အောင်မြင်မှုတွေ တပွေ့တပိုက်နဲ့ ပရိသတ်လက်ခံအားပေးနေတဲ့ အနုပညာရှင် တစ်ဦးကတော့ မိသားစုနဲ့ ကျန်းမာရေး အခြေအနေကြောင့် မကြာသေးခင်က ကားရိုက်နားထားခဲ့ပြီး လတ်တလောမှာမှ အနုပညာ လုပ်ငန်းတွေကို ပြန်လည် လုပ်ကိုင်လာသူ အူဝဲလို့ အများက ချစ်စနိုးနဲ့ခေါ်ကြတဲ့ အိန္ဒြာကျော်ဇင်ပဲ ဖြစ်ပါတယ်။ သူမက အခုဆိုရင် ပရိသတ်ကို ချစ်မြတ်နိုးလွန်းတဲ့စိတ်နဲ့ တစ်လကို တစ်ကားနှုန်းအဖြစ် ပြန်လည်ရိုက်ကူးနေပြီး ကျန်းမာရေး အခြေအနေကြောင့် ပိုးသတ်ဆေးပါတဲ့ ဆေးတွေကိုသောက်သုံးရပေမယ့် ဒါကို အဆိုးထဲက အကောင်းလို့ပဲ ပြောရမလား။ ခန္ဓာကိုယ် သွယ်သွယ် လျလျလေးနဲ့ မြင်သူတကာအားကျရလောက်တဲ့ အလှပဂေး အူဝဲနဲ့တွေ့ဆုံခိုက်မှာ ပြောဖြစ်သမျှတွေကတော့….။
– အစ်မ အခုပြန်ရိုက်နေပြီဆိုတော့ ရိုက်ထားတဲ့ ကားလေးအကြောင်းကို အရင် ပြောပြပေးပါဦး။
အစ်မက အခုတစ်လကို တစ်ကားပဲလက်ခံတယ်ဆိုတော့ ဒီတစ်လအတွက် တစ်ကားတော့ အစ်မရိုက်ပြီးသွားပြီ။ ဒါရိုက်တာညိုမင်းလွင်၊ မင်းသားက စိုင်းစိုင်းခမ်းလှိုင်နဲ့ပေါ့။ ကာရိုက်တာက မိသားစုတစ်ခုကြောင့် သူတို့ မိသားစုဘ၀ ပျက်ခဲ့ရတာကို ပြန်ပြီး ကလဲ့စားချေတဲ့ ဇာတ်လမ်းမျိုးပေါ့။
– ရှေ့လကျရင်ရိုက်မယ့်ကားက။
အန်ကယ်လေးနဲ့ပါ။
– အခုနောက်ပိုင်းမှာ တစ်လတစ်ကားပဲ ပုံမှန်ရိုက်ကူးသွားတော့မှာလား။
တစ်လတစ်ကားပဲ ရိုက်မယ်။ နားတဲ့ရက်တွေမှာတော့ ကြော်ငြာလေးတွေနဲ့ ဓာတ်ပုံရိုက်လောက်ပဲ လုပ်ပေးဖြစ်တယ်။ အဲဒါတွေက အချိန်သိပ်မပေးရဘူးလေ။ ကားရိုက်ကတော့ တစ်ကားပဲ လက်ခံထားတယ်။ ဘာလို့လည်းဆိုတော့ ကားရိုက်က အချိန်အရမ်းပေးရတဲ့အတွက် သမီးလေးကို အချိန်မပေးနိုင်မှာအရမ်းဆိုးတယ်။
-အခုပိုလှလာတယ်နော် အစ်မ။ အရင်ထက်လည်း ပိန်သွားသလိုပဲ။
ပိန်သွားတာက အစ်မကြားထဲမှာ ကျန်းမာရေးကြောင့် ပိုးသတ်ဆေးတွေသောက်ရလို့ ၀ိတ်ချစရာမလိုပဲ သူ့အလိုလို ပိန်သွား တာ။ ဆေးသောက်တဲ့ နေ့တိုင်း ဘာအစားအစာမှ မ၀င်ဘူး။ စားလို့လည်းမရဘူး။ အဲဒါကြောင့် မပင်ပန်းပဲနဲ့ ပိန်သွားတော့ ကောင်းတာပေါ့နော်။
– ဒုတိယရင်သွေးလေး ယူဖို့အတွက်ရော ဘယ်လိုစီစဉ်ထားလဲ။
ကျန်းမာရေးကြောင့် ကြားထဲမှာလည်း ကလေးမယူဖြစ်ဘူး။ အခုယူမယ်ဆိုရင်တော့ ယူလို့ရနေပါပြီ။ ယူဖို့လည်း အစီအစဉ်ရှိပါတယ်။ တစ်ခုရှိတာက ကိုယ်ယူချင်တိုင်းလည်း ကလေးကရချင်မှရတာဆိုတော့ အဲဒီအပေါ်မှာ အရမ်းကြီး စိတ်နှစ်မထားဘူး။
– အခုလတ်တလောမှာ အမြဲဝတ်ဖြစ်တဲ့ပုံစံ။
အရမ်းပူတော့ အအိုက်သက်သာမဲ့ ပုံစံလေးတွေပဲဝတ်ဖြစ်ပါတယ်။ အရောင်ကတော့ အစွဲမရှိဘူး။ အခုတလောကတော့ အရောင်တောက်တောက်လေးတွေ ၀တ်ဖြစ်နေ တယ်။ အလွင်လေးတွေပေါ့နော်။
– သမီးလေးကိုရော ကိုယ့်လိုပဲအနုပညာရှင်တစ်ယောက်ဖြစ်စေချင်လား။
