သူရိုက်တဲ့ ဇာတ်ကားတိုင်းဟာ အချစ်၊ ဖန်စီ၊ ဟာသ ၊ရိုမန့်စ်တွေများပြီး ဘ၀သရုပ်ဖော်ဇာတ်ကားတွေနဲ့ ဖိုက်တင်ကားတွေမှာ အလွန့်အလွန် တွေ့ရနည်းလှတဲ့ မင်းသားတစ်လက်ကတော့ ဟိန်းဝေယံပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ သူဟာ ဗီဒီယိုကားတွေ ဇာတ်တိုက်ရိုက်ကူးနေပြီး သင်္ကြန်ရောက်ရင်တော့ တရားစခန်းဝင်ဖြစ်မယ်လို့သိရတာကြောင့် အဲ့ဒီအကြောင်းလေးတွေ မေးမြန်းကြည့်တဲ့အခါ ‘အခုရိုက်နေတဲ့ ကားလေးက နှလုံးသား Canonတဲ့။ မင်းသမီးက မအူဝဲပါ။ မင်းသားသစ် ဟိန်းရတုလဲ ပါပါတယ်။ ဒါရိုက်တာက မိုးကြိုးပါ။ ဒီကားလေးမှာ ကျွန်တော်က လူငယ်မဟုတ်မမှန်စိတ်ရှိတဲ့ ကင်မရာမန်းပေါ့။ မအူဝဲက မင်းသမီးဇာတ်ရုပ်လေးပါ။ ကင်မရာမန်းနဲ့မင်းသမီးဇာတ်လေးပါ’လို့ သူက ဆိုပါတယ်။
အနုပညာရှင်တစ်ဦးဖြစ်တာကြောင့် နွေရာသီနဲ့ ပတ်သက်ပြီး အသားအရေထိန်းသိမ်းမှုအပိုင်းကို မေးကြည့်တဲ့အခါ သူက ‘အသားအရေအတွက် သိပ်မလုပ်ဖြစ်ဘူး။ မနက်တစ်ခေါက် ရေချိုးတယ်။ ညတစ်ခေါက် ရေချိုးတယ်။ မျက်နှာကို သေချာသစ်တယ်။ နေလောက်ဒဏ်ခံနိုင်တဲ့ဟာတွေ လိမ်းတယ်။ ခရီးသွားဖြစ်တာများတဲ့အခါကျရင်တော့ ဆိုင်မှာ သွားပေါင်းတင်ဖြစ်တယ်။ သင်္ကြန်အတွက်တော့ မစဉ်းစားရသေးဘူး။ ထုံးစံအတိုင်းကတော့ သင်္ကြန်ဆိုမော်လမြိုင်ပြန်တယ်။ တရားစခန်းဝင်တယ်။ ဒီနှစ်ကတော့ မော်လမြိုင်ပဲပြန်ဖြစ်မလား။ ဒီမှာနေဖြစ်မလား။ မသေချာသေးဘူး။ ငယ်ဘ၀ အမှတ်တရမှာ နွေရာသီရောက်ရင် တော်တော်ပျော်တယ်။ ကျောင်းပိတ်တာကိုး။ နွေရာသီမှာ သင်္ကြန်လဲရှိတော့ ပိုပျော်တယ။် တစ်ခုပဲရှိတယ်။ ဘာလဲဆိုတော့ အပူဒဏ်ကြီးတော့ အသွားအလာအနေအထိုင်ဆင်ခြင်ရတာပေါ့’တဲ့။