Almay ကုန်အမှတ်တံဆိပ်ရဲ့ နောက်ဆုံးပေါ် ကမ္ဘာလုံးဆိုင်ရာ brand ambassador ဖြစ်သူ country အဆိုတော် Carrie Underwood နဲ့ တွေ့ဆုံမေးမြန်းခဲ့ရာ အလှအပပိုင်းစိတ်ရာ သူမရဲ့ ကျွမ်းကျင်တတ်မြောက် နားလည်မှု၊ သူမ အမျိုးသားနဲ့ အဆင်ပြေအောင် နေထိုင်ပုံနဲ့ သူမရဲ့သူငယ်ချင်းတွေ အကြောင်းကို ပြောပြသွားပါတယ်။
မေး။ ။ Almay ကုန်အမှတ်တံဆိပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်အနေနဲ့ ခင်ဗျားကို ရွေးချယ်လိုက်ရတာက ခင်ဗျားဟာ သိပ်ပြီး တင်ပြပြောဆိုနိုင်စွမ်း ရှိသူမို့လို့ Almay ကပြောတယ်။ ဘယ်လိုကြောင့် တင်ပြပြောနိုင်စွမ်းတွေရှိနေလဲလို့ ခင်ဗျားထင်လဲ။
ဖြေ။ ။ကျွန်မက သာမန်လူတစ်ယောက်ပဲမို့ ကျွန်မကို ရွေးချယ်ခဲ့တယ်လို့ ထင်တာပဲ။ Country ဂီတဆိုတာကလည်း တင်ပြပြောဆိုရတာပဲ။ လက်တွေ့ဘ၀ အခြေအနေတွေအကြောင်း သီချင်းဆိုရတာပဲ။ လူတွေက ကျွန်မကို ယုံကြည်တယ်။ ပြီးတော့ ဒီကုန်ပစ္စည်းတွေဆိုတာကလည်း ကျွန်မ တကယ်သုံးတာတွေ။ Smart Shade CC ကရင်မ် နဲ့ Color + Care Liquid Lip Balms တွေကြိုက်တယ်။
မေး။ ။ ခင်ဗျားကိုခင်ဗျား “သာမန်လူ” လို့ပြောမယ့်အစား၊ “ဆွဲဆောင်မှုရှိသူ” (sexy) လို့ မပြောချင်ဘူးလား။
ဖြေ။ ။ကိုယ့်ကိုကိုယ် လှတယ်လို့တော့ ခံစားချင်တာပေါ့။ “ဒီနေ့ ငါဘာဖြစ်ချင်တာလဲ။” ဆိုတာပဲ။ ဖက်ရှင်၊ ဆံပင်နဲ့ မိတ်ကပ် အပြင် တခြားအရာတွေ အများကြီးရှိသေးတယ်လို့ ထင်တယ်။ ကျွန်မ ဘယ်လို ခံစားရမယ်ဆိုတာ ရှင်ပဲ ဆုံးဖြတ်တော့။
မေး။ ။ ဆွဲဆောင်မှုရှိတဲ့ အကြောင်းပြောတုန်း မေးရဦးမယ်။ ခင်ဗျားနဲ့ ခင်ဗျားခင်ပွန်း (ဟောကီကစားသမား Mike Fisher) တို့နှစ်ယောက် ရူးနောက်စရာ အချိန်ဇယားတွေကို ဘယ်လို ဖြေရှင်းလဲ။
ဖြေ။ ။ ဒါကျွန်မတို့ အိမ်ထောင်ရေးကို ပျော်စရာကောင်းအောင် လုပ်ပေးတဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ တစ်ချိန်လုံး ဝေးမနေချင်ပေမဲ့ အောင့်အီးပြီး သည်းခံရမှာပေါ့။ ကျွန်မခင်ပွန်းကို လွမ်းရတာ ကြိုက်တယ်။ ကျွန်မတို့နှစ်ယောက် အတူရှိနေချိန်ကို မြတ်နိုးတယ်၊ ဒီလိုပဲ ဝေးကွာနေရတဲ့အချိန်လေးတွေကိုလည်း မြတ်နိုးရမှာပေါ့။ တစ်ယောက် တစ်နေရာစီ ဖြစ်နေရင်တောင် စကားမပြောဖြစ်တဲ့ ရက်ဆိုတာ မရှိပါဘူး။ တချိန်တော့ “အိုကေ၊ အိမ်ပြန်ရောက်ပြီ။ အဆင်ပြေခဲ့ရဲ့လား။” ပေါ့။
မေး။ ။ “ချစ်သူများနေ့”အတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ အစီအစဉ်တွေ ရှိလား။
