ အချိန်ပါပဲ။ Graffiti Live ဆွဲချိန်လည်း မပြီးသေးတာကြောင့် ပုံဆွဲတဲ့သူကဆွဲ၊ ရှိုးကြည့်တဲ့သူကကြည့်၊ ဖျော်ဖြေပေးနေတဲ့သူတွေကလည်း တက်တက်ကြွကြွပါပဲ။ တစ်ဖွဲ့ကို သီချင်းသုံးပုဒ် အနည်းဆုံး ဖျော်ဖြေပေးခဲ့တာမို့ ပရိသတ်အနေနဲ့ရော ဖျော်ဖြေပေးတဲ့ အနုပညာရှင်တွေ အနေနဲ့ပါ အပေးအယူမျှခဲ့ပါတယ်။ No U TURN ကလည်း သူတို့ရဲ့ သီးသန့်ဖျော်ဖြေမှုအပြင် Y.A.K နဲ့အတူ တွဲဖက်ဖျော်ဖြေပေးခဲ့ပါသေးတယ်။ ထူးခြားတာကတော့ Cyclone ရဲ့ ဖျော်ဖြေမှုပါပဲ။ အစပိုင်းကြေညာထားတုန်းက မပါပေမယ့် ပွဲနေ့မှ Cyclone ရဲ့ဖျော်ဖြေမှုပါဝင်မယ်ဆိုတော့ hip hop ပရိသတ်တွေအတွက် JAM it! ရှိုးရောက်ဖို့ သေချာသွားစေခဲ့တာပေါ့။ ပန့်ခ်အဖွဲ့တွေဖြစ်တဲ့ HOOLIGAN ARMY တို့ KULTURESHOCK တို့ကလည်း သူတို့တတ်နိုင်သလောက် အမိုက်စားဖျော်ဖြေပေးခဲ့ကြတဲ့ ဒီပွဲလေးဟာ ကျင်းပတဲ့နေရာအပြောင်းအလဲရှိပေမယ့် အနုပညာ၊  မြူးဇစ်ချစ်တဲ့သူတွေ နောက်ဆုံး လာရောက်စုဝေးတဲ့ နေရာလေးဖြစ်ခဲ့ပါတယ်။

ဒါ့ကြောင့် အစဉ်အဆက်အောင်ပွဲခံလာနိုင်ခဲ့တဲ့ JAM It!ဖျော်ဖြေပွဲရဲ့ နောက်လာမယ့် အစီအစဉ်သစ်တွေကို စောင့်မျှော်ရင်း မတူညီတဲ့ပေါင်းစပ်မှုတစ်ချို့ကို ထပ်မံခံစားရမယ်၊ Underground အဖွဲ့တွေရဲ့ လတ်ဆတ်တဲ့ဖန်တီးမှုအသစ်တွေကို ထိတွေ့နားဆင်နိုင်ရဦးမယ်လို့ မျှော်လင့်မိပါတယ်။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.