ဖေ့စ်ဘွတ်ခ်စာမျက်နှာကို မကြာခဏ refresh လုပ်ပြီး နောက်ဆုံးရသတင်းတွေ၊ notification တွေကို တစ်ခုမှာ လက်လွတ်မခံ လိုက်ကြည့်ဖြစ်နေကြပြီလား။ သန်းခေါင်းကျော် တစ်ရေးနိုးလဲ ဖေ့စ်ဘွတ်ခ်ထဲ ဝင်ကြည့်ပြီး မိုးလင်းပေါက်တဲ့အထိ ဖေ့စ်ဘွတ်ခ် အသုံးပြုနေလို့  အိပ်ရေးပျက်ခဲ့ရတဲ့ ညတွေ ဘယ်လောက်များပြီလဲ။ အခုလို ဖေ့စ်ဘွတ်ခ်ကို အလွန်အကျွံ စွဲလန်းနေခြင်းကြောင့် အောက်ပါအချက်တွေကို ခံစားနေရပါလိမ့်မယ်။
၁) ကိုယ့်ကိုယ်ကို တန်ဖိုးထားလေးစားမှုများ လျော့နည်းလာခြင်း။
Status တစ်ခုတင်လိုက်ပြီး တစ်နာရီလောက်ကြာအောင် စောင့်ဆိုင်းပြီးမှ like လေးခု၊ ငါးခုလောက်ပဲရနေချိန်မှာ၊ သူငယ်ချင်းတွေရဲ့  Status က like တွေအများကြီးရနေတာကို မြင်တွေ့ နေရင် စိတ်ထဲမှာ မတင်မကျနဲ့ လျစ်လျှူရှုခံရသလို၊ အထီးကျန်ဆန်နေသလို ခံစားနေရတတ်ပါတယ်။ ဆိုရှယ်လ်နက်ဝေါ့ခ်ပိုင်းကို လေ့လာခဲ့သူတွေရဲ့ တွေ့ ရှိချက်ကတော့ ဆိုရှယ်လ်နက်ဝေါ့ခ်အသုံးပြုသူ တော်တော်များများက မိမိရဲ့ အွန်လိုင်းပေါ်က ရုပ်သွင်သဏ္ဍာန်ကို တခြားသူတွေနဲ့  ယှဉ်နှိုင်းဝေဖန်ခံရပြီး မကောင်းတဲ့အမြင်နဲ့ ရှုံချပြောဆိုခံရတာကို မလိုလားကြပါဘူး။ ဒီလို ရှုံချဝေဖန်ခံရတာများလို့  ဖေ့စ်ဘွတ်ခ်ပေါ်မှာ ထင်တိုင်းကြဲ လုပ်ချင်တာလုပ်ပြီး ကိုယ့်ကိုယ်ကို တန်ဖိုးမထားတတ်ကြတော့တဲ့ သူတွေဖြစ်လာကြတာလဲ မနည်းတော့ပါဘူး။
၂) လူအများရဲ့  အာရုံစိုက်မှုဖြင့် လွှမ်းမိုးခံလိုခြင်း။
ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်နေပါတယ် ဆိုတဲ့အကြောင်းကို status အဖြစ်တင်ပြီး ၁၀မိနစ်ခြားတစ်ခါလောက် notification တတ်မတတ်စောင့်ကြည့်နေပြီး နာရီဝက်လောက်ကြာမှ notification တစ်ခုတတ်လာတာကို ဝမ်းသာအားရဖြစ်နေတတ်ကြပါတယ်။ အလားတူပါပဲ ညဘက်အိပ်ရာဝင်ချိန်တွေမှာလဲ အွန်လိုင်းတက်ပြီး status တစ်ခုမဟုတ် တစ်ခုတင်၊ လူအများရဲ့ အာရုံစိုက်မှုကို ရယူဖို့  စောင့်ဆိုင်းပြီး အချိန်ကုန်လွန်နေတတ်ကြတာ ဆယ်ကျော်သက်လူငယ်တွေ အများဆုံးဖြစ်တတ်ပါတယ်။
၃) ကိုယ်ရေးကိုယ်တာ အချက်အလက် နှင့် ဆက်စပ်သော သောကများ။
