သြော်.. ဘယ်သူမှတော့ တိရစ္ဆာန်ဖြစ်ချင်ကြမှာ မဟုတ်ပါဘူး ။ စားလိုက် ၊
အိပ်လိုက် ၊ အချစ်ခံလိုက်နဲ့ ကြောင်လေးတွေရဲ့ဘဝကို တစ်ခါတစ်လေ အားကျမိတာ အမှန်ပါပဲ။ လူ့လောကဓံရဲ့အတက်အကျတွေ ၊ အတိုက်ခိုက်တွေနဲ့ လူတွေရဲ့အပေါ်ယံဟန်ဆောင်မှုတွေကြားဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အဆုံး အပူပင်မရှိတဲ့ ကြောင်လေးတွေကို သဘောကျမိတယ်ဗျာ..
ဘဝတွေထဲမှာ လူ့ဘဝက အမွန်မြတ်ဆုံးဆိုပေမယ့် စိတ်အပင်ပန်းဆုံး ဘဝတစ်ခုလို့လည်း
ပြောလို့ရပါတယ်။ ငယ်စဉ်အချိန်တစ်ခုပဲ ကလေးပီပီ ပြေးလွှား ဆော့ကစားကြီးပြင်းခဲ့ပေမယ့်
အရွယ်ရောက်လာတာနဲ့အမျှ ပူလောင်မှုတွေဆိုတာ တစ်နေ့ပြီးတစ်နေ့ အတောမသတ်နိုင်တော့ပါဘူး။
တကယ်လို့ ကျွန်တော်သာ ကြောင်တစ်ကောင်ဖြစ်ခဲ့မယ်ဆိုရင် ဘာပြဿနာမှ ဖြေရှင်းစရာ
မရှိတော့ဘူး ။တာဝန်ယူမှုဆိုတာလည်း မရှိဘူး။ အိပ်ချင်တဲ့နေရာ ခေါင်းထိုး အိပ်လို့ရမယ်။
အချိန်တန်ရင် ညှောင်လို့အော်လိုက်တာနဲ့ အသည်းပိုနေတဲ့သခင်က ကျွန်တော်ကြိုက်တဲ့
အစားစာတွေ ချကျွေးလိမ့်မယ်။ မနက် အလုပ်သွားဖို့ အစောကြီးထစရာမလိုဘူး။
နောက်တစ်နေ့မှာ deadline တွေမမှီရင် ဘယ်လိုလုပ်မလဲဆိုတဲ့ စိုးရိမ်ပူပန်စိတ်တွေ
မရှိတော့ဘူး ။
ကြောင်ဖြစ်ခဲ့မယ်ဆိုရင် အရာအားလုံး အဆင်ပြေသွားမယ်လို့ တွေးကြည့်မိတယ်ဗျာ.. ကံကောင်းလွန်းလို့ လူ့ဘဝရောက်နေတာကို ဆူးပုံနင်းချင်နေတဲ့ ငမိုက်သားလို့ ပြောချင်ပြောပါတော့… လူ့ဘဝဆိုတာ ထင်ထားသလောက် မပင်ပန်းဘူးဆိုရင် သတ်သေတဲ့လူတွေဆိုတာလည်း ရှိလာမှာ မဟုတ်ဘူး။ ကျွန်တော်ပြောချင်တာက လူ့ဘဝကို လွှင့်ပစ်ချင်နေတာ မဟုတ်ပါဘူး။ ကျွန်တော်လူဖြစ်ရတာ ကိုယ့်ကိုကိုယ် ဂုဏ်ယူမိပါတယ်။
မွေးတည်းက ရွှေဇွန်းကိုက်လာတဲ့သူတွေအတွက်တော့ ဘဝဆိုတာဘာလဲ မေးခွန်းထုတ်နေလိမ့်မယ်။ တကယ်တမ်း ရုန်းကန်နေရတဲ့သူတွေအတွက် ဘဝဆိုတာ အရမ်းကြမ်းတမ်းပါတယ်။
ကိုယ့်မိသားစု အသိုက်မြုံလေးနဲ့ နေပျော်အောင် နေတတ်ကြတဲ့သူတွေတွေ့ရင် ကျွန်တော်ချီးကျုးတယ် ။ သူတို့ဒီလို ဘဝနဲ့ကျေနပ်နေတာတော့ မဟုတ်ဘူး။ ကြိုးစားတယ်။ လဲကျတယ်။
ပြန်ထတယ်။ အဆင်မပြေတိုင်း ဒေါသထွက်မနေတော့ဘူး။ မိသားစု ၊ သူငယ်ချင်းနဲ့ ပျော်အောင်နေဖို့ပဲ ကြိုးစားတော့တယ်။
ကိုယ်အပြင်းထန်ကြိုးစားတိုင်း အရာမထင်၊ အသိမှတ်မပြုခံရတော့ စိတ်ဆင်းရဲရတယ်။ ဒီခံစားချက်ဝင်တဲ့သူတိုင်း ကိုယ်ချင်းစာမိမယ်ထင်ပါတယ်။
အဲ့ဒါကြောင့် တစ်ခါတစ်လေ ကျွန်တော်ကြောင်ဖြစ်ချင်မိခဲ့တယ်…