‘ညီမလေးရဲ့ချစ်သူ’ ဗီဒီယို ဇာတ်ကား၊ ‘အချစ်ဟု အဓိပ္ပာယ်သက်ရောက်ခြင်းမရှိစေရ’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့သူ သရုပ်ဆောင်ထူး ကို သူ့ရဲ့လတ်တလော အနုပညာ လှုပ်ရှားမှုတစ်ချို့ကိုမေးမြန်းဖြစ်ခဲ့တဲ့အခါ “ကျွန်တော် အနုပညာလှုပ်ရှားမှုတွေကို ပြန်လည်လုပ်ကိုင်နေပါပြီ။ ကျွန်တော်နိုင်ငံခြားကို ထွက်သွားလို့ ပရိသတ်တွေနဲ့ ကျွန်တော် သုံးနှစ်လောက် ဝေးကွာခဲ့ရပါတယ်။ အခုလို သုံးနှစ်တာ ကင်းကွာခဲ့ပေမဲ့လည်း ဒုတိယအကြိမ်ပြန်ပြီးတော့ အနုပညာလောကထဲကို ဝင်တဲ့အခါမှာ အနုပညာလောကက မောင်နှမ၊ မိတ်ဆွေ သူငယ်ချင်းတွေ နဲ့ စာနယ်ဇင်းသမားတွေ က ကူညီအားပေးတဲ့အတွက် ပထမအကြိမ်တုန်းကလိုတော့ အခက်အခဲမရှိခဲ့ပါဘူး။ အခုကျွန်တော် ဗီစီဒီတွေ၊ ပြက္ခဒိန်တွေ ရိုက်နေပါတယ်။ စိန်ဌေး ရုပ်ရှင်နဲ့ဗီဒီယို ထုတ်လုပ်ရေးနဲ့ ဇာတ်ကား တစ်ကား ရိုက်ကူးနေပါတယ်။ ကျွန်တော်ကတော့ ဒရမ်မာဇာတ်လမ်းတွေ သရုပ်ဆောင်ရတာကို ပိုပြီး သဘောကြတယ်။ ဟာသတို့ ကျတော့ ကျွန်တော့်အနေနဲ့ သရုပ်ဆောင်ရတာကို မကြိုက်တာတော့ မဟုတ်ပါဘူး။ ဟာသဆိုတာမျိုးက မထိန်းနိုင်ရင် over ဖြစ်သွားတတ်တယ်။ အဲဒါကြောင့် ဒရမ်မာကို ပိုသဘောကျတယ်လို့ ပြောတာပါ။ ကိုယ်နဲ့အတူတူ အနုပညာအလုပ်တွေ လုပ်ခဲ့တဲ့ သရုပ်ဆောင်တွေထဲမှာ တစ်ချို့နာမည်ရနေတာ တွေ့ရတော့ သူတို့တွေအတွက် ကျွန်တော် ဝမ်းသာပါတယ်။ သူတို့က တကယ်လည်း ကြိုးစားကြပါတယ်။ ဒါကြောင့်လည်း အောင်မြင်တာလို့ မြင်ပါတယ်။ ကျွန်တော်လည်း အခုချိန်ကစပြီး အနုပညာအလုပ်တွေကိုပဲ တစိုက်မတ်မတ် ဆောင်ရွက်မှာဖြစ်တဲ့အတွက် ကြိုးစားမှုရဲ့ရလဒ် အသီးအပွင့်ကိုတော့ ခံစားရမယ်လို့ ယုံကြည်ထားပါတယ်”လို့ သူက ဖွင့်ဟသွားခဲ့ပါတယ်။
ဒရမ်မာ ဇာတ်ရုပ်မျိုး သရုပ်ဆောင်ရတာကို ပိုကြိုက်တယ်လို့ ဆိုတဲ့ သရုပ်ဆောင် ထူး

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။