လူတိုင်းကို မိမိစိတ်နဲ့ နှိုင်းလို့မရတာ တကယ်အမှန်ပါပဲ။ ကိုယ့်အတွက် အသေးမွှားလေးကိစ္စလေးမို့လို့ အလိုက်တသိလုပ်ပေးလိုက်ပေမယ့် လုပ်ပေးနေမှန်းသိရင် ရောင့်တက်လာကြပါတယ်။
ထပ်ခါတလဲလဲ ခိုင်းချင်လာကြပါတယ်။
ဒီတော့ တစ်ခါတစ်လေကြရင် ကိုယ့်အတွက်ပဲကြည့်သင့်ပါတယ်။ ကူညီထိုက်သူကို ကူညီလိုက်တာအကျိုးရှိပေမယ့် စာနာစိတ်ကို အသုံးချချင်တဲ့သူတွေရဲ့လှည့်ဖြားမှုအောက် မရောက်သွားပါစေနဲ့။ လိုသုံးဆိုတဲ့ စကားကို မကြိုက်ကြဘူးမလား။ လူတွေက တကယ်ပဲ သူတို့အကျိုးလိုမှ
ကိုယ့်ကို လာပြီးသုံးချင်ကြပါတယ်။ ဒါပေမယ့်လည်း အမြင်တစ်မျိုးကြည့်ရင် ကိုယ့်အကူညီရမှ
သူတို့အတွက် အလုပ်ဖြစ်မှာမျိုးတွေရှိတယ်။ ကိုယ်သာမကူညီရင် သူတို့ဒုက္ခရောက်ချင် ရောက်နိုင်တယ်။ အဲ့ဒီအခါ သူတို့အတွက် ကိုယ်ဟာအရေးပါတဲ့လူတစ်ယောက်ဖြစ်လာရမှာပါ။
အဲ့ဒီအခါ လူတစ်ယောက်ရဲ့အကူညီဟာ ဘယ်လောက်ထိအရေးပါလဲဆိုတာ သိလာအောင်
သင်ခန်းစာပေးတတ်ရပါမယ်။ တစ်ခါကူညီပေးခဲ့တဲ့ ကျေးဇူးကိုတစ်သက်လုံး မမေ့ပါစေနဲ့။
ဒီလူနဲ့ ကင်းလို့ရလားစဉ်းစားပါ။ ကင်းလို့မရပဲနဲ့ စကားတွေကျွံပြီး ကူညီချင်စိတ်ပျက်အောင်
မလုပ်သင့်ပါဘူး။
ဒီတော့ ကိုယ်ကကူညီပေးရမယ့်သူဆို လူရွေးပါ။ ဘယ်လောက်ကူညီပေးပေး အရာမထင် ၊
ကျေးဇူးမသိတတ်သူကို ခေါင်းထဲ မထည့်ပါနဲ့တော့။ ဒီလိုလူမျိုးက ကူညီပေးလည်း ကုသိုလ်ရမှာမဟုတ်ပါဘူး။ တကယ်လိုအပ်လို့ ကူညီပေးရတာမှ ပိုပြီးမွန်မြတ်ပါတယ်။ ဒါကြောင့် လူတိုင်းကိုကိုယ့်စိတ်နဲ့ နှိုင်းပြီး သဒ္ဒါတရားမထက်သန်ပါနဲ့။ တကယ်လိုအပ်နေလားဆိုတာ စိစစ်ပြီးမှ
ဆုံးဖြတ်ချက်ချပါ ။