လွန်ခဲ့တဲ့ လက ပြင်သစ်နိုင်ငံမှာ နှင်းလျောစီးရင်းနဲ့ မတော်တဆမှုဖြစ်ပွားခဲ့ပြီး ဦးခေါင်းမှာ ဒဏ်ရာအပြင်းအထန်ရခဲ့တဲ့ ဖော်မြူလာဝမ်း ကားမောင်းချန်ပီယံဟောင်း မိုက်ကယ်ရှူးမေကာဟာ အခုအချိန်ထိ ကိုမာ ကနေ သတိပြန်လည်မရသေးဘူးလို့ ဆိုပါတယ်။ မိုက်ကယ်ရှူးမေကာရဲ့ မိသားစု ပြောပြချက်အရ မိုက်ကယ်ဟာ ကိုမာ အခြေအနေမှာ လေးပတ်ကြာရှိနေခဲ့ပြီးနောက်မှာ မှတ်ဥာဏ်နဲ့ ခံစားနိုင်မှုအသိတွေ အလုပ်မလုပ်တော့ မယ့် အနေအထားကို ရောက်ရှိနိုင်တယ်လို့ ဝမ်းနည်းဖွယ် သိရှိရပါတယ်။
ကမ္ဘာ့အကောင်းဆုံး ကားမောင်းသမားတစ်ယောက် အဖြစ် သတ်မှတ်ခံထားရတဲ့ မိုက်ကယ်ရှူးမေကာဟာ အသက်ရှင်လျက် သေနေရမယ့်ဘ၀မျိုးကို ရောက်ရှိနေတယ်လို့ ဆရာဝန်တွေက ပြောကြားခဲ့ပေမယ့် ဒါဟာ အတည်ပြုဖို့ တော့မလွယ်ကူသေးဘူးလို့ ဆိုခဲ့တဲ့အတွက် မိုက်ကယ်အတွက် မျှော်လင့်ချက်အလင်းရောင် လေးတစ်ခု ကျန်ရှိနေပါသေးတယ်။
မိုက်ကယ်ရဲ့ ဇနီး အသက် ၄၄ နှစ်အရွယ် ကိုရင်နာ က “ ကျွန်မတို့ အားလုံးသိတဲ့အတိုင်း သူဟာ သူရဲကောင်းတစ်ယောက်ပါ။ သူဘယ်တော့မှ အရှုံးပေးမှာမဟုတ်ပါဘူး။” လို့ ပြောဆိုခဲ့ပါတယ်။
ကမ္ဘာတစ်လွှားလုံးက ၀မ်းနည်းကြောင်းသ၀ဏ်လွှာတွေနဲ့ အားပေးစကားတွေက သူတို့ မိသားစုအတွက် ဒီရက်ပိုင်းအတွင်းမှာ အားရှိစရာတစ်ခုဖြစ်ခဲ့တဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်လို့ မိုက်ကယ်ရဲ့ မိသားစုက ပြောဆိုခဲ့ပါတယ်။
တကယ်လို့ ဆရာဝန်တွေကသာ မိုက်ကယ်ကို ကိုမာ အခြေအနေက မဆွဲထုတ်နိုင်ခဲ့ဘူးဆိုရင် ဘယ်တော့မှ စကားမပြောနိုင်၊ မလှုပ်ရှားနိုင်၊ ခံစားမှုမရှိတော့တဲ့ အနေအထားကို ရောက်ရှိသွားဖွယ်ရှိတယ်လို့ သိရပါတယ်။ ပုံမှန်အားဖြင့် ယာယီကိုမာဝင်ရောက်ခြင်းဟာ ဦးနှောက်ပြန်လည်အလုပ်လုပ်၊ အားပြည့်ဖို့ နှစ်ပတ်လောက်သာ ကြာမြင့်တတ်ပြီး ဒီ့ထက်ကြာပြီးမှ ပြန်လည်နိုးထလာတဲ့ ရှားပါတဲ့ ဖြစ်ရပ်တွေလည်း ရှိတယ်လို့ သိရပါတယ်။
ကျွန်တော်တို့ အားလုံးလည်း ဒီနေရာကနေ မိုက်ကယ် အမြန်ဆုံး သက်သာလာဖို့ ဆုတောင်းပေးနိုင်ပါတယ်။
Ref: mirror, Wikipedia. BBC News