ယုံရခက်ခက်တော့ဖြစ်ရင်ဖြစ်မှာပေါ့။ ဒါပေမယ့် ဒီနှစ်ရဲ့ အစောပိုင်းကာလအတွင်းမှာပဲ Metallica တို့ရဲ့ ပွဲဦးထွက် album Kill ‘Em All ထွက်ခဲ့တာ နှစ်ပေါင်း ၃၀ပြည့်ခဲ့ပါပြီ။ Metallica ဟာ သူတို့ကိုယ်သူတို့ Thrash-metal အပါယ်ခံဘ၀ကနေ ကမ္ဘာ့ကျော်ဝိုင်းတစ်ဝိုင်းအဖြစ်ကို ပြောင်းလဲနိုင်ခဲ့ပါတယ်။ သူတို့နဲ့ ဂီတအမျိုးအစားတူညီအစ်ကိုဝိုင်းတွေက ပြန်ပေါင်းထုပ်နယ်လှည့်ပွဲတွေတီးနေချိန်မှာ သူတို့က လက်မှတ်အကုန်အစင်ရောင်းထွက်တဲ့ ဂီတပွဲတွေကို အပိုင်သိမ်းနိုင်ခဲ့ပါတယ်။ Metallica ရဲ့နောက်ဆုံးဖန်တီးမှုကတော့ Through the Never ရုပ်ရှင်ဖြစ်ပါတယ်။
Vacancy နဲ့ Predators ဇာတ်ကားတွေရဲ့ ဒါရိုက်တာ Nimród Antal ရိုက်ကူးတဲ့ဒီ 3D IMAX ရုပ်ရှင်မှာ ၀ိုင်းရဲ့ ဖျော်ဖြေပွဲတွေမှာ တောက်တိုမယ်ရလုပ်သူ (Roadie) လူငယ်လေးတစ်ယောက် အဓိကရုဏ်းနှိမ်နင်းရေးရဲတွေ မြို့ပြရဲ့မနှစ်မြို့ဖွယ်ရာနေရာတွေနဲ့ အိပ်မက်ဆိုး ဆန်ဆန် ပုံရိပ်တွေကြားမှာ သူ့ရဲတာဝန် တစ်ခုပြီး မြောက်အောင် လုပ်ရတဲ့စွန့်စားခန်းတွေကို Metallica ရဲ့ Show ပွဲပုံရိပ်တွေနဲ့ ပေါင်းစပ်ဖန်တီးထားတာဖြစ်ပါတယ်။ The Verge နဲ့ Metallica ရဲ့ဂစ်တာသမား Kirk Hammet ရဲ့အင်တာဗျူးမှာ ရုပ်ရှင်ရိုက်တုန်းက အဖြစ်အပျက်တွေ Metallica ရဲ့ ဂီတလုပ်ငန်းတွေအကြောင်းကို
ပြောဖြစ်ခဲ့ပါတယ်။
– Through the Never မှာခင်ဗျားတို့ လိုက်ဖက်ညီတဲ့ပေါင်းစပ်မှုတစ်ခုကိုဖန်တီးနိုင်ခဲ့တယ်။ အဲဒီ့စိတ်ကူးဘယ်သူ့ဆီကရတာလဲ။
ဒီစိတ်ကူးကကျွန်တော်တို့ဆီကပဲလာတာပါ။ ကွဲပြားခြားနားပြီး လုက်ဖက်ညီတဲ့ဖန်တီးမှုတစ်ခုရဖို့ ဇာတ်လမ်းလေးတစ်ခုလောက် ထည့်ရမယ်ဆိုတာ ကျွန်တော်တို့သိနေခဲ့တယ်။ လွန်ခဲ့တဲ့နှစ် ၃၀၊ ၄၀ အတွင်းဒီလိုရုပ်ရှင်မျိုးတွေကပုံစံခွက်ကြီးတွေနဲ့ ဖန်တီးထားတာမျိုးတွေချည်းပဲ။ ကျွန်တော်အဲဒီလိုရုပ်ရှင်တွေကိုကြည့်ရင် ဘာဖြစ်မလဲဆိုတာကြိုသိနေတယ်။ Show ပွဲအပိုင်းတွေ၊ ဇာတ်ဆင်နောက်ကကိစ္စတွေ၊ ၀ိုင်းနဲ့ အင်တာဗျူးတွေနဲ့ ၀ိုင်းရဲ့သမိုင်းကြောင်းလေးနဲနဲပေါ့။ အရမ်းကိုခန့်မှန်းလို့ရနေတယ်။ ကျွန်တော်တို့တွေးမိတာက Show ပွဲပါတဲ့အခန်းတွေနဲ့ ဇာတ်လမ်းလေးတစ်ပုဒ်လောက်ပေါင်းလိုက်ရင် ဒါဟာကျွန်တော်တို့သိပ်မကြည့်ဘူးတဲ့အရာတစ်ခုဖြစ်လာမှာပေါ့။
