Motorhead ၀ိုင်းရဲ့ရှေ့ထွက်အဆိုတော် Heavy Metal ဆရာကြီး Lemmy Kilmister ကတော့မကြာသေးမီကဖြစ်ခဲ့တဲ့သူ့ရဲ့ကျန်းမာရေးပြသနာအကြောင်းကို သူ့ရဲ့ထုံးစံအတိုင်း ခပ်မိုက်မိုက်ဟန်နဲ့ပြောပြပါတယ်။ သေခြင်းတရားအတွက်အဆင်သင့်ပဲလို့ဆိုပါတယ်။ အသက်၆၇နှစ်ရှိပြီဖြစ်တဲ့ rocker ကြီးဟာ နောင်တမရကြောင်းနဲ့ ဆရာဝန်ညွှန်ကြားချက်အတိုင်း Jack and Cokes(Jack Daniels အရက်နဲ့ ကိုကာကိုလာ အရောနှော) သောက်သုံးမှုကို ရပ်လိုက်ပြီဖြစ်ကြောင်းပြောပါတယ်။
ဒီနှစ်ရဲ့အစောပိုင်းမှာဖြစ်ခဲ့တဲ့ သွေးခဲရောဂါနဲ့ ဆီးချိုရောဂါနဲ့ဆက်စပ်နေတဲ့ နှလုံးရောဂါအကြောင်းပြောပြပါတယ်။ အဲဒီ့အဖြစ်အပျက်တွေကြောင့်ပြီးခဲ့တဲ့လအနည်းငယ်အတွင်း နယ်လှည့်ဖျော်ဖြေပွဲတစ်ခုဖျက်သိမ်းခဲ့ရပြီး ရှိုးပွဲတစ်ခုကိုအချိန်တိုအတွင်းသိမ်းလိုက်ရပါတယ်။ “ကျွန်တော်နေမကောင်းဖြစ်နေပါတယ်” လို့ classic rock မဂ္ဂဇင်းကိုပြောပြပါတယ်။ ဒီကိစ္စနဲ့ပါတ်သတ်ပြီး လိမ်စရာအကြောင်းငြင်းစရာအကြောင်းမရှိပါဘူး။ ဒါမျိုးကျွန်တော်မလုပ်ဖူးပါဘူး။ ဘ၀ဆိုတာမျိုးက အရောင်အသွေးဆုံလင်တဲ့ ပန်းချီကားတစ်ချပ်ပဲလေ။ မဟုတ်ဘူးလား။” လို့ Lemmy ကပြောပါတယ်။
သူမကြာခင်မှာလှုပ်ရှားမှုတွေနည်းသွားမယ်လို့တော့ပြောလို့မရဘူး။ မိတ်ဆွေတွေ၊ မိသားစုဝင်တွေ၊ ဆရာဝန်တွေ၊ ၀ိုင်းသားတွေကသူ့ကို အေးဆေးနေဖို့ပြောပေမယ့် ဒါမျိုးတွေကကြားနေကျလို့ Lemmy ကပြောပါတယ်။ "လူတွေကကျွန်တော့်ကိုဆေးလိပ်ဖြတ်ဖို့ပြောတုန်းကနဲ့အတူတူပါပဲ။ မင်းဆေးလိပ်ဖြတ်သင့်တယ် lemmy ရေလို့သူတို့အမြဲတမ်းပြောကြတယ်။ နေစမ်းပါဗျာ။ သူတို့မှန်နေတယ်ဆိုရင်တောင်မှ ကျွန်တော့်ကိုဘာလုပ်ပါဘာမလုပ်နဲ့လို့ပြောနေတဲ့လူတွေကိုမကြိုက်ဘူး" လို့ပြောပါတယ်။
ဒါပေမယ့် Lemmy ကပြီးခဲ့တဲ့တစ်နှစ်ကတည်းက ဆေးလိပ်ဖြတ်ထားခဲ့တာပါ။ မကြာသေးခင်ကလဲ Jack Daniels နဲ့ ကိုကာကိုလာရောသောက်တဲ့အလေ့အကျင့်ကိုဖြတ်ခဲ့ပါတယ်။ ကိုကာကိုလာမှာပါတဲ့သကြားက သူ့ရဲ့ဆီးချိုရောဂါနဲ့မတည့်လို့ပါ။ ဘာပဲဖြစ်ဖြစ်ရင်ဆိုင်ဖို့အသင့်ပါလို့လဲသူကပြောပါတယ်။ “ကျွန်တော်ကမ္ဘာတစ်လွှားကလူတော်တော်များများအတွက် ပျော်ရွှင်မှုတွေဆောင်ကျဉ်းပေးခဲ့ပြီလို့ထင်ပါတယ်။ ကျွန်တော်ကိုယ့်ကိုကိုယ်စစ်မှန်အောင်နေတယ်။ လူတွေနဲ့ဆက်ဆံတာမူမှန်တယ်။ကျွန်တော်နောင်တမရပါဘူး။ နောင်တဆိုတာ အဓိပ္ပါယ်မရှိဘူး။ နောင်တရဖို့ကနောက်ကျနေပြီ။ ခင်ဗျားလုပ်တာကလုပ်ပြီးနေပြီ။ မဟုတ်ဘူးလား။ ခင်ဗျားဘ၀ကို ဖြတ်သန်းပြီးပြီပဲ။ ပြန်ပြောင်းဖို့မျှော်လင့်နေရင်တော့ အဓိပ္ပါယ်မရှိဘူး"လို့ပြောပါတယ်။ Motorhead ဟာနောက်တစ်ပါတ်မှာထွက်မယ့် သူတို့ရဲ့ album သစ် Aftershock အတွက်ပြင်ဆင်နေကြချိန်မှာ Lemmy ကညတိုင်းဖျော်ဖြေနိုင်သေး တယ်လို့ပြောပါတယ်။ ဒါပေမယ့် သူ့ရဲ့ဝိုင်းသားတွေကတော့သူ့ကိုအနားယူဖို့ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် Motorhead ကတော့ နိုဝင်ဘာ ၇ရက်နေ့မှာ နယ်လှည့်ဖျော်ဖြေပွဲလုပ်မှာဖြစ်ပါတယ်။
Lemmy ကဖြစ်လာမယ့်အရာတွေကိုတွေးပူနေဖို့အချိန်မရှိဘူးလို့ပြောပါတယ်။ “သေချင်းတရားဆိုတာရှောင်လွှဲလို့မရတဲ့အရာတစ်ခု မဟုတ်လား။ ကျွန်တော်ထွက်သွားရမယ်ဆိုရင် ကျွန်တော်လုပ်နိုင်သမျှအကောင်းဆုံးလုပ်ပြီးထွက်သွားချင်တယ်။ မနက်ဖန်သေမယ်ဆိုလဲ ကျွန်တော်စောဒကတက်နေမှာမဟုတ်ပါဘူး။ သာသာယာယာပါပဲ” လို့ Lemmy ကပြောပါတယ်။
(ref:classicrock)