အစာအိမ်အနာရှိနေသူတွေအတွက် ရှောင်သင့်၊ စားသင့်သည်များ

အစာအိမ်အနာဆိုတာ အစားအစာတစ်ချို့ကြောင့် ဖြစ်ရတာလို့ ဆိုပါတယ်။ ဒါပေမယ့် အခုတော့ အစာအိမ်အနာဖြစ်စေတာက အကိုက်အခဲပျောက်ဆေးတွေ ဆက်တိုက် သောက်လွန်းတာ၊ H.pylori လို့ ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် စတဲ့ အကြောင်းအရင်းတွေကို သိလာကြပါပြီ။ အစားအသောက်ကြောင့် ဖြစ်ရတာချည်းမဟုတ်ဘူးဆိုပေမယ့် အစာအိမ်အနာကို သက်သာစေမှာ (သို့) ပိုဆိုးစေနိုင်တဲ့ အစားအသောက်တွေရှိတယ်ဆိုတာ အမှန်ပါ။

အကောင်းဆုံးအစားအစာတွေကတော့

၁) Probiotics ပါတဲ့ အစားအစာများ
ဒိန်ချဉ်၊ ပဲပြား၊ကင်မ်ချီ လိုမျိုး အစားအစာတွေမှာ probiotics လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်ပါတယ်။အဲ့ဒီ probiotics လေးတွေက H.pylori ရောဂါပိုးကို ခုခံတိုက်ထုတ်ပေးတယ်(သို့) ကုသမှုတွေ၊ ဆေးတွေကို အာနိသင်ပိုထိရောက်အောင် ကူညီပေးတာကြောင့် အစာအိမ်အနာကို သက်သာစေပါတယ်။

၂) အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာများ
ပန်းသီး၊ သစ်တော်သီး၊ အုတ်ဂျူံ စတဲ့ အစားအစာတွေမှာ အမျှင်ဓာတ်ပါဝင်မှု များပါတယ်။ အမျှင်ဓာတ်က အစာအိမ်ထဲမှာ အက်စစ်ထွက်ရှိမှု ပမာဏကို လျော့နည်းစေပြီး လေပွခြင်း၊ဗိုက်အောင့်ခြင်းတွေကို သက်သာစေပြီး အစာအိမ်နာတာကိုလည်း ကာကွယ်ပေးပါတယ်။

၃) ကန်စွန်းဥ
ဗီတာမင် အေ ကြွယ်ဝတဲ့ ကန်စွန်းဥကတော့ အစာအိမ်အနာတွေကို သေးငယ်သွားစေသလို မဖြစ်ခင်မှာလည်း ကြိုတင်ကာကွယ်ပေးနိုင်တဲ့ ဓာတ်ရှိတယ်လို့ သိရပါတယ်။ ဟင်းနုနွယ်၊ မုန်လာဥနီ၊ အမဲအသည်းတို့အပါအဝင် ဗီတာမင် အေ ကြွယ်ဝတဲ့ အခြားအစားအစာတွေကိုလည်း စားသုံးနိုင်ပါတယ်။

၎) ပန်းငရုပ်ပွ
ဗီတာမင် စီ၊ ကြွယ်ဝတဲ့ ပန်းငရုပ်ပွက အစာအိမ်အနာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် စီ က အနာကျက်စေနိုင်တဲ့ အစွမ်းရှိတာကြောင့် ဒီဓာတ်မလုံလောက်တဲ့ သူတွေမှာ အစာအိမ်နာဖြစ်နိုင်ခြေပိုများပါတယ်။ ပန်းငရုပ်ပွအပြင် အရည်ရွမ်းတဲ့ အချဉ်သီးတွေ၊ စတော်ဘယ်ရီ၊ ကီဝီနှင့် ပန်းဂေါ်ဖီစိမ်းတို့ကိုလည်း စားပေးလို့ ရပါတယ်။

အစာအိမ်နာခြင်းအတွက် အဆိုးဆုံးလို့ ဆိုနိုင်တဲ့ အစားအစာတွေကတော့
၁) နွားနို့
အရင်က အစာအိမ်အနာကို သက်သာစေတယ်ဆိုပြီး နွားနို့ကို သောက်လေ့ရှိကြပါတယ်။ဒါပေမယ့် နွားနို့သောက်ခြင်းက အစာအိမ်အနာကို မကာကွယ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် နွားနို့ကြောင့် အစာအိမ်မှ အက်စစ်ပိုထွက်စေတာကြောင့်ပါ။

၂) အရက်၊ဘီယာ
အစာအိမ်မကောင်းဘူးဆိုရင် အရက်ကို လျှော့သောက်တာဖြစ်ဖြစ် (သို့) လုံးဝရှောင်သင့်ပါတယ်။အရက်သောက်ခြင်းက အစာခြေစနစ်ကို ထိခိုက်စေနိုင်တယ်ဆိုတာ သိပြီးဖြစ်မှာပါ။ အစာအိမ်အနာရှိရင်တော့ အရက်သောက်ခြင်းက ကင်ဆာအထိ ဖြစ်လာနိုင်ပါတယ်။

၃) အဆီများတဲ့ အစားအစာများ
အဆီများတာတွေက အစာချေဖျတ်ဖို့ အချိန်ပိုကြာသလို ဗိုက်အောင့်၊ဗိုက်ပွတာတွေဖြစ်စေနိုင်ပါတယ်။ အစာအိမ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ပိုဆိုးစေပါတယ်။

၎) အပူအစပ်တွေ
အစာအိမ်အနာရှိတဲ့ သူတွေအတွက်တော့ အစပ်နည်းနည်းစားတာနဲ့ ဗိုက်အောင့်နေပြီဆိုရင်တော့ လုံးဝမစားတာ အကောင်းဆုံးပါ။

၅) အချဉ်
သံပုရာသီး၊ ရှောက်သီးတို့လိုမျိုး အချဉ်သီးတွေနှင့် ခရမ်းချဉ်သီးတို့လို အက်စစ်ဓာတ်များတဲ့ အစားအစာတွေက အစာအိမ်အနာကိုပိုဆိုးစေပါတယ်။ အမြဲဖြစ်တယ်တော့ မဆိုလိုပေမယ့် ဗိုက်အောင့်တာ၊ အစာအိမ် အက်စစ်များလာတာတွေ ခံစားရတတ်တယ်ဆိုရင် အစာအိမ်သမားတွေ လျှော့စားသင့်ပါတယ်။

၆) ကဖင်း
ကော်ဖီ၊ လက်ဖက်ရည် တို့ရဲ့ ကဖင်းဓာတ်တွေက အစာအိမ်အနာကို ပိုဆိုးစေနိုင်ပါတယ်။ ရိုးရိုးအစာအိမ်ဖြစ်ချိန်မှာတောင် ကော်ဖီ၊လက်ဖက်ရည်တွေကို ရှောင်ဖို့သတိပေးထားတာတွေ ရှိပါတယ်။


Ref; HEALTHGROUP

452 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.