၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့ဟာ Kanye Westရဲ့ ပွဲဦးထွက်အယ်လ်ဘမ် “The College Dropout” ထွက်တာ ၁၀နှစ်ပြည့်တဲ့ နေ့ပါ။ ၂၀၀၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှာ ထွက်ရှိခဲ့တုန်းက အတော်လေး classic ကျတယ်လို့ မှတ်ယူခဲ့ရတဲ့ သီချင်း ၂၁ပုဒ်ပါ အယ်လ်ဘမ် တစ်ချပ်ပေါ့။ အသံသွင်း အင်ဂျင်နီယာ (Producer) တစ်ဖြစ်လဲ ရပ်ပ်ပါ တစ်ယောက်ဆိုတော့ အတော်လေးဖြုံလောက်အောင် သက်သေပြနိုင်ခဲ့တဲ့ ချီကာဂို MC တစ်ယောက်လဲ ဖြစ်ပါတယ်။
အစစ်အမှန် နှံ့နှံ့စပ်စပ် ပေးစွမ်းထားတဲ့ “The College Dropout” မှာ မျက်စိနောက်စရာ ပျော်စရာ (“Slow Jamz,” “The New Workout Plan”) သီချင်းတွေကအစ နှလုံးသားထဲထိခံစားစရာ၊ ဆွတ်ပျံ့ဖွယ် (“Never Let Me Down,” “Jesus Walks”) သီချင်းတွေအထိ သီဆိုထားပါတယ်။ ပထမဆုံး single “Through the Wire” မှာ Kanye Westရဲ့ ရပ်ပ်ပါ တစ်ယောက်အနေနဲ့ ထားရှိတဲ့ ရိုးသားမှု၊ ခံယူချက် တွေကို တွေ့ရှိရပါတယ်။ “Through the Wire” သီချင်းကို ကားမတော်တဆဖြစ်ပြီး ပါးစပ်ချုပ်ထားရတုန်း ဆိုခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ပွဲဦးထွက် LP ပေါ်မှာ ဘယ်လောက်ထိ စိတ်နှစ်ပြီး လုပ်ခဲ့တယ်ဆိုတာကို ကွက်တိ သက်သေပြသွားခဲ့တာပဲလို့ ဆိုရမှာပါ။
ဒီလို ဖန်တီးမှုအားကောင်းကောင်းနဲ့ ထွက်ရှိခဲ့တဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်က Kanye Westရဲ့ LP ကို ဂုဏ်ပြုတဲ့အနေနဲ့ The Boombox ကနေ Kanye West ရဲ့ ဒီဂျေသမား A-Talk နဲ့ Hit-Boy အပါအ၀င် ဟစ်ပ်ဟော့ပ် ဆရာကြီးတွေကို “The College Dropout” ထွက်ခါစ အချိန်က အမှတ်တရတွေနဲ့ ဒီပရောဂျက်က ဘယ်လောက်ထိ အရာရောက်ခဲ့တယ်ဆိုတာကို မေးမြန်းဖြစ်ခဲ့ပါတယ်။
A-Talk
ဒီဂျေသမား၊ အသံသွင်းအင်ဂျင်နီယာ၊ Fool’s Gold တေးသံသွင်း တည်ထောင်သူ
“အဲ့တုန်းက ကျွန်တော် ကနေဒါ၊ Montreal မြို့မှာ နေတုန်း။ ကျွန်တော့်အစ်ကိုက နယူးယောက်ကို ပြောင်းနှင့်ပြီး ကျွန်တော် နားမထောင်ခင် သူနားထောင်ဖြစ်တာ။ သူပြောတာ မှတ်မိသေးတယ် ‘ပထမဆုံးအပုဒ် ကိုတော့ မင်းကြိုက်မှာပါ။’တဲ့။ ကြိုးတပ်တူရိယာ လိုင်းတွေ၊ skitတွေ (ဇာတ်လမ်းတိုတွေ)၊ ပဓာနတေးသွားတွေ နားထောင်ရတာ အနုပညာဆန်ပြီး ပညာသားပါလွန်းတယ်။ ဟစ်ပ်ဟော့ပ်မှာ ပြောင်းလဲလာတဲ့ စံနမူနာကြီး တစ်ခုအနေနဲ့ ကိုယ်စားပြုတာပဲ။ ခုတောင် ပြန်ခံစားလို့ရတယ်။”
