ကိကိလို့ ပြောလိုက်ရင် ‘မေ့လိုက်’ ဆိုတဲ့ သီချင်းလေးနဲ့ တွဲသိကြမှာပါ။ နိုင်ငံခြားမှာ ကျောင်းသွားတက်ပြီး မကြာသေးခင်က ဒီကိုပြန်ရောက်လာတဲ့ ကိကိနဲ့ တွေ့ဆုံခိုက် သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေအကြောင်း မေးမြန်းဖြစ်တဲ့အခါ ‘ကျွန်တော်အခု သီချင်းအသစ်တွေ လုပ်နေပါတယ်။ ဘန်နီ့သီချင်း MTVရိုက်ဖို့ရှိတယ်။ နောက်ပြီး ကျွန်တော့်သီချင်းအသစ် တစ်ပုဒ်ကိုလည်း ရိုက်ဖို့ရှိပါတယ်။ ကျွန်တော့်ရဲ့ ခေတ်လူပျိုMTVက မသေချာသေးဘူး။ အခုလောလောဆယ်မှာတော့ ကျွန်တော့်ရဲ့ သီချင်းအသစ်တစ်ပုဒ်ဖြစ်တဲ့ MTVပဲ ရိုက်သွားအုံးမှာပါ။ အရင်နဲ့မတူတဲ့ သီချင်းအသစ်လေးတွေ ဆန်းကြည့်နေပါတယ်။ ကိုဘိုလေးနဲ့ သီချင်းတွေ လုပ်ဖြစ်နေပါတယ်။ နောက်ပြီးကိုSnareတို့နဲ့တွဲပြီးတော့ အတူတူလုပ်ဖြစ်သွားဖို့ ရှိပါတယ်။ လုပ်ထားပြီးသားတွေလည်း ရှိပါတယ်။’လို့ သူကပြောပါတယ်။
ဟစ်ပ်ဟော့လောကရဲ့ ပြောင်းလဲလာတဲ့ အခြေအနေတစ်ချို့ကိုလည်း သူက ‘အခုနောက်ပိုင်းမှာ ပေါ်လာကြတဲ့ ဟစ်ပ်ဟော့အဆိုတော်တွေလည်း တော်တော်မိုက်လာကြပါတယ်။ နောက်ပြီး Undergroundက လူတွေလည်း မိုက်လာကြတယ်။ အားလုံးက ဖန်တီးမှုအပိုင်းတွေလည်း ကောင်းလာကြတယ်။ မြူးဇစ်တွေကလည်း နိုင်ငံခြားနည်းတူ ရင်ဘောင်တန်းလာနိုင်တဲ့ အနေအထားမှာရှိတယ်လို့ ကျွန်တော်ကတော့မြင်တယ်။ ဟစ်ဟော့ဆိုတာ ခံစားချက်တွေကို စိတ်ကြိုက်ပေါက်ကွဲလို့ရတယ်။ ပြောချင်တဲ့Messageကိုလည်း ပြောလို့ရပါတယ်။ အဲဒီတော့ လူငယ်တွေနဲ့လည်း ပိုပြီးတော့ ကိုက်ညီတယ်လို့ထင်တယ်။ ရင်ဘတ်ချင်း နီးစပ်သွားပြီးတော့ ပိုပြီးတော့ အရှိန်အဟုန်ကောင်းလာတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်ရိုက်ကူးမဲ့ဟာတွေက KPOPဘက်တော့ မသွားဘူးပေါ့။ ကိုယ့်ကိုကိုယ် အများကြီးလိုပါသေးတယ်လို့ မြင်တယ်။ နောက်ရှေ့ဆက်ပြီးတော့ သီချင်းနဲ့ပတ်သက်တဲ့ အရာလေးတွေကိုပဲ ချပြသွားဖို့ရှိပါတယ်’တဲ့။