ဆူရှီကိတ်ပြုလုပ်နည်း

ဒီတစ်ခါမှာတော့ ဆူရှီ ပရိသတ်ကြီးအတွက် ဆူရှီကိတ်လုပ်နည်းလေးကို ပြောပြလိုက်ပါတယ်နော်။

လိုအပ်တာတွေကတော့ –
ဆန် (၃၀၀) ဂရမ်
ရေ (၄၀၀) မီလီလီတာ

ထမင်းချက်နည်းလေးကတော့ –
ရှာလကာရည် စားပွဲတင်ဇွန်း (၃) ဇွန်း
သကြား စားပွဲတင်ဇွန်း (၂) ဇွန်း
ဆား လက်ဖက်ရည်ဇွန်း (၁) ဇွန်း
Shiitake မှိုခြောက် (၄) ခု
သကြားလက်ဖက်ရည်ဇွန်း (၁) ဇွန်း
ပဲငံပြာရည် စားပွဲတင်ဇွန်း (၁) ဇွန်းရဲ့ သုံးပုံတစ်ပုံ (သို့) (၂၀) မီလီလီတာ
ခါကြက်ဥ (မုန်လာဥနီ) တစ်ပိုင်း (သို့မဟုတ်) (၇၀) ဂရမ်
သကြား စားပွဲတင်ဇွန်း (၁) ဇွန်း
ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ကြက်ဥ (၁) လုံး
ရုံးပတီသီး (၄) တောင့်
ကြပ်တင်ထားတဲ့ ဆယ်လ်လမွန်ငါးအသားပြား (၄) ပြား
နှမ်းဖြူ လက်ဖက်ရည်ဇွန်း (၂) ဇွန်း
မယိုးနိစ် အနည်းငယ်
ဆား အနည်းငယ်
ဆီအနည်းငယ် တို့ကို လိုအပ်ပါတယ်နော်။

ပါဝင်ပစ္စည်းတွေစုံသွားပြီဆိုရင်တော့ –

ဇလုံကြီးကြီးတစ်လုံးထဲမှာ ထမင်းကို ဖြန့်လိုက်ပါ။ ရှာလကာရည်၊ သကြားနဲ့ ဆားထည့်ပြီး ဆူရှီ ရှာလကာရည်ဖြစ်အောင် ရောမွှေပြီးရင် ရှာလကာရည်ကို ထမင်းပေါ် ဝေ့လောင်းပြီး ထမင်းနဲ့ နှံ့သွား​အောင် အမြန်မွှေပါ။ မွှေပြီးတဲ့နောက် ထမင်းအငွေ့ ထွက်နေတာ ပျောက်သွားသည်အထိ ယပ်တောင်နဲ့ ထမင်းကို ယပ်ခတ်ပေးပါ။ ထမင်းအေးသွားရင် သုံးပုံတစ်ပုံကို ဖယ်ထားပြီး နှမ်းနဲ့ရောနယ်ထားပါ။

ရေစိမ်ထားတဲ့ Shiitake မှိုခြောက်ကို ရေညှစ်ပြီး ရိုးတံကို ဖယ်ပါ။ မှိုပွင့်ဖတ်ကို ပါးပါးလှီးပါ။ ရေ (၃၀၀) မီလီလီတာကို ဆူအောင်တည်ပြီး လှီးထားတဲ့မှို ထည့်ပြီးရင် အဖုံးဖုံးထားပါ။ ရေဆူလာလျှင် မီးလျှော့ပြီး (၁၅) မိနစ်လောက် မီးအေးအေးနဲ့ ဆက်တည်ထားပါ။ ပဲငံပြာရည်နဲ့ သကြားထည့်ပြီး ရေခမ်းသည်အထိ အဖုံးမအုပ်ပဲ တည်ထားလိုက်ပါ။

ခါကြက်ဥကို အရှည် (၃) စင်တီမီတာ အထူ (၂) မီလီမီတာ အရွယ်အစား ရအောင် လှီးဖြတ်ပါ။ ဒယ်ထဲမှာ ရေ (၂၀၀) မီလီလီတာနဲ့ လှီးထားတဲ့ ခါကြက်ဥကို ထည့်ပြီး (၅) မိနစ်ခန့် မီးအေးအေးနဲ့တည်ပါ။ သကြားနဲ့ ဆား ထည့်ပြီး နောက်ထပ် (၅) မိနစ် ဆက်တည်ပါ။ အရသာစိမ့်ဝင်နိုင်စေဖို့အတွက် မီးပိတ်ပြီးနောက် Shiitakeမှိုနဲ့ ခါကြက်ဥ နှစ်မျိုးလုံးကို အိုးထဲမှာပဲ အအေးခံထားလိုက်ပါ။

ရုံးပတီသီးမွေးနုလေးတွေကို ဖယ်ရှားဖို့ ရုံးပတီသီးကို ဆားနဲ့ ပွတ်နယ်လိုက်ပါ။ ဆားနယ်ထားတဲ့ ရုံးပတီသီးတွေကို (၁) မိနစ်ခန့် ပြုတ်လိုက်ပါ။ ပြီးရင် ရုံးပတီသီးတွေကို ရေခဲရေထဲမှာ အအေးခံပြီးနောက် အညှာတွေကို ဖြတ်ပြီး အကွင်းလိုက် ပါးပါးလှီးပါ။