– ဒီနောက်ခံဇာတ်လမ်းက ၀ိုင်းထဲကနေဖြစ်လာတာလား။
မဟုတ်ပါဘူး။ တကယ်တော့ဒါဟာ Nimród ရဲ့စိတ်ကူးပါ။ ကျွန်တော်တို့ဒီကိစ္စအတွက် ဒါရိုက်တာနဲ့ အကြံဥာဏ်တွေရှာတုန်းကကျွန်တော်တို့ရတဲ့ အကြံဥာဏ်တွေက ၅မျိုးလောက်ပဲရှိတာ။ အဲဒီ့အထဲက ၄မျိုးလောက်က သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွေချည်းပဲ။ ကျွန်တော်တို့ထဲက ဘယ်သူကမှ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းမလုပ်ချင်ကြတာ သိသာထင်ရှားပါတယ်။
ဒီလိုစိတ်ကူးမျိုးတွေနဲ့ Metallica ကိုအတူပေါင်းစပ်ပြီးဖန်တီးရမှာ တကယ်ကိုကြောင်တောင်တောင်နိုင်ပါတယ်။
ပြီးတော့မှကျွန်တော်တို့ Nimród ရဲ့စိတ်ကူးကိုကြားရပါတယ်။ သူ့စိတ်ကူးကအရမ်းမိုက်ပါတယ်။ ကျွန်တော်တို့ အတူပါဝင်သရုပ်ဆောင်ပြီး Metallica ရဲ့ကိုယ်ပိုင်လက္ခဏာကို ထည့်သွင်းနိုင်ဖို့နေရာလွတ်ရပါတယ်။ ဒီစိတ်ကူးကတော့ Metallica အရမ်းဆန်ပါတယ်။ ဆန့်ကျင်ဆန္ဒပြတဲ့မြင်ကွင်းတွေ၊ တော်လှန်ပုန်ကန်တဲ့စိတ်ကူးတွေ အာဏာပိုင်ဆန့်ကျင်ရေးစိတ်ဓာတ်တွေ အားလုံးဟာ Nimród ရဲ့ဇာတ်လမ်းပါပဲ။ ဒါဟာလုပ်သင့်တဲ့အရာလို့တွေးပြီး ကျွန်တော်တို့လုပ်ခဲ့ကြတယ်။
– ဒီရုပ်ရှင်မှာ ကျွမ်းကျင်ပါးနပ်ပြီး ကြည့်ရှုသူကိုဝိုင်းရံထားသလိုခံစားရတဲ့ 3D ဖန်တီးမှုမျိုးကိုတွေ့ရတယ်။ အလွယ်လိုက်ပြီး ပေါက်ရုံသက်သက်လုပ်ရင် ခင်ဗျားတို့အတွက်ပိုလွယ်မှာပေါ့။
ဒီ 3D ဖန်တီးမှုက ဖန်တီးမှုတစ်ခုလုံးကို နက်နဲတဲ့အရာတစ်ခု ဖြည့်ဆည်းပေးပါတယ်။ ကျွန်တော်ဆိုလိုတာက ဒီ 3D ဖန်တီးမှုက drum stick ကြီး (TV ထဲကထွက်လာပြီး) ခင်ဗျားရဲ့ခေါင်းကိုလာမှန်သလိုမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ဝိုင်းနဲ့ စတိတ်စင်နဲ့ကြားက အတားအဆီးတွေကို ချိုးဖျက်ချင်တာဗျ။ ရုပ်ရှင်ကြည့်တဲ့သူကို စင်ပေါ်ခေါ်တင်ပြီး ကျွန်တော်တို့ခံစားနေတာကို ခံစားစေချင်တာ။
