ကိုယ်ကြိုးစားရင် ကိုယ့်အတွက် နေရာတစ်နေရာတော့ ရမှာမလွဲပါဘူးလို့ ဆိုတဲ့ မိတ်ကပ် Gucci အောင်

မိတ်ကပ်ပညာကို တက္ကသိုလ်စတက်တဲ့အချိန်ကစလို့ဝါသနာကြီးခဲ့သူဖြစ်တဲ့ မိတ်ကပ်Gucci အောင်နဲ့တွေ့ဆုံခိုက် သူ့ရဲ့ မိတ်ကပ်ခြယ်သမှုနဲ့ ပတ်သက်တဲ့အမြင်တွေ၊ ဒီလောကထဲ ဘယ်လိုဝင်ရောက်ဖြစ်ခဲ့တယ်ဆိုတာလေးတွေကို မေးမြန်းဖြစ်တဲ့အခါ ‘အောင်က အရင်တုန်းကတော့ အလှအပကို ကိုယ်ကိုယ်တိုင်ပဲ ပြင်တာ ၀ါသနာပါတယ။် သူများကို ပြင်ပေးရတာ ၀ါသနာမပါဘူး။ ဒီလောထဲကို ရောက်လာတာက အောင့်သူငယ်ချင်း မိတ်ကပ်ဂျိုးဂျိုးနဲ့ သွားရင်းလာရင်းနဲ့ သူလိမ်းတာတွေကြည့်ပြီး မိတ်ကပ်လိမ်းတာကို စိတ်ဝင်စားလာတယ်။ ၂၀၀၈ခုနှစ်၊ အောင် နောက်ဆုံးနှစ် အဝေးသင်တက်နေတဲ့အချိန်မှာ လက်ဦးဆရာ မိတ်ကပ်ညီညီမောင်ဆိုင်ကို ရောက်ခဲ့တာပါ။ အောင်လိုက်ခဲ့ပေးတဲ့ မင်းသမီးတွေက မေကဗျာ၊ စန္ဒီမြင့်လွင်၊ ချောရတနာ၊ သင်ဇာဝင့်ကျော်၊ ၀ိုင်းစုခိုင်သိန်း၊ မိုးဟေကို၊ စံရတီမိုးမြင့်တို့ပေါ့။ ပထမဆုံးပြင်ပေးတဲ့ မင်းသမီးက သင်ဇာဝင့်ကျော်ပါ။ အောင် ဒီအလုပ်လုပ်တာကို အိမ်ကလူတွေလဲ သဘောမတူဘူး။ မတူတဲ့ကြားထဲကမှသူတို့နဲ့အတိုက်အခံလုပ်ပြီး ဒီအလုပ်ကိုရွေးလုပ်ခဲ့တာ ကိုယ်ထင်တာကလဲ လွယ်လွယ်လေးလို့ပဲထင်တာ၊ ဒါပေမဲ့ တကယ်လုပ်တဲ့အချိန်မှာ အရမ်းပင်ပန်းတယ်။ ပြီးတော့ အိမ်ကလဲ သဘောမတူတဲ့အတွက် ကြိုးစားပြီး လုပ်ခဲ့ရတယ်။’’လို့ သူက ပြောပါတယ်။

မိတ်ကပ်ညီညီမောင်ဆီ ရောက်ရှိခဲ့ပြီး နောက်ပိုင်းအကြောင်းအရာတွေကိုလည်း သူက ‘ကိုညီမောင်ဆီရောက်ပြီး ရှုတင်တွေစလိုက်တဲ့အချိန်မှာ အဲဒီခံစားချက်တွေ စဖြစ်ပါတယ်။ အောင်လိုက်နေရင်းနဲ့ တစ်ခါတစ်လေ အဆင်မပြေတာမျိုးတွေ ကြုံခဲ့ဖူးတယ်။ အောင်တို့က တစ်ခါတစ်လေ တခြားပုံစံလေးတွေ လုပ်ပေးချင်တယ်။ သူတို့လုပ်ချင်တာက တစ်မျိုး ညှိရတာပေါ့နော်။ နောက်တော့လဲ ကိုယ်လိုက်တဲ့ မင်းသမီးစိတ်ချမ်းသာအောင်၊ အဆင်ပြေအောင်ပဲ လုပ်ပေးရတာများပါတယ်’တဲ့။