ပန်းကန်လုံးတစ်လုံးထဲ ကြက်ဥဖောက်ထည့်လိုက်ပါ။ ဆားထည့်ပြီး နှံ့အောင် ခလောက်ပါ။ ဒယ်ပိုင်းထဲ ဆီနည်းနည်းထည့်ပြီး မီးဖိုပေါ်မှာ တည်ပါ။ ဆီပူလာရင် ခလောက်ထားတဲ့ကြက်ဥကို ဒယ်ပိုင်းထဲထည့်ပြီး ဒယ်အိုးအဝိုင်းပုံစံအပြည့် ကြက်ဥနှံ့အောင် ဝေ့လှည့်ပေးကာ မီးအေးအေးနဲ့ ကြက်ဉကြော်ပါ။

ကြက်ဥကျက်သွားရင် မီးပိတ်ပြီး အထက်အောက်လှန်ပါ။ အပေါ်ရော ​အောက်ရော ကျက်သွားရင် (၄) စင်တီမီတာ ဗျက်အကျယ် အမျှင်အရှည်လေးတွေ လှီးဖြတ်ပါ။ လှီးထားတဲ့ ကြက်ဥအမျှင်လေးတွေကို (၄) စင်တီမီတာ အရှည်အရွယ်လေးတွေဖြစ်အောင် ဖြတ်ပါ။

(၁၆) စင်တီမီတာကနေ (၁၈) စင်တီမီတာ အချင်းအရွယ်အစားရှိတဲ့ ကိတ်မုန့်ဖုတ်တဲ့ခွက်နဲ့ အံဝင်ခွင်ကျ အရွယ်တူဖြစ်မယ့် စက်ဝိုင်းပုံ ကတ်ထူပြားကို ပြင်ဆင်ထားပါ။ ခွက်အတွင်းပိုင်းကို ပလတ်စတစ် ခင်းလိုက်ပါ။ ခွက်အောက်ခြေနားမှာ ရှာလကာရည်နဲ့ နယ်ထားတဲ့ ဆူရှီထမင်းဖြူတစ်ဝက်ကို ဖြန့်လိုက်ပါ။ အဲဒီ ထမင်းပေါ်မှာ ရေစစ်ထားတဲ့ လှီးပြီးသား Shiitakeမှိုကို ဖြန့်ပြီးတင်လိုက်ပါ။ အဲဒီအပေါ်မှာ ထမင်းဖြူထပ်ခင်းပြီး ရေစစ်ထားတဲ့ ခါကြက်ဥအတုံးလေးတွေ တင်လိုက်ပါ။ ခါကြက်ဥလေးတွေအပေါ်မှာမှ နှမ်းနဲ့နယ်ထားတဲ့ ဆူရှီထမင်း ထပ်ပြီး ဖြန့်ခင်းလိုက်ပါ။

ထမင်းတစ်လွှာကို ခင်းပြီးတိုင်း ကတ်ထူဝိုင်းပြားနဲ့ ထမင်းကို ဖိသိပ်ပေးဖို့ အရေးကြီးပါတယ်။ ကတ်ထူဝိုင်းပြား​လေးမှာ ထမင်းမကပ်​အောင် ပလတ်စတစ်နဲ့ ပတ်ထားပါ။
ကျပ်တင်ထားတဲ့ ဆော်လမွန်ငါးအသားပြားကို အရှည်လိုက် ထက်ခြမ်းခြမ်းပြီး တစ်ပြားစီကို တူထိပ်မှာရစ်ပတ်ပြီး နှင်းဆီပွင့်ပုံ အထပ်လေးတွေဖြစ်အောင် ပုံဖော်ပေးပါ။ ပုံစံပေါ်ပြီဆိုရင် တူကို ဆွဲနှုတ်လိုက်ပါ။ မယိုးနိစ် စားပွဲတင်ဇွန်း (၂) ဇွန်း (၃) ဇွန်းလောက်ကို ပလတ်စတစ်အိတ်အသေးထဲ ထည့်ပြီး အိတ်အဝကို သားရေကွင်းနဲ့ စည်းပြီး ပိတ်လိုက်ပါ။

ဆူရှီကိတ်ကို ကိတ်မုန့်ဖုတ်တဲ့ ခွက်ထဲမှာပဲ ထားပြီး ပါတီကို သယ်သွားပါ။ တစ်ခြားဗူးတွေထဲမှာ လှီးထားတဲ့ ရုံးပတီသီးတွေ၊ ကြက်ဥကြော် အမျှင်လေးတွေနဲ့ နှင်းဆီပွင့်ပုံ ​ဖော်ထားတဲ့ ကျပ်တင်ထားတဲ့ ဆော်လမွန်ငါးတို့ကို ထည့်ယူသွားပါ။

ပါတီရောက်တဲ့အခါ ဆူရှီကိတ်ကို ခွက်ထဲကထုတ်ပြီး ပန်းကန်ပြားထဲ ထည့်လိုက်ပါ။ ဆူရှီကိတ်ပေါ်မှာ ပါးပါးမျှင်မျှင်လှီးထားတဲ့ ကြက်ဥကြော်တွေကို ဖြူးလိုက်ပါ။ မယိုးနိစ်အိတ်ရဲ့ ထောင့်အချွန်နားလေးကို (၅) မီလီမီတာလောက် ကတ်ကြေးနဲ့ ဖြတ်ဖောက်ပြီး ကိတ်ရဲ့နှုတ်ခမ်းသား ပတ်ပတ်လည်မှာ စက်ဝိုင်းပုံ လိုက်ညှစ်ချလိုက်ပါ။ မယိုးနိစ်ပေါ်မှာ ရုံးပတီသီး ဖြတ်ပိုင်းလေးတွေ စီစီရီရီတင်ပြီး ကပ်ပါ။ နှင်းဆီပွင့်ပုံ ​ဖော်ထားတဲ့ ဆော်လမွန်ငါးနဲ့လည်း အလှဆင်လိုက်ပါ။


Ref;NHK

199 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.