ရှင်းရှင်းပြောရင်တော့ မဖြစ်စေချင်ဘူး။ ဘာလို့လည်းဆိုတော့ ကိုယ်တွေ ကိုယ်တိုင်ဖြတ်သန်းလာခဲ့ရတော့ ဒီအလုပ်က ပရိသတ်ရဲ့ အချစ်ကိုတော့ရတယ်။ ပရိသတ်ရဲ့ မေတ္တတွေကိုတော့ရတယ်။ ဒါပေမဲ့ စိတ်ရော လူရောအရမ်းပင်ပန်းတယ်။ သူ့ကိုအဓိကကတော့ ပညာရေးကိုပဲ ဦးစားပေးစေချင်တယ်။
– ပြေသုဒြာလေးကရော ဘယ်လိုပုံစံလေးများလဲ။
သူကတော့ အခုချိန်မှာတော့ ဓာတ်ပုံတွေရိုက်မယ်ဆိုရင်တောင် ဂျီကျတယ်။ မကြိုက်ဘူး။ ဒီလမ်းကြောင်းပေါ်ကို သူသွားချင်မှ သွားလိမ့်မယ်။
– အစ်မတို့နှစ်ယောက်လုံးက အနုပညာရှင်တွေဖြစ်ပြီး သူ့ကျမှ ဘယ်လိုဖြစ်တာလည်း မသိဘူး။
အစ်မတို့နှစ်ယောက်လုံးဖြစ်နေလို့၊ သူဝါသနာမပါတော့တာလားမသိဘူး။
– ဖက်ရှင်ဆိုတဲ့ စကားလုံးကို အစ်မနားလည်ထားတာက။
အဓိကက ၀တ်လိုက်တဲ့ အခါ ခန္ဓာကိုယ်ပေါ်မှာ ဖက်ရှင်ဖြစ်နေရမယ်။ အ၀တ်အစားရော၊ ပုံစံရော၊ အားလုံးအကုန် ပေါ့ညီမရယ်။ သူ့ကိုကြည့်လိုက်တဲ့အခါမှာ သူများနဲ့မတူဘူး။ အ၀တ်အစားကအစ Up To Date ဖြစ်နေရမယ်။
– တက်သစ်စမော်ဒယ်တွေက အစ်မရဲ့ ဖက်ရှင်တွေကို သဘောကျကြတယ်နော်။
ကျေးဇူးအများကြီးတင်ပါတယ်။ အခုနောက်ပိုင်းမော်ဒယ်တွေက အရင်တုန်းကနဲ့ မတူတော့ဘူး။ ၀တ်တတ်၊ စားတတ် ကြပါတယ်။ အစ်မဆိုအကုန်လုံးကိုကြည့်ပြီး ချစ်တယ်။ မော်ဒယ်လေးတွေရော၊ မင်းသမီးအငယ်လေးတွေရော အကုန်လုံးက ၀တ်တတ်၊စားတတ်ကြပြီး အဆင်ပြေတယ်။ အရင်တုန်းကဆို ဖက်ရှင်ကို သိပ်မထွင်ကြဘူး။ အခုခေတ်မှာတော့ အားလုံးက ဖက်ရှင်နဲ့ ပတ်သတ်ပြီး ပြောစရာမလိုတော့ပါဘူး။
– ဒီဇိုင်နာတွေကျတော့ ဘယ်သူတွေနဲ့အပ်ဖြစ်သေးလဲ။
အကုန်လုံးနဲ့တော့အပ်ဖြစ်ပါတယ်။ ကိုယ်ကကားရိုက်ရော၊ ကြော်ငြာရော၊ ပြက္ခဒိန်ရော အစုံဆိုတော့ အကုန်နဲ့တော့ချုပ် ဖြစ်ပါတယ်။
– အပြင်ဆိုင်တွေဆိုရင် ဘယ်ဆိုင်တွေမှာဝယ်တာများလဲ။
ဝယ်ပါတယ်။ သွားရင်းလာရင်းနဲ့ ကိုယ်ကြိုက်တာလေးတွေတွေ့ရင် ၀ယ်ဖြစ်တယ်။ ရှော့ပင်းစင်တာတွေမှာ သွားရင်း တွေ့ရင်လည်း ၀ယ်ပါတယ်။Junction Square ,Taw Win Centre တို့ဆို အစ်မအမြဲသွားဖြစ်တယ်။ သွားရင်သမီးလေးနဲ့လည်းသွားတယ်။ တူမလေးတွေနဲ့လည်းသွားတယ်။ သွားရင်အမြဲအုပ်စုလိုက်သွားတယ်။
– အခုခေတ်မော်ဒယ်မလေးတွေနဲ့အပြိုင် အစ်မကိုလှတုန်းပဲလို့ပြောကြတယ်။
မဟုတ်ပါဘူး။ တက်သစ်စမော်ဒယ်တွေက ပိုလှတာပေါ့ညီမရယ်။ အစ်မက ကလေးအမေဖြစ်သွားပြီလေ။
– ကလေးလေးမွေးပြီးတော့မှ ပိုပြီးလှလာတယ်နော်။
အဲဒါက ချစ်လို့ပြောတာနေမှာပါ။ ညီမရယ် ။ အဲဒီအတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်။
– အစ်မကိုအားပေးနေတဲ့ပရိသတ်ကြီးကိုရော ဘာပြောချင်သေးလဲ။
ပရိတ်သတ်တွေ ကြိုက်နိုင်မဲ့ဇာတ်မျိုးတွေကိုပဲ ရွေးပြီးရိုက်ထားပါတယ်။ ပရိသတ်ကိုပဲ အမြဲစိတ်ထဲမှာ ထည့်ပြီးတော့ အကောင်းဆုံးကြိုးစားနေပါတယ်လို့ပြောချင်ပါတယ်။