OMG Clothing ဆိုင်ဖွင့်ဖြစ်ပုံလေး ပြောပြပေးပါအုံး။
ကျွန်တော်ဒီဆိုင်လေး ဖွင့်ဖြစ်ဖို့ရည်ရွယ်ခဲ့တာကတော့ လေးလလောက်ရှိသွားပါပြီ။ ကျွန်တော်ဖြစ်ကတတ်ဆန်းကြီး မဖွင့်ချင်တာလည်းပါတော့ သေသေချာချာလေး စီစဉ်ပြီးမှပဲ ဖွင့်ဖြစ်သွားတာပါ။ ကျွန်တော် အရင်ကတည်းက ဖက်ရှင်ကိုကြိုက်လို့ သဘောကျလို့ ဖက်ရှင်ဆိုင်မျိုးကို ဖွင့်ချင်ခဲ့တာလည်းပါပါတယ်။
OMG Clothing ဆိုင် မဖွင့်ဖြစ်ခင်မှာ ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ရသလဲ။
အဆက်အသွယ်တွေ အများကြီးရှာခဲ့ရပါတယ်။ ကိုယ်လုပ်မယ့်လုပ်ငန်းကို အကြီးကြီး ချဲ့ချင်တဲ့အတွက် အခက်အခဲတွေလည်း အများကြီးတွေ့ကြုံခဲ့ရပါတယ်။ ပြီးတော့ ကျွန်တော့်ကို ကူညီတဲ့ နယ်စပ်က ကုန်သည်တွေလည်း အများကြီးပဲရှိပါတယ်။ အဲဒီလူတွေရဲ့ ပံ့ပိုးမှုတွေကြောင့်လည်း အခုလိုမျိုး ဖွင့်ဖြစ်တာပါပါတယ်။
OMG Clothing ဆိုင်မှာရှိတဲ့ ပစ္စည်းတွေအကုန်လုံးကို နေဝင်းကိုယ်တိုင်ပဲ ရွေးချယ်စီစဉ်ခဲ့တာပါလား။
ဟုတ်ကဲ့။ကျွန်တော်ကိုယ်တိုင်ပဲ အစအဆုံး အားလုံးစီစဉ်ခဲ့တာပါ။
OMG Clothing ဆိုင်ကို ဖွင့်လှစ်နိုင်ခဲ့ပြီဆိုတော့ ဘယ်လိုခံစားမိပါသလဲ။
ဘယ်လိုပြောမလဲ။ ကလေးနောက်တစ်ယောက် မွေးသလိုပေါ့။ ကျွန်တော်နဲ့ဖြိုးလေးနဲ့ ပေါင်းပြီးတော့ Snareကို မွေးလိုက်တယ်။ Snareဆိုပြီး အကောင်အထည်ပေါ်လာခဲ့တယ်။ ဒီဆိုင်ကတော့ ကျွန်တော်ကိုယ်တိုင်ပဲ တစ်ယောက်တည်း မွေးထုတ်လိုက်တယ်ဆိုတော့ ကျွန်တော့်ကလေးပဲပေါ့။ သူ့ကိုလည်း အကောင်ခပ်ကြီးကြီးဖြစ်အောင်လို့ ကျွန်တော်ကြိုးစားပေးမှာပါ။ ပြီးတော့ ကျွန်တော်ဒီဆိုင်OMGအနေနဲ့လည်း Brand တွေထုတ်ထားပါတယ်။ မြန်မာနိုင်ငံမြေပုံ၊ မြန်မာနိုင်ငံမှာ ကျွန်တော်ပထမဆုံး ထုတ်တာပါ။ ကျွန်တော့်OMG LOGOနဲ့တီရှပ်၊ အနွေးထည်တွေ ထုတ်ထားတာရှိပါတယ်။
OMG LOGO တွေနဲ့ပတ်သက်ပြီးတော့နေဝင်း အနေနဲ့ ဘယ်လိုဒီဇိုင်းအိုင်ဒီယာပိုင်းတွေ စဉ်းစားဖြစ် သလဲ။
