ကားကြီးအတွက် ပထမဆုံး ခေါင်းဆောင်မင်းသားနေရာကနေ ပါဝင်ရမှာမို့ ဖိအားတွေအများကြီးပါပဲလို့ ဆိုလိုက်တဲ့ စိုးရန်အောင်

1291960_164426073748406_225841519_n.jpg

ကျွန်တော့်ရည်းစားဘုရားမှာနေသည် ရုပ်ရှင်ဇာတ်ကားမှာ ပထမဆုံးအကြိမ် ခေါင်းဆောင်မင်းသားနေရာကနေ ပါဝင်ရိုက်ကူးနေတဲ့ စိုးရန်အောင်ကို အားလုံးသိပြီးဖြစ်မှာပါ။ အနုပညာလောကထဲမှာ ခြေလှမ်းမှန်မှန်နဲ့ လှမ်းလျှောက်နေတဲ့ သရုပ်ဆောင် စိုးရန်အောင်ကို ခုလို ခေါင်းဆောင်မင်းသားနေရာက ပါဝင်ဖြစ်သွားတဲ့အကြောင်းကို ခုလို မေးမြန်းဖြစ်ခဲ့ပါတယ်။

ကျွန်တော့်ရည်းစားဘုရားမှာနေသည် ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ပြင်ဆင်မှုအပိုင်းကို သိပါရစေ။

ဒီကားက ကျွန်တော်ခေါင်းဆောင်မင်းသားအနေနဲ့ ပထမဆုံးရိုက်တဲ့ကား ဖြစ်ပါတယ်။ အဲဒီရှေ့မှာ ဆရာဦးစိုးမိုးနဲ့ပဲ ကြယ်စင်မော်ကွန်းကားကြီးမှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ အဲဒီအတွက် အစစအရာရာ ကြိုတင်ပြင်ဆင်တယ်။ လွန်ခဲ့တဲ့သုံးလလောက်ကတည်းက အနုပညာအလုပ်တွေ ဘာမှမလုပ်တော့ ဘူး။ ဇာတ်ကားရိုက်ကူးမှုတွေလည်း ကျွန်တော်နားထားတယ်။ ဆရာဦးစိုးမိုးနဲ့ပဲ အနီးကပ်နေတယ်။ ဆရာလိုအပ်တဲ့ပုံစံမျိုးကို ပြောပြတဲ့ကာရိုက်တာတိုင်းကို နားထောင်တယ်။ လိုက်လုပ်တယ်။ ဘာတွေလိုအပ်တယ်ဆိုတာကို ကြိုတင်ပြီးတော့ လေ့ကျင့်တယ်။ ရေစကြို ပခန်းကြီးနယ်ဘက်မှာ သွားပြီးတော့ ရိုက်ကူးမယ်ဆိုတော့ အဲဒီနယ်ဘက်ရဲ့ ဒေသအလေ့အထတွေကို ကြိုတင်ပြီးတော့လည်း လေ့လာထားပါတယ်။

ဒီဇာတ်ကားနဲ့ပတ်သက်လို့ ခေါင်းဆောင်မင်းသားတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ် တာဝန်ကြီးမှုရှိတယ်လို့မြင်မိသလား။

