ခိုးကူးခွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အစိုးရက ဂီတသမားတွေကို လုံးဝအကူအညီမပေးနိုင်သေးဘူးလို့ ဆိုလိုက်တဲ့ သားစိုး

thar-soe-int.jpg

ရောသမမွှေနဲ့ ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိခဲ့တဲ့ သားစိုးဟာ ဂီတအစည်းအရုံးဝင် တစ်ယောက်လဲဖြစ်သလို စီးပွားရေးဖက်မှာလဲ ရွှေပိုးနန်းတော်ချည်ထည်၊ ပိုးထည်ဆိုင်ပိုင်ရှင် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သားစိုးနဲ့တွေ့ဆုံခိုက် ဂီတလောကနဲ့ ပတ်သက်ပြီး သူ တရားဝင်ပြောဆိုလာတဲ့ ခိုးကူးခွေအကြောင်း သိလိုသမျှကို မေးမြန်းကြည့်လိုက်တဲ့အခါ ‘ဂီတအစည်းအရုံးမှာ ဆုပေးမယ့်ကိစ္စကို ပြောနေတုန်းပဲ ရှိပါသေးတယ်။ ရှေ့မှာဖြတ်နေတဲ့ ကိစ္စတွေကရှိသေးတော့ လူကြီးတွေက ပြောနေတုန်းပဲရှိသေးတယ်။ ဆုပေးခဲ့မယ်ဆိုရင်တော့ တိုင်းပြည်တိုးတက်လာတာနဲ့အမျှ ဆုတွေက ရှိလာမှာပါပဲ။ အမေရိကားမှာဆိုလဲ ဆုတွေပေးတာ အများကြီးပဲ။ မြန်မာနိုင်ငံမှာလဲ တိုးတက်လာရင် အများကြီးပေးကြမှာပါ။ ပေးတဲ့နေရာမှာလဲ ပွင့်လင်းမြင်သာစွာလုပ်ဖို့ အရေးကြီးပါတယ်။ နိုင်ငံတကာမှာလဲ ပွင့်လင်းမြင်သာစွာ လုပ်ကြတယ်။ ဒီမှာက အနုပညာစံတစ်ခုတည်း မဟုတ်ပဲနဲ့ ရောင်းရတဲ့ဟာတစ်ခုကိုပဲ မူတည်ပြီး လုပ်တဲ့အခါကျတော့ နည်းနည်းလွဲနေတာပေါ့နော်။ အနုပညာစံထားတဲ့ဟာက တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူတာလဲပါတာပေါ့။ ပေးတဲ့အခါကျရင် ကော်ပီကို ထည့်မစဉ်းစားဖို့များပါတယ်။ ခေတ်သစ် ဂီတအလွှာကို ရွေးချယ်မယ်ဆိုရင် ကျွန်တော့အနေနဲ့ကတော့ ကော်ပီခိုးချတဲ့ကိစ္စကို ရွေးတော့မှာ မဟုတ်ပါဘူး။’လို့ သူက ပြောပါတယ်။

ခိုးကူးတွေအကြောင်းကိုတော့ ‘ခိုးကူးကြပါ။ ကြိုက်သလောက်ကူးကြပါ။ ကျွန်တော်အတွင်းရေးမှူး လုပ်နေတဲ့အချိန်ရဲ့ ဆောင်ပုဒ်အတိုင်းပဲ ကြိုက်သလောက်ကူးပါ။ ကျသလောက်ရှင်းပါ။ လျှော်ကြေးတောင်းခံမှုအနေနဲ့က စီဒီတစ်ချပ်ကို တစ်ပုဒ်ပဲပါပါ၊ တစ်ခွေလုံးပဲပါပါ ကျွန်တော်က ဆယ်သိန်းတောင်းခံမှာဖြစ်ပါတယ်။ ရှေ့ဦးအနေနဲ့ မန္တလေးတိုင်းမှာ ထွန်းနိုင်မိုဘိုင်းကို တရားဆွဲထား ပြီးသားဖြစ်ပါတယ်။ သိန်း၅၀၀၀ရလိုမှုနဲ့ပါ။ ကျွန်တော်တို့ဖက်က အနိုင်ရမယ်လို့လဲ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဆီက ခိုးခံရတဲ့အတွက် သူခိုးကို တရားဆွဲတာ မို့လို့ ကျွန်တော်တို့ကို ပြန်ပြီး ပညာပြန်ပေးတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ဖေဖော်ဝါရီလမှာ ထွက်မယ့် ကျွန်တော့်အခွေကိုလည်း ခိုးကူးကို အားမပေးပဲ ကျွန်တော့်ရဲ့ မူရင်းအခွေလေးကို အားပေးစေချင်ပါတယ်။ သူခိုးအားပေးတော့မဖြစ်စေချင်ပါဘူး။ အခွေကိုအားပေးစေချင်ပါတယ်။ ဒီအခွေဝယ်မှ နောက်တစ်ခွေထပ်ထွက်နိုင်မှာပါ။ ကျွန်တော့်အခွေက တော်တော်များများတော့ ဖွင့်ကြတယ်။ ဒါပေမဲ့ ကျွန်တော့်အိတ်ထဲ ပိုက်ဆံဝင်မလာဘူး။ ကျွန်တော့်အိမ်ကလဲလက်မခံတော့ဘူး။ အသက်လဲ၃၀ကျော်နေပြီ။ အရူးလိုပဲ ဆက်မိုက်နေဦးမှလားတဲ့။ အိမ့်ချစ်အမေကလဲပြောတယ်။ နင့်ညီမကိုပြောပါဦးတဲ့။ လွန်ခဲ့တဲ့၂နှစ်က တိုက်ခန်းတစ်ခန်းကို သိန်း၃၀၀နဲ့ ၀ယ်ရင် အခုသိန်း၈၀၀လောက်ဖြစ်သွားပြီ။ အခုနင့်ညီမအခွေထုတ်လိုက်တာ သိန်း၂၀၀လောက် ကုန်သွားတယ်။ ဘာမှလဲပြန်မရဘူးဟယ်။ သေလောက်အောင် သီချင်းတွေလိုက်ဆိုနေရတယ်တဲ့။ ကျွန်တော်လဲသူ့ကိုပြောနေရတယ်။ မိုက်တာလဲမိုက်ပါ။ စီးပွားရေးလုပ်တာလဲလုပ်ပေါ့။ အနုပညာသမားတိုင်းမလုပ်လို့မှမရတာ။ အဓိက က ကိုယ်တို့ကိုကာကွယ်ပေးနေတဲ့ အဖွဲ့အစည်းမရှိဘူး။ နိုင်ငံတော်အစိုးရက ဂီတသမားတွေကို လုံးဝမကူညီပေးနိုင်သေးဘူး။ လူကြီးတွေက ကတိပေးပေမဲ့ အောက်ပိုင်းဝန်ထမ်းတွေက ချစားမှုတွေ အရမ်းများနေတုန်းပဲ။ သင်္ကြန်အတွက်က ကျွန်တော်အခွေမှာလဲပါတယ်။ တခြားးသူတွေနဲ့က ဒီတစ်ခေါက်က ထူးထူးဆန်းဆန်းပဲ မာစတာကထုတ်တဲ့ အခွေထဲမှာကို ဇော်ဝင်းထွဋ်နဲ့ တွဲပြီးအော်ထားပါတယ်။’လို့ သူက ပြောပြခဲ့ပါတယ်။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.