သင်္ကြန်အပြီး ဒုတိယအခွေအတွက် အသံစသွင်းတော့မယ်လို့ ဆိုလိုက်တဲ့ အဆိုတော်ယုဇန

480236_491036124254195_1288568123_n.jpg

ပဋိပက္ခသီချင်းလေးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိခဲ့ပြီး အနုပညာခြေလှမ်းတွေ ကျဲသွားပေမယ့် ယနေ့ချိန်ထိ ပရိသတ်တွေအပေါ်မှာ ဆွဲဆောင်ထားနိုင်တဲ့သူကတော့ အဆိုတော် ယုဇနပါပဲ။ သူမက အိမ်ထောင်ကျပြီး နောက်ပိုင်းမှာ နိုင်ငံခြားမှာ လေးနှစ်ေ်ကြာနေထိုင်ခဲ့ပြီး အခုချိန်မှာတော့ မြန်မာပြည်ကို ပြန်လာကာ သီချင်းတွေပြန်လည် သီဆိုသွားမှာဖြစ်တယ်လို့ သိရတာကြောင့် အဲ့ဒါနဲ့ ပတ်သက်ပြီးမေးမြန်းဖြစ်ခဲ့တဲ့အခါ ‘အစ်မ လတ်တလောမှာတော့ ကိုကောင်းဆက် စီစဉ်ထားတဲ့ အချစ်ရှိရာဆိုတဲ့ အခွေထဲမှာ ကိုကောင်းဆက်ရေးထားတဲ့ Owntuneသီချင်းတစ်ပုဒ်ကို ကိုဖိုးကာနဲ့ အတူတူ တွဲဆိုထားပါတယ်။ အဲဒီသီချင်းတစ်ပုဒ်ကို အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင်လို့ ဆိုထားပါတယ်။ ပြီးတော့ သင်္ကြန်အခွေမှာလည်း ပါဖို့ရှိမယ်။ အစ်မရဲ့သင်္ကြန်သီချင်းက မထွက်ဖြစ်တာလည်း ကြာပြီဆိုတော့ သင်္ကြန်သီချင်းတစ်ပုဒ် ဆိုထားတာရှိပါတယ်။ အဲဒီတစ်ပုဒ်ကိုလည်း တော်တော် အားထားထားပါတယ်။ ကိုယ်တိုင်လည်း ရေးထားတာဖြစ်တယ်။ နောက်ပြီးOwntuneလေးပါ။ အဲဒီသင်္ကြန်သီချင်းလေးကို ပရိသတ်ကြီးကိုလည်း နားထောင်ကြည့်စေချင်ပါတယ်။ အစ်မ အခုမြန်မာပြည်ကို ပြန်လာပြီ။ ပြန်လာပြီဆိုတော့ အခု အစ်မလက်ခံဖြစ်တဲ့ ရှိုးပွဲလေးတွေမှာ အစ်မရဲ့အောင်မြင်ပြီးသား သီချင်းတွေပဲဆိုဖြစ်တယ်။ သီချင်းက အဟောင်းတွေပေါ့။ ဒါပေမဲ့ ပရိသတ်က အဲဒီသီချင်းဟောင်းတွေကို အားပေးနေတုန်းပဲ။ ဒါပေမဲ့ အစ်မဘက်က ပရိသတ်ကို အားနာလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါလာလည်း မယုဇနက ဒီသီချင်းတွေပဲ ဆိုနေတာပဲ။ ပရိသတ်အားပေးတာတော့ အားပေးတာပေါ့။ ဒါပေမဲ့ သီချင်းအသစ် ထပ်ထွက်သင့်တယ်လို့ ဆိုပြီး ကိုယ့်ဘာသာကိုမြင်မိတယ်။ သီချင်းတွေက မလုပ်တာတော့မဟုတ်ဘူး။ အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်တာပေါ့။ အိမ်ထောင်ကျပြီးတော့ ပြည်ပရောက်သွားတာက အစ်မရဲ့အဓိကပြဿနာဖြစ်နေတယ်။ ဘယ်လိုမှစီးရီးမထွက်ဖြစ်ဘူး။ အခုအစ်မပြန်ပြီးတော့ မြန်မာပြည်မှာ အခြေကျနေတာဖြစ်တဲ့အတွက်ကြောင့် ကြိုးစားပြီး ပရိသတ်ရှေ့ကို စီးရီးအခွေ ချပေးနိုင်အောင်လို့  ကြိုးစားနေပါတယ်။ အဲဒီအခွေလေးရဲ့အပေါ်မှာ ကောင်းတာ၊ ဆိုးတာကို ဝေဖန်ပါ။ အကြံပေးပါ။’လို့ သူမက ပြောပါတယ်။

