ကျွန်မဟာ လက်လွတ်စပယ် လွှတ်ချခံလိုက်ရတယ်
ပြီးတော့ ကျွန်မကို အခန်းထဲသွင်းကြတယ်
ကျွန်မ သိပ်ဝမ်းနည်းတာပဲ အမည်းရောင်ဝတ်စုံနဲ့
ကျွန်မကို စစ်ပွဲတစ်ခုလို့နာမည်ပေးကြတယ်
ဟာသကားကြည့်ပြီး ကျွန်မ ရယ်နေရတာ ဘယ်သူမှမသိဘူး
ကျွန်မအပေါ် ယုံကြည်မှုလွန်ကဲနေစေချင်လိုက်တာ
ကျွန်မရဲ့ နှုတ်ခမ်းသားတစ်စုံဆိုတာ စုတ်ပြဲနေပြီ
ကျွန်မက ငွေကြေးလဲလှယ်မှုကိုစိတ်မ၀င်စားဘူး
ကျွန်မသိတာ ကလေးတွေအိပ်မက်ဆိုးမက်ဖို့ပဲလေ
ကျွန်မမှာ အာရုံခံပါမလာဘူးလားလို့ မေးတယ်
ကျွန်မ ကမ္ဘာကျော်ချင်လို့ပါ ကျွန်မ လူမြင်ခံချင်လို့ပါ
အခုကျွန်မ မိုးမလုံလေမလုံဖြစ်နေရတယ်
ဟုတ်တယ် ကျွန်မ တိမ်တွေနောက်လိုက်သွားမိတယ်
ကျွန်မကို သီချင်းလုပ်တီးခတ်နေတာ ကျွန်မ မကြိုက်ဘူး
ကျွန်မဟာ ဘုရားရှိခိုးကျောင်းမှာ ဆုတောင်းနေတာ
ကျွန်မက ရှင်တို့ခန္ဓာတွေကိုဖောက်ဝင်သွားတာလား
ကျွန်မဟာ ခေါင်းအုံးအောက် အိပ်ပျော်နေတဲ့သွားတစ်ချောင်းပါ
မိသားစုကိုဇောက်ထိုးထားတာ တခြားမဟုတ်ဘူး ကျွန်မပဲ
ကျွန်မမှာ ကြောင်ကိုက်ခံလိုက်ရတဲ့အနာတစ်ခုရှိတယ်
အချစ်ဦးရဲ့ကျောရိုးပေါ်မှာ ရွှေငါးတစ်ကောင်ရေနစ်သွားသလို
ကျွန်မ ငိုခဲ့တယ် တကယ်ဆိုကျွန်မက သိပ်အပျော်မက်သူ
ကျွန်မဟာ ခေါင်းလောင်းသံတွေညံတဲ့ ဒီလိုညမျိုးစောင့်နေတာ
ကျွန်မက မြင်းမည်းတွေနဲ့အတူမီးလှုံနေချင်ခဲ့တာကိုး
မြေမျိုသွားတဲ့ငှက်လို ကျွန်မလက်ခုပ်လက်ဝါးတီးတယ်
ဒါပေမယ့် ကျွန်မရယ်မနေခဲ့ဘူး အိပ်ငိုက်နေခဲ့တာ
လက်ဟန်ခြေဟန်နဲ့ ကျွန်မစကားတွေပြောကြည့်တယ်
အို.. ကျွန်မ ရထားတစ်စင်းလုံး ပန်းတွေနဲ့အပြည့်ပဲ
နားရွက်တထောင်ထောင်နဲ့ ဘန်နီဘန်းတွေကို ကျွန်မချစ်တယ်
ကျွန်မမှာလေ ကိုယ့်ပါးလေးကိုယ် ပွတ်သပ်နေရတဲ့အချိန်တွေအများကြီးပဲ
နှင်းတွေကြားက သမ္မာကျမ်းတစ်စောင်လို ကျွန်မကိုစောင့်ရှောက်ပါ
အေးရမှာကြောက်တဲ့ နှင်းဘောလုံးလေးလို ကျွန်မကိုချစ်ပါ
ကျွန်မရဲ့ အံသွားတစ်ချောင်းကိုဆွဲနှုတ်ပြီး မိုးပေါ်ကိုပစ်လိုက်တယ်
ပြီးတော့ ကျွန်မ လော့ခ်ချခံထားရတဲ့ မျက်နှာဖုံးလိုပြုံးနေရတော့တာ
ကျွန်မသေရင် ဘာပင်မှမစိုက်ဖို့ တစ်ယောက်ယောက်ကိုပြောရမယ်
အဲဒါဟာ ကျွန်မအကြောက်တရားက ကျွန်မကို ပြန်မျိုသွားတဲ့အချိန်ပေါ့။ ။