မန်ချက်စတာယူနိုက်တက်အသင်း တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီဟာ မန်ချက်စတာယူနိုက်တက်အသင်း ပရိတ်သတ်တွေအနေနဲ့ နည်းပြ ဒေးဗစ်မိုရက်စ်ကို အိုးထရက်ဖို့ ဒ်မှာ အခြေကျဖို့ စိတ်ရှည်သည်းခံ စောင့်ဆိုင်းပေးစေချင်ကြောင်း The Guardian သတင်းစာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
FA Cup ကနေ ထွက်လိုက်ရသလို ၊ ပရီးမီးယားလိဂ်မှာလည်း အဆင့် (၇) နေရာကနေ ရုန်းကန်နေရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ရာသီတစ်ဝက်ကျော်တဲ့အထိ ပုံမှန်ခြေစွမ်းပြန်မရသေးပါဘူး။ ဆာအဲလက်စ်ဖာဂူဆန် နေရာကို အစားဝင်လာတဲ့ မိုရက်စ်ကို ပရိတ်သတ်တွေက အပြစ်တင်ကြပြီး နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါသေးတယ်။
“ မိုရက်စ်ဟာ အခြားနည်းပြအသစ်တွေလိုပဲ အချိန်တစ်ခု လိုအပ်ပါတယ်။ အထူးသဖြင့် ဒီလိုအသင်းကြီးတစ်သင်းရဲ့ နည်းပြအသစ်တွေ ဆိုရင်ပေါ့။ ပြောရမယ်ဆိုရင် ပရိတ်သတ်တွေရော၊ ကျွန်တော်တို့ ကစားသမားတွေရော သူ့ ကို အချိန်နည်းနည်းထပ်ပေးဖို့ လိုအပ်တယ်ဆိုတာ နားမလည်ကြပါဘူး။ ကျွန်တော်တို့ ဒီရာသီမှာ အမှတ်တွေအများကြီး ဆုံးရှုံးခဲ့ရပါတယ်။ ကျွန်တော်တို့  အမြင်မှာတော့ အမှတ်အများကြီးပေါ့။ ဟုတ်တယ်လေ တကယ်လို့ ကျွန်တော်တို့ ဆုဖလားတွေအကုန် လိုချင်တယ်ဆိုရင် ဒီထက်ပိုကောင်းအောင်ကစားဖို့ လိုပြီး နိုင်ပွဲများများ ရဖို့ လိုအပ်တာပေါ့။ မန်နေဂျာက ကျွန်တော်တို့ ကို ဦးဆောင်နေတဲ့လူပါ။ သူအကောင်းဆုံးကြိုးစားနေပါတယ်။ သူ ဒီရလဒ်တွေကို ပြောင်းလဲ ပစ်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်လို့ ” ပြောဆိုသွားပါတယ်။
နောက်ထပ် ဗန်ပါစီက တကယ်လို့ မိုရက်စ်သာ လုံလောက်တဲ့အချိန်တစ်ခုရမယ်ဆိုရင် သူဟာ မန်ယူအသင်းမှာ ရှည်ကြာတဲ့ အောင်မြင်မှုသမိုင်းကို စိုက်ထူနိုင်လိမ့်မယ် လို့  ထင်မြင်ချက်ပေးလိုက်ပါတယ်။
Ref: The Guardian