ဟုတ်ကဲ့။ တာဝန်ကြီးတယ်လို့ခံစားမိပါတယ်။ ဒီကားနဲ့ပတ်သက်လို့ တကယ့်ကို စိတ်ထဲမှာ ဖိအားတွေအများကြီးပါပဲ။ဘာလို့လဲဆိုတော့ ကျွန်တော့်အနေအထားနဲ့ ပြောရမယ်ဆိုရင် ဗီဒီယိုကားတောင်မှ ကျွန်တော်တို့အနေနဲ့ ဈေးကွက်အနေအထားအရ တအား အခက်အခဲရှိပါတယ်။ အဲဒီအတွက် ဆရာဦးစိုးမိုးနဲ့ ပရိုဂျူဆာဖြစ်တဲ့ Studio 35ကို ကျေးဇူးတင်မိပါတယ်။ ကျွန်တော့်အနေအထားနဲ့ ကျွန်တော့်နေရာမှာ တစ်ခြားနံမည်ရ၊ ဈေးကွက်ရသရုပ်ဆောင် တစ်ယောက်နဲ့ရိုက်မယ်ဆိုရင် ဒီကားရဲ့အနေထားလေးက အကျိုးအမြတ်လည်း မျှော်မှန်းလို့ရတယ်။ အခုဟာက ကျွန်တော့်အနေထားနဲ့ ရိုက်တာဖြစ်လို့ သူတို့မှာ တစ်ခြားဘာမှမျှော်လင့်မထားပဲနဲ့ ကျွန်တော်ကောင်းပါစေတော့ဆိုတဲ့စိတ်နဲ့ ရိုက်ပေးကြလို့ပါ။ သူတို့ဘက်ကလည်း ကျွန်တော့်အပေါ်မှာ အများကြီးကောင်းပေးထားလို့ ကျွန်တော့်ဘက်ကလည်း သူတို့လိုချင်တဲ့အတိုင်း ဖြစ်အောင်ကြိုးစားသွားရမဲ့ အပိုင်းလေးတွေရှိပါတယ်။

ဈေးကွက်ရနေတဲ့ မင်းသားတွေအများကြီးရှိနေသားနဲ့ စိုးရန်အောင်ကိုမှ ရွေးပြီးခေါ်ရိုက်ရတာ ဘာကြောင့်လို့ထင်သလဲ။

အဓိကကတော့ ဆရာဦးစိုးမိုးက ကျွန်တော့်အပေါ်မှာထားတဲ့ သံယောဇဉ်ကြောင့်ပါ။ ကျွန်တော့်ကို ဖြစ်စေချင်တဲ့စိတ်၊ ဆရာဦးစိုးမိုးရဲ့ မိဘသဖွယ်လို ထပ်တူထပ်မျှပါပဲ။ ကျွန်တော့်ကို အနေအထားလေး တစ်ခုဖြစ်သွားမယ်။ ဒီကားသည်မြန်မာTraditional ဘက်တော်တော်များများ လည်းပါတယ်။ အဲဒီအတွက်ကို အဓိကက ဆရာဦးစိုးမိုးရော၊ ဦးတင်မောင်ဝင်းနဲ့ ကျွန်တော်ကပါ နိုင်ငံတကာ ထိုးဖောက်ဖို့ ရည်ရွယ်ပြီး လုပ်ထားတာပါ။

နောက်ပိုင်းမှာရော ပရိသတ်အတွက် အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ဘာတွေဆက်လုပ်သွားဖို့ ရှိတယ်ဆိုတာ ပြောပြပေးပါအုံး။

အဓိကကတော့ ကျွန်တော်ရုပ်ရှင်ကားကြီးမှာ ခေါင်းဆောင်မင်းသားအနေနဲ့ ရိုက်တယ်။ ဒီဘက်ခေတ်အခြေအနေမှာ နံမည်ရ၊ ဈေးကွက်ရမင်းသားတွေတောင်မှ တစ်ယောက်တည်း ရုပ်ရှင်ကားကြီး မလွယ်တဲ့အနေအထားမှာ ကျွန်တော့်အနေအထားနဲ့ ဘယ်မင်းသားကြီးမှမပါပဲ တစ်ယောက်တည်း ရဲရဲဝင့်ဝင့်စပြီးတော့ ထိုးဖောက်တဲ့ခြေလှမ်းပေါ့။ နောက်လည်းStudio35နဲ့ပဲ ဆက်လုပ်သွားဖို့ရှိပါတယ်။

အနုပညာလောကထဲကို ဝင်ရောက်လာတဲ့ သူတွေ အများကြီးပဲရှိလာတဲ့အတွက်ကို စိုးရန်အောင်အနေနဲ့ ကိုယ့်အတွက်လုပ်ကွက်ရဖို့ကို ဘယ်လိုမြင်မိပါသလဲ။

