မြန်မာနိုင်ငံမှာ နှစ်စဉ်နှစ်တိုင်းလာရောက်ကျင်းပခဲ့တဲ့ ကိုရီးယားမြန်မာချစ်ကြည်ရေး ၊ ကိုရီးယားမြန်မာရုပ်ရှင်ပွဲတော်အတွက် စာနယ်ဇင်းမီဒီယာများနဲ့တွေ့ဆုံပွဲအခမ်းအနားကို (၂၄.၁၀.၂၀၁၃)ရက်နေ့မှာ TRADERS HOTEL တွင်ကျင်းပခဲ့ပါတယ်။ ယခုကျင်းပလာခဲ့တာ ဒီနှစ်ဆိုရင်ဖြင့် ၈နှစ်တိုင်ခဲ့ပါပြီ။ နှစ်စဉ်နှစ်တိုင်းလိုလို ကိုရီးယားနိုင်ငံမှ မင်းသားနဲ့မင်းသမီးများ မြန်မာနိုင်ငံသို့တက်ရောက်ချီးမြှင့်ခဲ့ ကြသလို မြန်မာနိုင်ငံရဲ့ အထင်ကရနေရာတွေကိုလည်း လှည့်လည်ကြည့်ရှုအပန်းဖြေလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ အမျိုးမျိုးသော အခက်အခဲတွေနဲ့ အချိန်မပေးနိုင်တာကြောင့် အဆိုတော်လဲလုပ်သလို သရုပ်ဆောင်ပါလုပ်တဲ့ မင်းသား KIM DONG-WAN တစ်ဦးတည်းသာတက်ရောက်ချီးမြှင့်ခဲ့ပါတယ်။ ကိုရီးယားမင်းသားလေး KIM DONG-WAN ကို မတင်မိုးလွင်မှ မေးခွန်းများမေးမြန်းခဲ့ခြင်းနဲ့ ပတ်သက်ပြီး ပြန်လည်ဖြေဆိုခဲ့တဲ့ အဖြေများကတော့ သူဟာမြန်မာနိုင်ငံကို စတင်ထွက်ခွာလာချိန်မှစပြီးစိတ်ထဲမှာစိုးရိမ်ပူပန်ခဲ့ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံကို ရောက်ရှိတဲ့ အခါမှာ အစစအရာရာအဆင်ပြေခဲ့တဲ့အတွက်၊ မြန်မာ့မြေကိုအခြေချစဉ်မှာပဲ သူ့ရဲ့စိုးရိမ်ပူပန်မှုတွေ လျော့ပါးခဲ့တယ်လို့ပြောပါတယ်။ မနက်ဖြန်မှာပြန်ရမှာဖြစ်တဲ့အတွက် အချိန်အားမယ်ဆိုရင်တော့ ဘယ်သူမှမရှိတဲ့တစ်နေရာကိုသွားပြီး အနားယူအပန်းဖြေချင်ပါသေးတယ်တဲ့။ နောက်တစ်ခုက ဒီတစ်ခေါက်ရောက်လာတဲ့အခါမှာ စိတ်ကူးထားတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ခဏလောက်တွေ့ဖို့စိတ်ကူးထားပါတယ်တဲ့။ ဒါပေမဲ့ မနက်ဖြန်မှာပြန်ရမှာဖြစ်တဲ့အတွက်ဒီတစ်ခေါက်တော့ မဖြစ်နိုင်တော့ဘူးတဲ့။ ပြီးတော့ မြန်မာအစားအစာတွေအားလုံးကို ဘာပဲဖြစ်ဖြစ်ကြိုက်ပါတယ်။ စားပါတယ်တဲ့။ နောက်ဆုံးအနေနဲ့ မြန်မာလိုပြောခဲ့တဲ့ ကိုရီးယားမင်းသားလေးရဲ့ စကားသံများကတော့ မင်္ဂလာပါ။ ကျွန်တော် ကင်ဒေါင်ဝမ်ပါ။ တွေ့ရတာဝမ်းသာပါတယ်။ ချစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ လို့ဖြေကြားပေးခဲ့ပါတယ်။ အဆိုပါပွဲကို မြန်မာအနုပညာရှင်များဖြစ်တဲ့ ရုပ်ရှင်အစည်းအရုံးဥက္ကဌဦးလူမင်း၊ အကယ်ဒမီသက်မွန်မြင့်၊ အကယ်ဒမီစိုးပြည့်သဇင်၊ ပုလဲဝင်း၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ထွန်းကိုကိုတို့က တက်ရောက်ချီးမြှင့်ပေးခဲ့ပါတယ်။