ကျွန်တော်အားရင်အားသလို ကျွန်တော်ကိုယ်တိုင်ပဲ ဒီဇိုင်းတွေစဉ်းစားပြီးတော့ လုပ်ပါတယ်။ ပြီးတော့ ကျွန်တော်Traditional အတွက်လည်း သီးသန့်လုပ်ပါတယ်။ နောက်ပြီး ကျွန်တော် ရန်ကုန်နဲ့ မန္တလေးတွေမှာဆိုရင် OMGကို ဝကသဝေထိုး ဆိုပြီးတော့ မြန်မာဖောင့်နဲ့ ရေးထားပါတယ်။ ဝကသဝေထိုးကို အင်္ဂလိပ်လိုဖတ်မယ်ဆိုရင် OMGပါ။
နောက်ပိုင်းမှာရော ဖြိုးလေး(Snare)ရဲ့Genius Brandနဲ့အတူ နေဝင်း(Snare)ရဲ့OMG Brandတွဲပြီး လုပ်ကိုင်သွားမယ့် အစီအစဉ်ရှိမရှိ သိပါရစေ။
ကျွန်တော်တို့အလုပ်တွေ အောင်မြင်ရင် အောင်မြင်သလို၊ ကြီးကျယ်ရင် ကြီးကျယ်သလိုတော့ ပူးပေါင်းပြီးလုပ်ဖို့ အစီအစဉ်တော့ရှိပါတယ်။ အခုချိန်မှာတော့ ကိုယ့်ရဲ့ဆိုင်တစ်ခုတည်းမှာပဲ အာရုံထားထားပါတယ်။
အခု လက်ရှိမြန်မာနိုင်ငံရဲ့Brand ဈေးကွက်ကိုရောဘယ်လိုမြင်မိပါသလဲ။
ကျွန်တော်လည်း ခုမှစလုပ်တာဆိုတော့ Brandဈေးကွက်ကို သိပ်ပြီးနားမလည်ပါဘူး။ ဒါပေမဲ့အဆင်ပြေဆုံးတော့ ဈေးနှုန်းကအစ သင့်တင့်အောင် စီစဉ်ထားပါတယ်။
ကိုယ်တိုင်က အနုပညာရှင်အဆိုတော်တစ်ယောက်ဖြစ်တာကြောင့် စီးပွားရေးလုပ်ငန်းပိုင်းကို လုပ်ကိုင်တဲ့အခါမှာ အဆင်မပြေမှုတွေ အခက်အခဲတွေနဲ့ တွေ့ကြုံရတာမျိုးရှိပါသလား။
ဟုတ်ကဲ့။ ရှိခဲ့ပါတယ်။ ကျွန်တော်တို့က ဈေးသည်မဟုတ်တော့ ဈေးမရောင်းတတ်ဘူးခင်ဗျာ။ ကျွန်တော့်အနေနဲ့ အရမ်းတော့ အခက်အခဲရှိပါတယ်။ ကျွန်တော်တို့က များသောအားဖြင့်တော့ ဝါဿနာပါလို့ လုပ်တာများတယ်လေ။ ဒီဆိုင်လေးကို ကျွန်တော်စီးပွားရေးဆန်ဆန် မလုပ်ထားဘူးဗျာ။ ကျွန်တော်အခွေ တစ်ခွေလုပ်နေသလိုမျိုးကို အနုစိပ်ပြီးတော့ သေချာကို အားထည့်ပြီး ဂရုစိုက်ပြီးတော့ လုပ်ထားပါတယ်။
OMG နဲ့ပတ်သက်ပြီး နောက်ပိုင်းမှာဘာတွေဆက်လုပ်သွားမယ်ဆိုတာ ရှိရင်ပြောပြပေးပါအုံး။
ဟုတ်ကဲ့။ ကျွန်တော်အများကြီး အလုပ်တွေ ဆက်လုပ်သွားဖို့ရှိပါတယ်။