တီဗီကြော်ငြာတွေမှာ သူ့ရဲ့အပြုံးချိုချို မျက်နှာဟန်ပန်လေးကြောင့် မိန်းကလေးပရိသတ်တော်တော် များများရဲ့ စွဲလမ်းကြိုက်နှစ်သက်ခြင်းကိုခံခဲ့ရတဲ့ သရုပ်ဆောင် ဇန်ထူးအောင်ကို လတ်တလော အနုပညာ လှုပ်ရှားမှုတွေနဲ့အတူ ရှေဆက်ပြီးတော့ ရပ်တည်သွားမယ့် အနုပညာ ခရီးလမ်းကြောင်းနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်တဲ့အခါမှာတော့ သူက ‘ကျွန်တော်အခုလတ်တလောမှာတော့ ဗီဒီယိုဇာတ်ကားသုံးကား ရိုက်ထားတာရှိပါတယ်။ ချုပ်ရိုး၊ ပွဲသိမ်းရိုက်ချက်၊ ဝိညာဉ်များနဲ့ဒန်ဒန့်ဒန် ဆိုတဲ့ ဇာတ်ကားလေးတွေ ပဲဖြစ်ပါတယ်။ အခုလည်း ဗီဒီယိုဇာတ်ကားတွေပဲ ရိုက်ဖြစ်နေပါတယ်။ နောက်ပိုင်းမှာလည်း ဦးသိန်းဟန်(ဖီးနစ်)နဲ့ပဲ စာချုပ်က ၅နှစ်ချုပ်ထားတာဆိုတော့ သူနဲ့ပဲ ဗီဒီယိုဇာတ်ကားတွေရိုက် ဖြစ်သွားမှာပါ။ ဒါပေမဲ့ ကျွန်တော် စာချုပ်နဲ့ တစ်နှစ်လောက်ဇာတ်ကားတွေ ရိုက်နေရင်းကြားထဲမှ တစ်ခြားအကြောင်းကြောင်း ကိစ္စတွေရှိလို့ တစ်နှစ်လောက် နားလိုက်ပါ သေးတယ်။ အဲဒီတစ်နှစ် အတောအတွင်းမှာ ပရိသတ်တွေနဲ့ ရုပ်ရှင်လောကကို အဆက်အသွယ် ပြတ်သွားခဲ့ရတယ်။ အဲ့ဒါကြောင့် ကိုယ့်ကိုကိုယ် အခုချိန်မှာ အားမလိုအားမရ ဖြစ်မိပါတယ်။ ကိုယ့်ဘက်က အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။ လူဆိုတာက ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကိုယ့်ကိုကိုယ် ပြီးပြည့်စုံတယ်လို့ မရှိဘူးလေ။ အမြဲ လိုအပ်ချက်ဆိုတာ ရှိနေတာပါပဲ’လို့ ပြောပါတယ်။
သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး လေ့လာမှုတွေကိုလည်း သူက ‘ကျွန်တော့်ထုတ်လုပ်ရေးနဲ့ ပုံမှန်တစ်လ သုံးကားရိုက်ဖြစ်ပါတယ်။ ကျွန်တော် ဇာတ်ကားထဲမှာ သရုပ်ဆောင်ရသည်ဖြစ်စေ၊ သရုပ်မဆောင်ရသည်ဖြစ်စေ ဒါရိုက်တာနဲ့ ရိုက်ကွင်းကိုလိုက်ပြီး သူများသရုပ်ဆောင်တဲ့ အပေါ်မှာ လိုက်ကြည့်ပြီးတော့ အမြဲလေ့လာဖြစ်ပါတယ်။ ကျွန်တော်နဲ့ အတူတူ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခဲ့ကြတဲ့ သူတွေထဲကမှ စံရတီမိုးမြင့်ဆို အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ အဲဒီလို သူတို့ အောင်မြင်သွားတာကို တွေ့ရတော့ ဝမ်းသာပါတယ်။ အနုပညာအလုပ်ဆိုတာက ကိုယ့်ဘက်က ကြိုးစားနေရုံနဲ့ မပြီးပါဘူး။ သူ့ရဲ့ကံနဲ့စန်းနဲ့ က အဓိကကျပါတယ်’တဲ့။
ခုဆိုရင်သရုပ်ဆောင်ပိုင်းကနေ အဆိုပိုင်းဘက်ပါ ညီတူမျှတူ အနုပညာလှုပ်ရှားမှုတွေ ပြုလုပ်လာကြတဲ့ အနုပညာရှင်တွေ အများအပြားရှိလာတာကြောင့် သူ့ကို ဒီအကြောင်း မေးကြည့်တဲ့အခါ ‘အဆိုဘက်ကိုတော့ ဆိုဖို့ စိတ်ကူးမျိုးတော့ မရှိပါဘူး။ ဒီသရုပ်ဆောင် အလုပ်တောင် တော်တော်လေ့လာရဦးမယ်၊ ကြိုးစားရဦးမယ်။ တစ်ခုမှာ မကျွမ်းကျင်သေးပဲ နောက်အလုပ်တစ်ခုကို ပြောင်းလုပ်လိုက်ရင် ကြားမှာ ဟသွားမှာစိုးတယ်။ အဲဒါကြောင့် သရုပ်ဆောင် တာကိုပဲ ဇောက်ချပြီးလုပ်သွားမယ်။ ဇာတ်ကားတွေ ထွက်လာရင်လည်း ကိုယ့်ရဲ့သရုပ်ဆောင် တာတွေကို ပြန်ကြည့်ပြီးတော့ ဘယ်မှာလိုအပ်ချက်တွေ ရှိသလဲဆိုတာ ပြန်ရှာတယ်။ ပြီးရင် နောက်ပိုင်းသရုပ်ဆောင်တဲ့အခါ အဲဒီလိုလိုအပ်ချက်တွေ မဖြစ်အောင်၊ မရှိအောင်ပြန်ပြီး သတိထားမိသွားတာပေါ့။ နောက်ပိုင်းမှာ ကျွန်တော် အခွင့်အရေးရရင် ရသလို အဲဒီအခွင့်အရေးကို အသုံးချပြီးတော့ အကောင်းဆုံးကြိုးစားပြီး ပရိသတ်တွေကို ချပြပေးသွားမယ်’လို့ သူက ပြောပြသွားခဲ့ပါတယ်။