၂၀၁၂ခုနှစ်ရဲ့ အကယ်ဒမီဗန်းကိုင် တစ်ယောက်အဖြစ် ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာ အနုပညာအလုပ်တွေပိုပြီး လုပ်ကိုင်လာရပါတယ်ဆိုတဲ့ မော်ဒယ်လမင်းအိနြေ္ဒ ကိုသူမရဲ့လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တဲ့အခါ “လမင်း လတ်တလောမှာ နိုင်ငံတော် အကျိုးပြု သီချင်း ဖြစ်တဲ့ ရေအားလျှပ်စစ်စီမံကိန်း၊ ဆည်မြောင်းသီချင်းတစ်ပုဒ်ကို အိမ်မက်ဆုံရာက ကို Russal နဲ့အတူတူ သရုပ်ဆောင်ထားပါတယ်။ အခုMRTV၊ MRTV-4၊ မြဝတီတို့မှာ လွှင့်နေပါပြီ။ အခုလတ်တလောမှာတော့ ဂျာနယ်၊ မဂ္ဂဇင်းကာဗာတွေ အတွက် ဓာတ်ပုံရိုက်ဖြစ်နေပါတယ်။ ဇာတ်ကားရိုက်ကူးမှုနဲ့ ပတ်သက်ပြီး လမင်းကို လာပေးတဲ့ ကာရိုက်တာနဲ့ လမင်းရိုက်ချင်တဲ့ ကာရိုက်တာဆိုရင်တော့ ရိုက်ဖြစ်သွားမှာပါ။ ကားရိုက်တွေကတော့ ရှိပါတယ်။ ပြီးတော့ ပရဟိတအလုပ်တွေ လုပ်ဖြစ်ပါတယ်။ ပရဟိတ အလုပ်ကတော့ အနုပညာရှင်ဖြစ်မှမဟုတ်ပဲ ငယ်ငယ်ကတည်းက လမင်းတို့ မိသားစုရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာလို့တောင် ပြောလို့ရပါတယ်။ ကိုယ့်မှာရှိသလောက်၊ တတ်နိုင်သလောက်ကို အမြဲလိုအပ်နေတဲ့ နေရာတွေကို လှူဒါန်းဖြစ်တယ်။ လမင်းရဲ့ ပရဟိတ လူငယ်အဖွဲ့ကလည်း မိဘမဲ့ကလေးတွေ၊ ဘိုးဘွားရိပ်သာနေရာတွေကို အမြဲတမ်း သွားပြီးတော့ လှူဖြစ်ပါတယ်။ သွေးလှူတဲ့အဖွဲ့မှာလည်း ပါဝင်ထားပါတယ်။ လူသားချင်း စာနာသောအားဖြင့် လှူဒါန်းဖြစ်တာပါ။”လို့ သူမက ပြောပါတယ်။
သူမရဲ့အနုပညာအပေါ်ထားတဲ့ ရည်မှန်းချက်ကိုလည်း သူက “အနုပညာအလုပ်တွေကို လမင်းအသက်၁၆နှစ်ကတည်းကစလုပ်လာခဲ့တာပါ။ အခုဆိုရင် လမင်းအသက်၂၀ အရွယ်တောင် ရောက်လာပြီဆိုတော့ အနုပညာ အလုပ်တွေကိုပဲ ရှေ့ဆက်ပြီး လုပ်ကိုင်သွားမှာပါ။ ကိုယ်လုပ်နိုင်တဲ့ အသက်အရွယ် ရလာတဲ့အထိ လုပ်ကိုင်သွားမှာပါ။ ဒါပေမယ့် တစ်ဖက်မှာလည်း လမင်းထူထောင်ချင်တဲ့Life ပုံစံမျိုး၊ လမင်းလိုချင်တဲ့ ပညာရေး လမ်းကြောင်းလည်းရှိပါသေးတယ်။ အဲဒီတော့ စီးပွားရေးရယ်၊ ပညာရေးရယ်၊ အနုပညာရယ် အဲဒီ့သုံးခုကို လမင်းသေသေချာချာနဲ့ တတ်နိုင်သလောက်၊ တတ်စွမ်းသလောက် ကြိုးစားနေရတဲ့အတွက်ကြောင့်မို့လို့ တစ်ခါတစ်လေ အနုပညာဘက်မှာ လစ်ဟင်းသွားတာမျိုးတွေ ရှိပါတယ်။ အဲဒီ့အတွက် လမင်းကို ပရိသတ်တွေ နားလည်ပေးစေချင်ပါတယ်။ လမင်းရှေ့ဆက်ပြီး ဇာတ်ကားတွေ ရိုက်ကူးပြီး အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းသွားမှာပါ”တဲ့။