နပ်ကျွန်းဂြိုဟ်၏ အရံဂြိုဟ်သစ်တစ်လုံးကို ဟက်ဘယ် အာကာသမှန်ပြောင်းဖြင့် ရှာဖွေတွေ့ရှိခဲ့တယ်လို့ နာဆာက အတည်ပြု လိုက်ပါတယ်။ HST ဆိုတဲ့ ဟက်ဘယ် အာကာသ အဝေးကြည့်မှန်ပြောင်းဆိုတာ ၁၉၉၀ခုနှစ်မှာ အမေရိကန်က အာကာသ ထဲကို လွှတ်တင်ခဲ့တဲ့ အားကောင်းလှတဲ့ အဝေးကြည့် မှန်ပြောင်းတစ်လုံးပဲဖြစ်ပါတယ်။
ယခုထပ်မံရှာဖွေတွေ့ရှိခဲ့တဲ့ အရံဂြိုဟ်သစ်ဟာ နပ်ကျွန်းဂြိုဟ်ကို ပတ်နေတဲ့ အရံဂြိုဟ်တွေထဲက သိခဲ့ရတဲ့ ၁၄လုံးမြောက် အရံ ဂြိုဟ်တစ်လုံးပဲ ဖြစ်ပါတယ်။ နပ်ကျွန်းဂြိုဟ်အဖွဲ့အစည်းထဲမှာ အသေးငယ်ဆုံး အရံဂြိုဟ်တစ်လုံး ဖြစ်ပုံရပါတယ်။ တိုင်းတာ ချက်တွေအရတော့ အချင်း ၁၂မိုင်သာရှိပြီး ၂၃နာရီတစ်ပတ်နှုန်းနဲ့ နပ်ကျွန်းဂြိုဟ်ကိုပတ်နေပါတယ်။
အမေရိကန် နက္ခတ္တဗေဒပညာရှင် မာ့ခ်ရှာဝေါ့လ်တာက နပ်ကျွန်းဂြိုဟ်ပတ်လမ်းကြောင်းတွေကို လေ့လာနေရင်း သေးငယ်လှ တဲ့ အစက်အပြောက်လေးကို ရှာတွေ့ခဲ့တာဖြစ်ပါတယ်။
မျက်စိနဲ့မြင်နိုင်တဲ့ အမှိန်ဆုံးကြယ်တစ်လုံးထက်ကို အဲဒီအရံဂြိုဟ်သစ်ဟာ အဆပေါင်းသန်းတစ်ရာလောက် ပိုပြီးမှေးမှိန် ပါတယ်လို့ နာဆာက ပြောပါတယ်။
အမေရိကန်က လွှတ်တင်ခဲ့တဲ့ Voyager အာကာသယာဉ်ဟာ နပ်ကျွန်းဂြိုဟ်နားအထိ ချဉ်းကပ်ခဲ့ပြီး ဂြိုဟ်အဖွဲ့အစည်းနဲ့ ဂြိုဟ်ပတ်လမ်းကြောင်းတွေကို ၁၉၈၉ခုနှစ်မှာ တိုင်းတာစစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတွေ့ရှိခဲ့ရတဲ့ အရံဂြိုဟ် သစ်ကိုတော့ ရှာဖွေ့တွေ့ရှိခြင်းမရှိခဲ့ပါဘူး။
အရံဂြိုဟ်တွေနဲ့ ဂြိုဟ်ပတ်လမ်းကြောင်းတွေက အရမ်းမြန်တဲ့အတွက် ဂြိုဟ်အဖွဲ့အစည်းအကြောင်းကို သိဖို့ဆိုရင် အဲ့ဒီ အရံဂြိုဟ်ရဲ့လှုပ်ရှားမှုနောက်ကို အမီလိုက်ဖို့ နည်းလမ်းတစ်ခုတော့ တီထွင်ခဲ့ကြရတယ်။ ဘာနဲ့တူလဲဆိုတော့ ပြေးနေတဲ့ အပြေးသမားတစ်ယောက်ရဲ့ ပုံရိပ်တွေကို ရဖို့ဆိုရင် အပြေးသမားကိုပဲ ဗဟိုဆုံချက်မှာထားပြီး နောက်ခံတွေကိုတော့ မှုန်ဝါးထားရမှာ နဲ့တူပါတယ်။' လို့ မစ္စတာ ရှာဝေါ့လ်တာက ပြောပါတယ်။
Ref:BBC