ဖြေ။ ။ ရိုးရိုးသားသား ပြောရရင် “ချစ်သူများနေ့” ကလွဲပြီး အမြဲ ရင်ခုန်စိတ်လှုပ်ရှားရပါတယ်။ တက္ကသိုလ်တက်တုန်းက “ချစ်သူများနေ့” ကိုတွဲပြီးကျင်းပဖို့ ချစ်သူမရှိခဲ့လို့လေ။ “ချစ်သူများနေ့” မှာ ချစ်သူ တစ်ခါမှ မရှိခဲ့ဖူးဘူး။ ဒီတော့ “ချစ်သူများနေ့ ကိုမုန်းတယ်။” ဆိုတဲ့သူတွေထဲမှာ ကျွန်မလဲပါတယ်။ ဒါပေမဲ့ ကျွန်မခင်ပွန်းလဲ အိုလံပစ် အနားရတဲ့ အချိန်ဆိုတော့ ကျွန်မတို့အတူ လျှောက်လည်တယ်၊ ခရီးတိုတစ်ခုလောက် ထွက်ဖြစ်တယ်။
မေး။ ။ သူငယ်ချင်းတွေနဲ့ရော ဘယ်လိုရှိလဲ။ သူငယ်ချင်း ခင်မင်ရင်းနှီးမှုဆိုတာ ခင်ဗျားအတွက် အရေးပါလား။
ပါတာပေါ့။ ကျွန်မက မိန်းကလေး သူငယ်ချင်း အများကြီး ရှိခဲ့တဲ့သူမဟုတ်ဘူး။ အထက်တန်းကျောင်းတုန်းကဆို ယောကျာ်းလေးသူငယ်ချင်း တွေပဲရှိခဲ့တာ။ တက္ကသိုလ်ရောက်တော့ တက္ကသိုလ်ကျောင်းသူများ အသင်းဝင်တယ်။ အဲ့ကျတော့ ကျွန်မလို မိန်းကလေးသူငယ်ချင်း နည်းခဲ့ဖူးတဲ့သူတွေ အများကြီးတွေ့ရတယ်။ အံ့သြစရာကောင်းလှတဲ့ မိန်းကလေး သူငယ်ချင်းကောင်းတွေ ရှိပါတယ်။ ကျွန်မတို့အားလုံးက ခေါင်းမာပေမဲ့ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိပြီး အကုန်ဖွင့်ပြောတတ်ကြတယ်။
မေး။ ။ ကော်ဇောနီ လမ်းလျှောက်ရင် ဘယ်မိတ်ကပ် ပုံစံမျိုးကို အကြိုက်ဆုံးလဲ။
ဖြေ။ ။ ရှင်တို့ မျက်လုံးတွေနဲ့ လူရှေ့ လူလုံးထွက်ပြရတာဆိုတော့ eye shadow လုပ်ရတာ အကြိုက်ဆုံးလို့ ပြောရမှာပေါ့။ ပြီးတော့ ရွှန်းစိုတောက်ပတာလေးတွေကိုလည်း ကြိုက်တယ်။ ပုံစံအများကြီးထဲကမှ နောက်ဆုံး ရွေးချယ်လိုက်တဲ့ မိတ်ကပ် ပုံစံမို့ ကော်ဇောနီလမ်းလျှောက်တဲ့အခါ ကျွန်မတို့က အလှဆုံးဖြစ်မှာပါ။ မိတ်ကပ်ပုံစံနဲ့ ဆံပင် ပုံစံ လိုက်ဖက်တာမျိုးတော့ လိုချင်တယ်။
မေး။ ။ “stars without makeup” ဓာတ်ပုံတွေထဲမှာ ခင်ဗျားကို တစ်ခါမှ မမြင်ဖူးဘူးနော်။
ဖြေ။ ။ တစ်ပုံတော့ တွေ့ဖူးတယ်။ Gym သွားဆော့မှာဆိုတော့ ဘယ်သူက မိတ်ကပ်လိမ်းချင်မှာလဲ။ Gym သွားကစားရင် ချွေးထွက်မှာဆိုတော့ မိတ်ကပ်နဲ့ဆို ဘယ်ဖြစ်မလဲ။
မေး။ ။ သီချင်းတက်ဆိုတော့မယ်ဆိုရင် ဘယ်လို ကြိုတင်ပြင်ဆင်လဲ။
ဖြေ။ ။ ကျွန်မက ဘတ်စ်ကားပေါ် ရောက်နေပြီး ရှိုးပွဲအတွက် လူတိုင်းက အဆင်သင့်ဖြစ်နေတဲ့ အချိန်မျိုးမှာ ကျွန်မအတွက်တော့ ဘုရားကျောင်းတက်နေတဲ့ အချိန်မျိုးလိုပဲ။ ရေဒီယိုကို ဖွင့်လိုက်တယ်၊ အဆင်သင့်ဖြစ်ပြီ။ ကျွန်မစိတ်က အဲ့ဒီ့လိုပဲ။ ကျွန်မ ဒီနေ့ ဘာသီချင်းနားထောင်နေတယ်ဆိုတာကို ကြည့်ပြီး ကျွန်မ ဘယ်လို ခံစားနေရတယ်ဆိုတာကို ရှင်တောင်ပြောလို့ရတယ်။
Ref: cosmopolitan.com