မိဘနဲ့ သားသမီး၊ မိတ်ဆွေအပေါင်းအသင်း၊ ချစ်သူရည်းစား နဲ့ လင်မယား တွေအကြား ဆက်ဆံရေးတွေကို ပုဂ္ဂလိကအတွင်းရေးအနေနဲ့ ထားရှိကြပြီး အပြန်အလှန် ရိုသေနားလည်မှုတွေ အရင်ကရှိခဲ့ကြပါတယ်။ ဒါပေမယ့် ဖေ့စ်ဘွတ်ခ်ရဲ့ ကျေးဇူးတွေကြောင့် ကိုယ်ရေးကိုယ်တာတွေဆိုတာ မရှိတော့ပါဘူး။ လူကြီးမိဘတွေက ဘယ်လိုစိတ်အနှောက်အယှက်ဖြစ်စေပါတယ်ဆိုတဲ့ အကြောင်းအရာတွေ၊ ချစ်သူရည်းစားက ဘယ်လိုဖြစ်ပါတယ်ဆိုတဲ့အကြောင်းအရာတွေ၊ သူငယ်ချင်းက နောက်ကွယ်မှာ ဓားထိုးတယ်ဆိုတဲ့ status တွေကို လူအများသိအောင် ဖေ့စ်ဘွတ်ခ်မှာ ကြေညာချက်တွေထုတ်နေကြပါတယ်။ အားပေးအားမြောက်လုပ်သူတွေက like လုပ်၊ comment ပေးတာတွေလုပ်ပြီး မြှောက်ထိုးပင့်ကော်တွေလုပ်ပြီး တကယ့်လက်တွေ့ ပြဿနာတွေကို ဝိုင်းကူရှင်းပေးနိုင်ကြတာမဟုတ်ပါဘူး။ချစ်သူရည်းစားတွေကြားမှာတော့ Password (စကားဝှက်) ကိုပေးလိုက်ခြင်းက အဆိုးဆုံးပါပဲ။ မျိုးစုံသောနည်းလမ်းတွေနဲ့ အချိန်တိုင်းထောက်လှမ်းစစ်ဆေးတာတွေကို ကြုံတွေ့ နေကြရပြီး၊ ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေဆိုတာ ပျောက်ပျက်စပြုနေပါပြီ။
၎) အွန်လိုင်းပေါ်က ရန်ငြှိုးဟာင်းများ။
အွန်လိုင်းပေါ်ကတချို့ လူတွေက စိတ်အနှောက်အယှက်အရမ်းဖြစ်စေပါတယ်။ အလုပ်မရှိအလုပ်ရှာ၊ အွန်လိုင်းမှာလာခေါ်ပြီး စကားပြန်မပြောရင် ဆဲရေးတိုင်းထွာလုပ်သွားတတ်ကြပါတယ်။ အဖက်လုပ်ပြီးပြန်ပြောမိရင်း စကားများရန်ဖြစ်ပြီး အငြှိုးအတေးထားရှိပြီး အပြင်လောကမှာ ကိုယ်ထိလက်ရောက် အနာတရ ရအောင်ပြုလုပ်တဲ့အမှုတွေလဲ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒါကြောင့်မလို့ အွန်လိုင်းပေါ်မှာ မသိတဲ့သူတွေနဲ့ စကားမပြောပဲ နေတာကပိုပြီး လုံခြုံစိတ်ချရပါတယ်။
၅) စွဲလန်းမှု။
ဖေ့စ်ဘွတ်ခ်ကြောင့် ကမ္ဘာတစ်ဝှမ်းက သူငယ်ချင်းတွေနဲ့ အမြဲအဆက်အသွယ်ရှိနေနိုင်လို့  ဖေ့စ်ဘွတ်ခ်က တချို့ လူတွေအတွက် နေ့ စဉ်ဘဝမှာ မရှိမဖြစ်လိုအပ်လာတာကို တွေ့ ရပါတယ်။ အထူးသဖြင့် လူငယ်တွေက ဖေ့စ်ဘွတ်ခ်ကို သူတို့ ရဲ့ ကမ္ဘာအမှတ်နဲ့ စွဲလန်းရူးသွပ်ပြီး အချိန်တွေကို ဒီဆိုရှယ်လ်နက်ဝေါ့ခ်မှာ ဖြုန်းတီးနေရတာကို နှစ်သက်သဘောကျနေကြပါတယ်။ ဖေ့စ်ဘွတ်ခ်စွဲလန်းခြင်းကြောင့် ဘဝပျက်ရတဲ့လူငယ်တွေ အများကြီးပါပဲ။
http://www.mensxp.com/technology/internet/9269-5-reasons-why-you-should-quit-facebook.html မှ ကောက်နှုတ်ဘာသာပြန် တင်ဆက်ထားပါသည်။
“Addiction” © 20th February 2011 bunglegirl666, used under a Creative Commons Attribution-ShareAlike license:http://creativecommons.org/licenses/by/2.0/deed.en