အဓိကကတော့ကြိုးစားမှုရလဒ်ပါပဲ။ ကျွန်တော်တို့ဆိုလည်း ကြိုးစားနေတာပဲ။ အခုချိန်ထိလည်း ကြိုးစားနေဆဲပါပဲ။ ဒီလောကထဲမှာ ဝင်ရောက်လာတဲ့ အချိန်လေးလည်းကြာပြီလေ။ ဒီအနုပညာဆိုတာ အနုပညာလို့ပြောလိုက်ရင် နုနုရွရွလှလှပပလေးလို့ပဲ မြင်တယ်။ နောက်ပြီးတော့ အောင်မြင်မှုပေါ်မှာ သာယာမှုလေးတွေရှိတယ်။ ဒါပေမဲ့ အဲဒီအနေအထားလေးတစ်ခုပေါ်မှာ အောင်မြင်မှု တစ်ခုမရခင်မှာ ကြမ်းတမ်းပါတယ်။ ခက်ခဲပါတယ်။ ဒီလောကထဲလျှောက်မယ်ဆိုရင် သေသေချာချာဆုံးဖြတ်ပါ။ ကိုယ်ကအနေအထားတစ်ခု ရောက်အောင်လျှောက်ပါ။ စိတ်ဆုံးဖြတ်ပြီးရင်တော့ တစ်ချိန်မှာကြိုးစားမှုရဲ့ ရလဒ်တော့ ရမှာပါပဲလို့ထင်ပါတယ်။

ကိုစိုးရန်အောင်က သီချင်းတွေလည်းဆိုခဲ့ဖူးတယ်ဆိုတော့ နောက်ပိုင်းမှာရော သီချင်းနဲ့ပတ်သက်ပြီး ဘာတွေလုပ်သွားဖို့ရှိသလဲ။

သီချင်းနဲ့ပတ်သက်ပြီး အခုနောက်ပိုင်းမှာ သိပ်မလုပ်ဖြစ်ဘူး။ ဇာတ်ကားရိုက်ကူးရေးကိုပဲ အဓိကလုပ်နေတယ်။ ရိုက်ကူးရေးမရှိတဲ့ အချိန်တွေဆိုရင်တော့ ကျွန်တော်ကြိုက်တဲ့ သီချင်းလေးတွေရှိရင်တော့ သီချင်းသွင်းတာ၊ဆိုတာတွေကို လုပ်ဖြစ်သွားမယ်။

ကိုစိုးရန်အောင်အနေနဲ့ အနုပညာလောကမှာ အောင်မြင်မှုတစ်ခုရရှိဖို့ ဘယ်လိုအရည်အချင်းတွေ ရှိသင့်တယ်လို့ ထင်ပါသလဲ။

လူတစ်ယောက်ရဲ့ကြိုးစားမှုသည်သာ အဓိကကျလိမ့်မယ်လို့ ထင်ပါတယ်။

ကိုစိုးရန်အောင်အနေနဲ့ ဒီအနုပညာလောကထဲမှာ ဖြတ်သန်းလာတဲ့အချိန် အနေအထားကလည်း ကြာပြီလို့ပြောလို့ရတယ်။ ဒါပေမဲ့ထင်သလောက်ဖြစ်မလာတာ တွေ့ရတယ်။ ဘာကြောင့်လို့ထင်မိသလဲ။

ကြိုးစားပြီးတော့ ထင်သလိုဖြစ်မလာတဲ့ အပိုင်းလေးတွေအများကြီးပါပဲ။ ကျွန်တော်တို့တွေလည်း ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီအတွက် စိတ်ဓာတ်တွေ ကျနေတာလည်းရှိပါတယ်။ ကိုယ်လျှောက်နေတဲ့လမ်းကို ပြန်သုံးသပ်ကြည့်ပေါ့နော်။ ကိုယ်ကတော့ ကြိုးစားနေတာပါပဲ။ ဘာလို့ အရာမထင်တာလဲတော့မသိဘူး။ ဘယ်ဘက်မှာ ကိုယ်အားနည်းနေသလဲပေါ့။ ကျွန်တော်ဒီနေ့ ဒီအချိန်ထိ သူများတွေ လွယ်ကူတဲ့အလုပ်ကို ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရပါတယ်။

         

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.