ပဋိပက္ခသီချင်းက ပရိသတ်တွေကြားမှာ အရမ်းပေါက်ခဲ့တော့ အဲဒီလိုသီချင်းပုံစံမျိုး ဖန်တီးဖို့ရှိ၊ မရှိမေးကြည့်လိုက်တဲ့ အခါမှာတော့ သူမက ‘အခုဟာက ဘယ်လိုဖြစ်နေလဲဆိုတော့ ပဋိပက္ခသီချင်းကို မကျော်နိုင်ဘူးဖြစ်နေတယ်။ ကိုယ်လည်းစဉ်းစားတယ်။ ငါဒီလိုသီချင်းပုံစံမျိုး နောက်တစ်ပုဒ် ထပ်ထွက်ချင်တယ်ပေါ့။ ဒါပေမဲ့ ကိုယ်ကိုတိုင်ရေးတဲ့ ကိုယ်ပိုင် Owntuneအခွေထဲမှာတောင် melodyအားအရရော၊ စာသားအရရော၊ နောက်ပြီးပဋိပက္ခသီချင်းက အဝင်မှာတင် ပရိသတ်ကို နှစ်ခြိုက်ခဲ့တာကို တွေ့ရတယ်။ ပဋိပက္ခလို ပုံစံမျိုး အစ်မထပ်ပြီးတော့ ထွက်ဖြစ်အောင်လို့ စဉ်းစားနေပါတယ်။ တကိုယ်တော် အခွေလုပ်ဖြစ်တာကတော့ အစ်မက ကိုယ်ပိုင်သံစဉ်ရှိနေစေချင် တာလည်း ပါပါတယ်။ ကိုယ်ပိုင်သံစဉ်ရယ်နောက်ပြီးတော့ အခွေမထွက်ဖြစ်တာ ကြာတာရယ်ကြောင့် ထွက်ဖြစ်ချင်နေတာပါ ။ကြာလည်းကြာနေပြီဆိုတော့ ပထမတော့ စီးရီးတစ်ခွေစာ ပြည့်မှ သွင်းမလို့ပဲ။ သီချင်းသွင်းမယ်လို့ စဉ်းစားထားတာ။ ဒါပေမဲ့ အဲဒါကို စောင့်နေရင်ပြီးမှာ မဟုတ်တော့ဘူး။ သီချင်းလည်း သွင်းနှင့်မယ်။ ကိုယ်စိတ်တိုင်းကျတဲ့ သီချင်းလေးတွေ သွင်းပြီးတော့ သီချင်းတွေလည်း ထပ်ရေးသွားမယ်။ ဒါဆိုမြန်သွားမယ်ပေါ့နော်။ ဒါပေမဲ့ အခုကိုယ်စိတ်တိုင်းကျတဲ့ သီချင်းတွေ ကိုသင်္ကြန်ပြီးတာနဲ့ စသွင်းတော့မယ်။ နောက်နှစ်သင်္ကြန်မတိုင်ခင် ဒုတိယမြောက် တစ်ကိုယ်တော် အခွေထွက်ဖြစ်နိုင်အောင်လို့ ကြိုးစားသွားမှာပါ’တဲ့။

         

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.