-ခင်ဗျားတို့ရှေ့ဆက်ဘာလုပ်မယ်ဆိုတာဆုံးဖြတ်တဲ့အခါ ပရိတ်သတ်တွေရဲ့တုန့်ပြန်မှုကရော အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်သလား။ Lulu လိုအခွေမျိုးမှာ အချို့တွေကကြိုက်ကြပေမယ့် ကာလရှည်ကြာအားပေးလာတဲ့ပရိတ်သတ်အချို့က စောဒဂတက်ခဲ့ကြတယ်လေ။
မပါဝင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအခွေကိုကျွန်တော်တို့အတွက်ကျွန်တော်တို့ ဖာသာ ဖန်တီးခဲ့တာပဲလေ။ Lulu ကတော့ ဥပမာကောင်းတစ်ခုပေါ့။ ကျွန်တော့်အထင် Lulu ဟာကျွန်တော်တို့ဖန်တီးခဲ့သမျှ အကောင်းဆုံးတွေထဲကတစ်ခုပါ။ “Junior Dad” ဆိုတဲ့သီချင်းဆိုရင်ကျွန်တော်ကိုမျက်ရည်တောင်လည် စေပါတယ်။ Lou Reed ကတော့ မိုက်လဲမိုက် သဟဇာတလဲဖြစ်ပြီး ကျွန်တော်တို့အတွက် ထူးခြားတဲ့သူတစ်ယောက်ပါ။ ဒီအခွေက အကုန်လုံးအတွက်မဟုတ်လို့ဖြစ်ချင်ဖြစ်မှာပေါ့။ ကျွန်တော်တို့ပရိတ်သတ်တွေအတွက်လဲ စိန်ခေါ်မှုတစ်ခု ဖြစ်ရင်လဲဖြစ်မှာပေါ့။ ဒါပေမယ့် ကျွန်တော်အပါအ၀င် Lars, James နဲ့ Rob တို့အတွက်ကတော့ ဒါမျိုးလုပ်ရတာကိုနှစ်သက်ပါတယ်။ ပြီးတော့ဒါဟာ အရမ်းမိုက်တဲ့အတွေ့အကြုံ ပါပဲ။ ကျွန်တော်တို့ဒီအခွေကိုအကောင်းမြင်ပါတယ်။
-Metallica ပေါ်ပေါက်လာတဲ့အချိန်ကစပြီး ဂီတလောကကြီးရုတ်တရက်ပြောင်းလဲသွားတယ်။ album တွေနဲ့ record အရောင်းဆိုင်တွေအစား (internet ကိုအားပြုတဲ့) streaming service နဲ့ digital အရောင်းဈေးကွက်တွေဖြစ်လာတယ်။ အရင်ကလို ကြီးကျယ်ခမ်းနားတဲ့ record အရောင်းဈေးကွက်အယူအဆမျိုး မရှိတော့ဘူး။ ရှေ့ဆက်လျှေက်ဖို့အတွက်အကောင်းဆုံးနည်းလမ်းတွေရှာဖွေနေတဲ့ ဒီနေ့ခေတ် လူငယ် ၀ိုင်းတွေကိုခင်ဗျားဘာပြောချင်လဲ။
