ဒိန်ချဉ်ပြုလုပ်နည်း

အိမ်မှာနေရင်းနဲ့ ဒိန်ချဉ်လုပ်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းတွေကတော့
နို့ (Whole Milk) – ၂ ခွက်ခွဲ ( ၅၆ဝ မီလီလီတာ)
နို့မှုန့် – စားပွဲဇွန်း ၁ ဇွန်း (မထည့်လည်းရပါတယ်)
ဒိန်ချဉ် (အလျှင်) – စားပွဲဇွန်း ၁ ဇွန်း
ပထမဆုံးအနေနဲ့
၁။ ဒိန်ချဉ် အခဲခံမည့်ခွက် ( ဖန်ပုလင်း၊ ကော်ဘူး၊ မြေအိုး၊ စဥ့်ရည်သုတ်အိုး စသဖြင့်တို့)ကို သန့်စင်အောင် ဆေးကြောပြီး (လိုအပ်ပါက ရေပူတွင်ပြုတ်ပြီး ပိုးသတ်ပါ၊ ကော်ဘူးကို မပြုတ်ရပါ)။ ခြောက်သွေ့သန့်စင်နေပါစေ။
၂။ နို့ကို ဆူအောင်ကျိုပါ။ တစ်မိနစ်ခန့် ဆက်ဆူနေပါစေ။
၃။ကျိုထားတဲ့နို့ကို အနွေးခံပါ။ (115ံF မှာ ရှိရပါမယ်)။ နို့ နွေးနေသင့်ပါတယ်။ ပူမနေရပါ။

၎။ဒိန်ချဉ် အခဲခံမည့်ခွက်ထဲကို နို့မှုန့်ထည့်ပါ။ ဒိန်ချဉ်အလျှင်ထည့်ပါ။ နို့ရည်နွေးနွေးကို လောင်းထည့်ပြီး သေချာနှံ့စပ်သွားအောင် သစ်သားဇွန်းဖြင့် ညှင်သာစွာမွှေပေးပါ။
၅။နို့အိုးလေးကို Oven ထဲထည့်ပြီး မီးသီးလေးဖွင့်ထားလိုက်တယ်။ နေ့လယ် ၁၁ နာရီကလုပ်တာ ညနေ ၆ နာရီမှာ ခဲနေပါပြီ။
၆။ Oven ကိုမသုံးချင်ရင် နို့အရောကို သန့်ရှင်းစင်ကြယ်ပြီး ပိုးသတ်ထားတဲ့ ဖန်ပုလင်း၊ ဖန်ခွက် ထဲထည့်ပါ။ အဲဒါကိုမှ တစ်ခါ အိုးတစ်ခုထဲထည့်ပါ။ ၃ ပုံ ၂ ပုံ သို့မဟုတ် လည်ပင်းနားရောက်တဲ့အထိ ရေနွေးဖြည့်ပါ။ အိုးအဖုံးကို လုံနေအောင် ဖုံးထားပါ။ မျက်နှာသုတ်ပဝါထူထူနဲ့ ပတ်ထားပါ။ (အေးသောဒေသများအတွက်)

၇။ ဘယ်နည်းလမ်းကိုပဲသုံးသုံး အပူချိန် 115ံF မှာ ၄-၈ နာရီ ရှိနေရပါတယ်။

၈။ ခွက်ကို စောင်းငဲ့ကြည့်လို့ ဒိန်ချဉ်က ခွက်နဲ့ကပ်နေတယ်ဆိုရင် ဒိန်ချဉ်ဖြစ်ပါပြီ။

၉။ ကိုယ်လိုချင်တဲ့ အပျော့၊ အမာ အနေအထားရတဲ့အထိ ၃-၉ နာရီခန့် ရေခဲသေတ္တာထဲမှာထားပါ။ အအေးခံနေစဉ်မှာ ပိုပြီးပျစ်လာပါတယ်။
နို့ ဘာလို့ မခဲရတယ် . . . ။
ဒိန်ချဉ်ဖြစ်မည့် အပူချိန်မရှိဘဲ အေးနေလို့၊ နို့ပူနေစဉ်မှာ အလျှင်ကိုထည့်မိလို့၊ နို့နဲ့ အလျှင်ကို သေချာသမအောင် မမွှေပေးမိလို့၊ အခဲခံမည့် ခွက်ကို ဆေးကြောစဉ်မှာ ဆပ်ပြာကို ပြောင်စင်အောင် မဆေးမိလို့၊ ရက်ကြာနေတဲ့ နို့အလျှင်ကို အသုံးပြုမိလို့ စတဲ့အကြောင်းများကြောင့် နို့မခဲ နိုင်ပါ။
ဒိန်ချဉ် ရည်ရွှတ်ပတ်ဖြစ်ရတာကတော့ . . . ။
အလျှင်ကို လိုအပ်သည်ထက်ပိုသုံးမိလို့၊ အပူချိန်က လိုအပ်သည်ထက်မြင့်နေလို့၊ အချဉ်ဖောက်ထားတဲ့ကာလကို လိုအပ်သည်ထက် ပိုပြီးအကြာကြီးထားလို့။
ဒိန်ချဉ် တင်းတင်းလေးမဖြစ်ဘဲ ပျော့ပြဲကြီးဖြစ်ရတာကတော့ . . . ။
အလျှင်ကို လိုအပ်သည်ထက် လျှော့ထည့်မိလို့၊ အပူချိန်က လိုအပ်သည်ထက် နိမ့်နေလို့၊ အချဉ်ဖောက်တဲ့ကာလ တိုလွန်းလို့၊ နို့ကို ဆူလာသည်အထိ အပူမပေးမိလို့၊ ဒိန်ချဉ်လုပ်နေတဲ့ ကာလအတွင်းမှာ ခွက်ကို စောင်းကြည့်၊ လှုပ်ကြည့်မိလို့ပါ။
ကဲ…ဒီလိုဆိုရင်တော့ အိမ်မှာ ပေါ့ပေါ့ပါးပါးနဲ့ ဒိန်ချဉ်လေးလုပ်စားကြည့်ပါအုံးနော်။


Ref;FOODIE

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.