ကောင်းကင်ကျွမ်းဘားဝါသနာပါသူ အသက် ၁၆ နှစ်အရွယ် မိန်းကလေးဟာ အုတ်ကလာဟိုးမားပြည်နယ် မှာ Skydiving (လေယာဉ်ပေါ်ကခုန်ချ၍ လေထီးမပွင့်ခင် လေထဲတွင် ကျွမ်းဘားအတတ်ပြသမှု ) ပြုလုပ်ရာမှာ မတော်တဆမှုဖြစ်ပွားပြီး အမြင့်ပေ ၃၀၀၀ ကျော်ကပြုတ်ကျခဲ့ပါတယ်။
Makenzie Wethington ဟာ အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ပေမယ့် များပြားလှတဲ့ ဒဏ်ရာဒဏ်ချက်တွေ ၊ အသည်းထိခိုက်မှု အပြင် နံရိုးတွေ၊တင်ပဆုံရိုး၊ ပခုံးရိုးတွေ ကျိုးသွားခဲ့တယ်လို့  ခွဲစိတ်ဆရာဝန် Jeffery Bender က ပြောကြားခဲ့ပါတယ်။
“ကျွန်တော်လည်း အဲ့ဒီနေရာမှာ ရှိမနေတဲ့အတွက် ဒီမတော်တဆမှု ဘယ်လိုဖြစ်သွားတယ်ဆိုတဲ့ အသေးစိတ်ကို ကျွန်တော်မသိရပါဘူး။ ဒါပေမယ့် သူမသာ ဒီလောက်မြင့်တဲ့ ပေ ၃၀၀၀ ကျော်က ပြုတ်ကျခဲ့တာ မှန်ရင် သူမဘယ်လို အသက်ရှင်ခဲ့လဲ ဆိုတာ ကျွန်တော် မစဉ်းစားတတ်သလောက်ပါပဲ” လို့  ခွဲစိတ်ဆရာဝန်က ပြောကြားသွားပါတယ်။
သူမ ဒီလို ကောင်းကင်ကျွမ်းဘားအတတ် ပြုလုပ်ဖို့ သူမမိဘတွေကိုယ်တိုင်က ခွင့်ပြုခဲ့ပေမယ့် အခုအခါမှာတော့ ကောင်းကင်ကျွမ်းဘားပြုလုပ်ပေးတဲ့ ကုမ္ပဏီဟာ ခွင့်မပြုသင့်ခဲ့ဘူးလို့ ပြောကြားလာပါတယ်။
အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးတစ်ယောက်ကို ကောင်းကင်ကျွမ်းဘားပြုလုပ်ဖို့ ခွင့်ပြုခဲ့တဲ့ ကုမ္ပဏီ အနေနဲ့ တရားရင်ဆိုင်သွားရဖို့ ရှိပြီး ကုမ္ပဏီဒါရိုက်တာ Robert Swainson ကတော့ သူမခုန်ဆင်းပြီးခဲ့တဲ့ အချိန်မှာ လေထီးပွင့်ခဲ့ပါတယ်လို့  ထွက်ဆိုထားပါတယ်။
ဒီလို ကောင်းကင်ကျွမ်းဘားအတတ် စမ်းချင်တဲ့လူတွေဟာ ဒီလိုလေယာဉ်ပေါ်ကခုန်ချပြီး အမှန်တကယ် မပြုလုပ်ရခင် အစမ်းလေ့ကျင့်သင်ကြားမှုတွေကို ခြောက်နာရီ ကနေ ခုနှစ်နာရီ လောက်ထိ သင်ကြားရတယ်လို့ သိရပါတယ်။
Ref: express.co.uk