ကမ္ဘာဦးအစကတည်းက လူတွေကတစ်နည်းမဟုတ်တစ်နည်းနဲ့  အားနည်းသူတွေကို အနိုင်ယူ၊ နှိပ်ကွပ်ခဲ့ကြတာချည်းပါပဲ။ လူသားအချင်းချင်း နှိမ့်ချခွဲခြားဆက်ဆံခြင်းတွေ၊ မတရားအနိုင်ယူခြင်းတွေ၊ ညှင်းပန်းနှိပ်စက်ခြင်းတွေ လျော့နည်းပပျောက်အောင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတန်းကို ရေးဆွဲထုတ်ပြန်ခဲ့ပေမယ့် အသိဥာဏ် အရမ်းမတိုးတက်သေးတဲ့ ကလေးငယ်တွေ၊ ဆုံးဖြတ်ချက် သိပ်မချတတ်သေးတဲ့ ကလေးတွေကို ကလေးဆိုတဲ့ သဘာဝအတိုင်း လူကြီးတွေထက် ခွန်းအားဗလအရ အများကြီး နည်းငယ်နေတဲ့ ကလေးတွေအပေါ်မှာ နိုင်ငံတော်တွေက သာမကဘဲ မိသားစုဆွေမျိုးအသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်နဲ့ တစ်ချို့ အန္တရာယ်ရှိတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာတွေက ကလေးငယ်တွေကို ဖိနှိပ်ချုပ်ချယ်ထားလို့  ကလေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်(Convention on The Rights of The Child @ CRC) ပေါ်ပေါက်လာခဲ့ရပါတယ်။ ကလေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်မှာဆိုရင် ၁၈နှစ်အောက်ငယ်တဲ့သူတွေ အားလုံးကို ကလေးလို့ သတ်မှတ်ထားပါတယ်။
ကျွန်ုပ်တို့ မြန်မာနိုင်ငံမှာဆိုရင် အသက်ဘယ်လောက်ဘဲကြီးသွားပါစေ? မိဘတွေက ကလေးလိုထင်မြင်ယူဆနေကြတုန်းပါပဲ။ ဒါပေမယ့် နိုင်ငံတော်ကတော့ အသက်သတ်မှတ်ပိုင်းခြားပေးထားပါတယ်။ မွေးကင်းစအရွယ်ကနေ အသက်၁၆ကိုတော့ ကလေးလို့ သတ်မှတ်ပြီး၊ အသက်၁၆နှစ်ကနေ ၁၈နှစ်ကြားကို လူငယ်လို့ သတ်မှတ်ပေးထားပါတယ်။ ဒီလိုသတ်မှတ်ချက်တွေကြောင့် ကလေးနဲ့ လူငယ်ဆိုတဲ့ စကားလုံးကို လက်တစ်လုံးခြားလုပ်ပြီး ကလေးအခွင့်အရေးကို ဖောက်ဖျက်နေတာတွေ မြင်တွေ့ နိုင်ပါတယ်။ CRCထဲက အကြောင်းအရာ အချက်အလက်တွေလည်း စာချုပ်ထဲမှာပဲရှိနေတော့တာပါ။ ကလေးငယ်တွေရဲ့ အခမဲ့မူလတန်းပညာရေး ဆိုတာကလည်း အရည်အသွေးမပြည့်မှီတဲ့အပြင်၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာမျိုးတွေမှာ ကျောင်းဆောင်လုံလောက်မှုတွေမရှိပါဘူး။ ကျောင်းနေအရွယ်ကလေးတွေကလည်း မိဘတွေရဲ့ အားနည်းချက်တွေကြောင့် မိသားစုစားဝတ်နေရေး အခက်အခဲတွေပြေလည်အောင် ကျောင်းထွက်ပြီး အသက်မပြည့်ဘဲ အလုပ်ခွင်ထဲဝင်ရောက် အလုပ်လုပ်ကိုင်နေကြရတယ်။ တစ်ချို့ ကလေးငယ်တွေကတော့ မိဘကိုယ်တိုင်ကရောင်းစား လို့ ရောင်းစားလိုက်မိမှန်းမသိအောင် ပြည်တွင်းရော ပြည်ပတွေအထိပါ ရောင်းစားခံနေတာတွေ အများကြီးပါပဲ။ အဆိုးဆုံးကတော့ လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့  တပ်မတော်တွေကနေ အတင်းအကျပ်ဖြစ်စေ၊ ခြိမ်းခြောက်ပြီးဖြစ်စေ နည်းအမျိုးမျိုးနဲ့  သွပ်သွင်းခံနေကြရပါတယ်။ ဒီလိုဖြစ်ရပ်တွေအားလုံးက CRCနဲ့ လုံးဝဆန့် ကျင်နေပေမယ့် တာဝန်ယူဖြေရှင်းဖို့ နည်းလမ်းမှန်တွေကို ကျွန်ုပ်တို့ လမ်းစရှာနေရတုန်းပါပဲ။
ကလေးအခွင့်အရေးဆိုင်ရာသဘောတူစာချူပ်ကို မြန်မာနိုင်ငံက ၁၉၉၁ခုနှစ်၊ ဇူလိုင်လ ၁၅ရက်နေ့ မှာ သဘောတူစာချုပ်ချုပ်ဆိုလက်မှတ်ရေးထိုးထားပါတယ်။ ၁၉၉၃ခုနှစ်မှာလည်း မြန်မာနိုင်ငံအတွက် ကလေးသူငယ်ဥပဒေကိုရေးဆွဲခဲ့ပြီး ၂၀၀၁ခုနှစ်မှာပြဌာန်းခဲ့ဖူးပါတယ်။ ကလေးသူငယ်ဥပဒေကို အရေးတယူလိုက်နာဆောင်ရွက်တာတွေသိပ်မရှိတော့ ပြဌာန်းထားရုံသက်သက်သဘောမျိုးနည်းပါးကိုဖြစ်နေပါပြီ။