ကျွန်တော်ပြောချင်တာက နည်းလမ်းပေါင်းစုံကို စူးစမ်းရှာဖွေပြီး ကိုယ်လုပ်နေတဲ့အရာနဲ့ အသင့်တော်ဆုံးကိုလုပ်ပါ။ ဒီနည်ပညာတိုးတက်တဲ့ကာလ မှာ ဂီတသမားတစ်ယောက် အဖြစ်အသက်မွေးဖို့က ခေတ်ကိုနောက်ပြန်သွားနေသလိုဖြစ်နေတယ်။ အခွေလေးသွင်းပြီးတော့ ရောင်းရဖို့မျှော်လင့်နေပြီး ဒါနဲ့အသက်မွေးချင်လို့တော့ဘယ်ရမလဲ။ အဲဒီတော့ တကယ် ဂီတနဲ့အသက်မွေးချင်ရင် အပြင်ကိုထွက်ပြီးတီးရမှာပေါ့။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာတုန်းကလိုပဲ ဂီတသမားတွေက record တွေကနေပိုက်ဆံရတာမှမဟုတ်ဘဲ အပြင်ထွက်ဖျော်ဖြေခဲ့ကြတာပဲ။ ပြီးတော့ (ဒီနေ့ခေတ်မှာ) ခင်ဗျားရဲ့ရောင်းကုန်တွေ ရောင်းရဖို့ You Tube ကိုတက်ပေါ့။ ပြီးတော့ အခြားအပိုဖြည့်စွက်ကုန်ပစ္စည်းတွေလဲပါလာမှာပေါ့။ ဒါပေမယ့် အရင်လိုမဟုတ်တော့တာတော့သေချာတယ်။ အရင်တုန်းက လုပ်ကြတဲ့ပုံစံတွေက လူတွေ (ဂီတသမား)တွေကို အပြင်လောကထွက် အကောင်းတကာ့အကောင်းဆုံးတွေကြိုးစားဖန်တီးပြီး ရောင်းကောင်းတဲ့ album တွေလုပ်ဖို့ တွန်းအားပေးပါတယ်။ အဲဒီလိုအဖြစ်မျိုးကြောင့် အရမ်းကြီးကျယ်ခမ်းနားတဲ့ အနုပညာ ဖန်တီးမှုတစ်ခုထွက်လာမှာပဲလေ။ ကျွန်တော်တို့ဒီနေ့ခေတ်လိုအခြေအနေမျိုးရောက်လာပြီဆိုတော့ ကောင်းမွန်တဲ့ အနုပညာဖန်တီးမှုတွေရှိနေသေးတယ်ဆိုတာ သေချာပေမယ့် အရင်လိုတော့မဟုတ်တော့ပါဘူး။
-အခွေသစ်အကြောင်းနဲ့လက်ရှိအခြေကရောဘယ်လိုရှိပြီလဲ။
နောက်နှစ်ရဲ့အစပိုင်းလောက်မှကျွန်တော်တို့စလုပ်ကြမှာ။
-ထုပ်လုပ်ရေးပိုင်းအတွက် Rick Rubin ပြန်လာလုပ်ဦးမှာလား။
ကျွန်တော်တို့ဒီလောက်ထိ ခရီးမရောက်သေးတာခင်ဗျားသိပါတယ်။ (ရယ်လျက်)
– ခင်ဗျားတို့အပြင်းအထန်စဉ်းစားနေတဲ့ စိတ်ကူးတွေ အကြောင်းပြောလို့ရမလား။ နောက်ဆုံးအခွေကို အရင်ဂန္တ၀င် Metallica နေ့ရက်တွေကိုပြန်သွားတဲ့အရာတစ်ခု လို့ကြေညာထားတယ်။ ဒါ အရင်လိုဖန်တီးမှုတွေပဲလား။ ဒါမှမဟုတ် လုံးဝကွဲပြားတဲ့ဟာလား။
ကျွန်တော်ပြောခဲ့သလိုပါပဲ။ ပြောပြဖို့အရမ်းစောပါသေးတယ်။ ကျွန်တော်တို့စတီးပြီးဆိုရင် ဘယ်လိုပုံထွက်လာမလဲကျွန်တော်တို့သိရမှာပဲ။ ဒီလိုနည်းနဲ့ပဲလုပ်လာတာပဲ။ ဒီတစ်ခါဘယ်လိုပုံစံမျိုးတွေ ထွက်လာမလဲဆိုတာကြည့်ကြတာပေါ့။
(Ref: theverge)