မိသားစု၊ သူငယ်ချင်း၊ အိမ်မွေးတိရိစ္ဆာန်၊ ဘိုးစဉ်ဘောင်ဆက် အမှတ်တရပစ္စည်းတွေကို ကယ်တင်ဖို့အတွက် မီးလောင်နေတဲ့အိမ်ထဲကို ပြေးဝင်ခဲ့ကြတာတွေ အခါခါ၊ ဒုနဲ့ဒေးပါ။ ဒါတွေကို အချိန်မလောက်လို့ မပြောတော့ပါဘူး။ မီးတရဲရဲနဲ့ အိမ်ထဲကို သူရဲကောင်းဆန်ဆန် အလျင်အမြန် ပြေးဝင်ခဲ့တဲ့ သူတစ်ယောက်ရှိပါတယ်။ သူ့ရဲ့ Xbox (ဂိမ်းစက်) ကို ကယ်တင်ဖို့ သက်စွန့်ဆံဖျားပြေးဝင်ခဲ့တာ ဖြစ်တယ်လို့ KMBC သတင်းရုပ်သံလိုင်းက သတင်းထုတ်ပြန်သွားပါတယ်။
ပြီးခဲ့တဲ့အပတ်က အမေရိက၊ Kansas ပြည်နယ်၊ Olathe မြို့က လူတစ်ယောက်ရဲ့ အိမ်မှာ နံနက်ခပ်စောစော မီးလောင်မှုဖြစ်ခဲ့ပါတယ်။ သူနဲ့ သူ့အခန်းဖော်တို့ဟာ မီးခိုး အချက်ပေးသံတွေကြောင့် လန့်နိုးခဲ့ပြီး အပြင်ဘက်ကို ပြေးထွက်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ထဲက တစ်ယောက်ဟာ သူ့ရဲ့ ဗီဒီယိုဂိမ်းစက်ကို ကယ်ဆယ်ဖို့ မီးလောင်နေတဲ့အိမ်ထဲ အလျင်စလို ပြေးဝင်သွားကြောင်း တာဝန်ရှိသူတွေပြောကြားချက်အရ သိရပါတယ်။ ကံကောင်းတာကတော့ အဲ့ဒီ့သူဟာ အသေးစား မီးခိုးရှူရှိက်မှုလောက်ပဲ ဖြစ်စေခဲ့တာပါပဲ။ သူဟာ Kansas မြို့က ဟီးရိုးစတားအဖြစ် နာမည်ကြီးခဲ့တော့တယ်။
“မီးလောင်တာကတော့ ရယ်စရာဘယ်ဟုတ်မလဲ။ မီးသတ်သမားတွေ ရောက်လာတော့ မီးညွန့်တွေက ပြူတင်းပေါက်တွေမှာ လှိုက်တက်နေပြီ။” လို့ Kansas မြို့ဟီးရိုး စတားကြီးက ပြောသွားပါတယ်။
မီးလောင်တဲ့နေရာကို သတင်းလိုက်ခဲ့တဲ့ KMBC သတင်းထောက်ရဲ့ သတင်းပို့ချက်အရ မီးဂျိုင့်ပေါက်က စလောင်တာဖြစ်ပြီး ဆုံးရှုံးမှုဟာ ကန်ဒေါ်လာ ၈၀၀၀၀ တန်ဖိုးရှိတယ်လို့ သိရပါတယ်။ အပျက်အစီးများသွားတဲ့အတွက် အဲ့ဒီ့အိမ်မှာ ဆက်နေဖို့ မဖြစ်နိုင်တော့ပါဘူး။ Xbox ဂိမ်းစက်ဟာ မီးလက်က လွတ်မလွတ် ကိုတော့ သတင်းထုတ်ပြန်ထားခြင်း မရှိပါဘူး။ လွတ်မယ်လို့တော့ မျှော်လင့်ရပါတယ်။
Ref: yahoo.com