Hit Boy
အသံသွင်း အင်ဂျင်နီယာ၊ ရပ်ပ်ပါ
“The College Dropout’ က ကျွန်တော့် ဘ၀ကို ပြောင်းလဲစေခဲ့တယ်။ ဟိုးအောက်ကနေ အမြင့်ဆုံးကို တက်လှမ်းနိုင်တယ်ဆိုတာကို နားလည်စေခဲ့တယ်။ အယ်လ်ဘမ်ထဲက သီချင်းတိုင်းရဲ့ အသေးစိတ်တိုင်းကို အစကအဆုံးထိ အများကြီး ဂရုတစိုက်လုပ်ဆောင်ခဲ့တယ်ဆိုတာ သိသာတယ်။ ဘာနဲ့မှ နှိုင်းယှဉ်လို့မရတဲ့ စံမှီရပ်ပ်ဂီတ ပါလို့ ကျွန်တော်ပြောချင်တယ်။”
David Amaya
Def Jam တေးသံသွင်း ဒီဂျစ်တယ် ဈေးကွက်ရှာဖွေရေး အဖွဲ့ဝင်
“The College Dropout’ အယ်လ်ဘမ်ကို စနားထောင်တုန်းက ကျွန်တော် ၉တန်းပဲရှိသေးတယ်။ ထွက်ပြီး လတချို့ကြာမှ ကျွန်တော် နားထောင်ဖြစ်တာ။ အသက်မပြည့်သေးတဲ့အတွက် CD တစ်ချပ်ဝယ်ဖို့ဆိုရင် မိဘမပါဘဲ ကျွန်တော့်မှာ ၀ယ်ယူခွင့်မရှိဘူးလေ။ ကျွန်တော့်ထက်ကြီးတဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်တော့် အတွက် တစ်ခွေဝယ်လာပေးမှပဲ။”
“ကျွန်တော့်အိမ် မြေအောက်ခန်းထဲက စပီကာ အစုတ်အဟောင်းကြီးတွေနဲ့ စနားထောင်ခဲ့ရတာ။ ‘Through the Wire’ ကိုစနားထောင်တုန်းက တော်တော်မိုက်တဲ့ သီချင်းတစ်ပုဒ်ပဲလို့ တွေးခဲ့မိတယ်။ အဲ့ဒီ့တုန်းက သီချင်းတွေက အသစ်ပေါ့။ ခုထိလည်း လူတွေက အမှတ်တရ ရှိတုန်းပါ။”
CJ Fly
ရပ်ပ်ပါ၊ Pro Era အဖွဲ့သား
“TheCollege Dropout’ အယ်လ်ဘမ်ကို Flatbush, Broolyn မှာရှိတဲ့ ကြီးတော်အိမ်မှာ စပြီးနားထောင်ခဲ့တာ။ Playstation 2 ကတဆင့် တရားမ၀င်အခွေကို ကျွန်တော့် ညီဝမ်းကွဲနှစ်ယောက်နဲ့အတူ နားထောင်ခဲ့တာ။ တီဗွီကတဆင့်နားထောင်ရတာ ဆိုတော့ အသံသိပ်မကျယ်လို့ ဒီအမိုက်စား သီချင်းတွေ၊ ဇာတ်လမ်းတို(skit)တွေကို ကျွန်တော့်ကြီးတော်လဲ မကြားလိုက်ဘူး။”
“နားထောင်ပြီးပြီးချင်း ကြိုက်ခဲ့တဲ့ အယ်လ်ဘမ်ပေါ့။ Kanye Westရဲ့ သီချင်းတွေ နားထောင်ပြီးတော့ ကျွန်တော် သူ့လို ဆန်းသစ် ကဗျာဆန်ချင်လာတယ်။ အဲ့ဒီ့ အယ်လ်ဘမ်က ပညာရေး(ကျောင်း)မှာ မထူးချွန်တဲ့ လူတွေကို စိတ်အားတက်စေခဲ့တယ်။ ကျွန်တော့်လို တက္ကသိုလ် မပြီးတဲ့သူအတွက်လည်း စိတ်အား အများကြီး တက်စေခဲ့တယ်။ ပြီးတော့ ဘ၀မှာ အောင်မြင်ဖို့ မျှော်လင့်ချက်ရှိရှိ ဖြစ်နေတုန်းပါပဲ။”
Ref:theboombox.com