၂၀၀၉ ခုနှစ်မှာ အနုပညာလှုပ်ရှားမှုတွေနဲ့ အကျွမ်းတ၀င်ဖြစ်လာသူ၊ မဂ္ဂဇင်းတော်တော်များများမှာ ပါဝင်လာရသူ၊ ပရိသတ်တွေ လက်ခံအားပေးသူအဖြစ် နဲ့ကြိုးစားရပ်တည်လာရင်း ခုဆိုရင်ဖြင့် ဇာတ်ကားထုတ်လုပ်ရေး ၂ ခုရဲ့ တိုက်ပိုင်မင်းသားအဖြစ် စာချုပ်တွေ ချုပ်ထားပြီး ဇာတ်ကားတွေ ကြိုးစားရိုက်ကူးနေတဲ့ ကောင်းပြည့်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ “ခု ရိုက်နေတဲ့ ကားလေးက မချစ်တတ်သူများအကြောင်း တဲ့။ မင်းသမီးက မကစ်နဲ့ပေါ့။ သူနဲ့ကမတည့်တဲ့ ကာရိုက်တာလေးပါတဲ့။ အခု ကားရိုက်ဖက် အပြင် အဆိုဖက်ကိုပါ ဆိုဖို့ကမ်းလှမ်းထားတယ်ပေါ့။ သီချင်းကတော့ နားထောင်ရတာကို အရမ်းဝါသနာပါပါတယ်။ သီချင်းကတော့ သိပ်မဆိုတတ်ဘူး။ ပရိသတ်ရဲ့တောင်းဆိုမှုအရ နယ်ဖက်မှာ သီချင်းသွားဆိုဖို့ရှိပါတယ်။ အဲဒါက ပရိသတ်ရဲ့တောင်းဆိုမှု အရရယ်၊ နယ်ပရိသတ်ရဲ့အားပေးမှုကို သိချင်တာရယ်၊ ကိုယ်ကသီချင်းလဲ တစ်ခါမှမဆိုဖူးတော့ အတွေ့အကြုံရအောင် လက်ခံဖြစ်ခဲ့တာပါ” လို့ သူက ပြောပါတယ်။
ပရိသတ်ရဲ့အားပေးမှုနဲ့ပတ်သတ်ပြီးတော့လဲ သူက “အဓိက က ပရိသတ်တွေကြောင့်ပါ။ ပရိသတ်တွေသာ မရှိရင် ကျွန်တော် ဘာပဲလုပ်လုပ် အားပေးမဲ့သူရှိမှာ မဟုတ်ပါဘူး။ ကျွန်တော်ဒီလောကထဲကို စတင်ဝင်ရောက်လာကတည်းက ပရိသတ်တွေ အရမ်းအားပေးခဲ့လို့ပါ။ သူတို့ရဲ့အားပေးမှုတွေနဲ့ရှေ့ကို ဆက်ဆက်ပြီး တက်လှမ်းသွားလို့သာ ဒီအခြေအနေထိ ရောက်လာခဲ့တာပါ။ အဲဒီအတွက် ပရိသတ်တွေကို အရမ်းပဲ ကျေးဇူးတင်ပါတယ်တဲ့။ အချစ်ရေးကတော့ အေးဆေးပါပဲ။ ပရိသတ်ကို ပြောပြစရာ ဘာမှမရှိသေးပါဘူး”တဲ့။