သင်တန်းသားတွေကို လက်ခံသင်ကြားပေးနေတဲ့သူက အဲ့ဒီအကြောင်းကိုလည်း ခုလို ဖွင့်ဟပါတယ်။ ‘သင်တန်းသူလဲ လက်ခံတယ်။ သုံးသိန်းပေါ့။ မိတ်ကပ်၊ ဆံထုံး အပြတ်သင်ပေးမယ်။ အတွေ့အကြုံက အရမ်းခက်ခဲပါတယ်။ ရှုတင်လိုက်ရတယ်ဆိုတာလဲ ပထမက လွယ်လွယ်လေးလို့ထင်တာ၊ ဒါပေမဲ့ အရမ်းခက်ခဲပါတယ်။ ပျော်တာကော၊ စိတ်ဆင်းရတာရော အစုံပဲခံစားရတယ်။ အခု နောက်ပိုင်း ပေါ်လာတဲ့ ကလေးတွေက အလုပ်ကိုသိပ်စိတ်မ၀င်စားကြဘူး။ အပျော်တွေပဲများနေကြတယ်။ အားလုံးကြိုးစားကြပါ။ ကြိုးစားရင်နေရာ တစ်နေရာတော့ရမှာပါလို့ပြောချင်ပါတယ်။ သူတို့အတွက် အကြံပေးချင်တာကတော့ ကိုယ်နေတဲ့ ဆိုင်တစ်ဆိုင်မှာ မြဲအောင်နေမှနေရာတစ်နေရာရမှာပါ။ တချို့က အဆင်မပြေရင် ပြောင်းကြတာများလို့မျောက်သစ်ကိုင်းလွတ်ဖြစ်မှာစိုးလို့ပါ။’လို့ သူက ပြောပြသွားပါတယ်။

သူလေးစားအားကျရသူတွေနဲ့ သူ့ကို ဘာ့ကြောင့် လူပိုသိသွားတယ်ဆိုတာကိုလည်း ‘အောင်လေးစားအားကျတာ အောင့်ဆရာ ညီညီမောင်(စမ်းချောင်း)၊ ပြီးရင် အောင့်ဆရာရဲ့ဆရာ မာမီအောင်၊ ဦးမာ၊ ဦးစိုး၊ အန်တီနှင်း၊ မကြီးစန်း အကုန်လုံးက အောင့်ရဲ့သင်ဆရာ၊မြင်ဆရာ၊ ကြားဆရာတွေကြီးပါပဲ။ အားလုံးကို အားကျပါတယ်။ အခု၂၀၁၄ ထဲမှာ အရမ်းဟော့တဲ့ သူတွေနဲ့အရမ်းရိုးတဲ့သူတွေ တွဲသွားမယ်လို့ထင်တယ်။ အခုဆို လွန်လွန်ကျူးကျူးပြင်တဲ့သူတွေလဲ ရှိတယ်။ ဖျော့ဖျော့လေးတွေ ပြင်တဲ့သူတွေလဲရှိတယ်။ နှစ်ခုကပြိုင်နေမှာပေါ့နော်။ အောင့်ကို လူတွေ သတိထားမိတာက မိုးနဲ့လိုက်တဲ့ အချိန်မှာလို့ အောင်ထင်တယ်။ မိုးနဲ့လိုက်တဲ့အချိန်မှာ လူပိုသိလာပါတယ်။’ လို့ သူ ဆိုပါတယ်။

အရင်ထက်ပိုလှလာတာကစိတ်ချမ်းသာလို့ပေါ့။ အားလုံးကလဲပြောကြတယ်။ အသားအရေကတော့ ပုံမှန်လိုးရှင်းလိမ်းတယ်။ပြီးတော့ဆက်လိုက်သုံးတာကO Layပေါ့။ ဖက်ရှင်တွေကတော့ ဒီလိုပဲလေ့လာပြီးတော့ဝတ်ရတာပေါ့။ ကိုယ်လိုက်နေတဲ့မင်းသမီးတွေဆီကလေ့လာတာလဲရှိတယ်။ ကိုယ်လိုက်တဲ့မင်းသမီးတွေကလဲကိုယ့်ရဲ့မြင်ဆရာတွေပါပဲ။အောင့်ကိုယုံကြည်ပြီးပြင်တဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.