အေစီမီလန်အသင်းနည်းပြ အယ်လီဂရီ ကို ထုတ်ပယ်လိုက်ပြီ

image.jpg

စီးရီးအေကလပ် အေစီမီလန်အသင်းဟာ အသင်းနည်းပြ အယ်လီဂရီကို တင်္နလာနေ့ က ထုတ်ပယ်လိုက်ပြီး လက်ထောက်နည်းပြ တက်စ်ဆော့တီ ကို နည်းပြချုပ်အဖြစ် ခေတ္တတာဝန်ပေးထားလိုက်ပါတယ်။ ဆက်ဆူအိုလို အသင်းကို ၄-၃ ဂိုးနဲ့  အရှက်ရရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ အယ်လီဂရီကို ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ အခုရာသီ စီးရီးအေပွဲစဉ် ၁၉ ပွဲမှာ ၅ ပွဲ သာ အနိုင်ရရှိခဲ့တဲ့ အသင်းကြီး အေစီမီလန်ဟာ လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ထိပ်ဆုံးနေရာက  ပြိုင်ဘက် ဂျူဗင်တပ်အသင်းနဲ့ ရမှတ် ၃၀ တိတိ ကွာဟ သွားခဲ့ပြီဖြစ်ပါတယ်။

ဒီပွဲရှုံးနိမ့်အပြီး အေစီမီလန်အသင်း ဥက္ကဌ ဘာဘရာ ဘာလူစကိုနီက အသင်းအတွက် အရေးတကြီး ပြောင်းလဲမှု လိုအပ်နေပြီ ဖြစ်တယ်လို့ ပြောကြားခဲ့ပြီးနောက် နည်းပြ အယ်လီဂရီကို ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

အယ်လီဂရီဟာ အေစီမီလန်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့  ၂၀၁၀ ရာသီမှာ စီးရီးအေဖလားကို အရယူ ပေးနိုင်ခဲ့ပြီး လွန်ခဲ့တဲ့ ဘောလုံးရာသီနှစ်နှစ်မှာလည်း အဆင့် ၂ ၊ အဆင့် ၃ နေရာ မှာ အမြဲဝင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် အသင်းပိုင်ရှင် ဘာလူစကိုနီရဲ့ အကြိုက်တွေ့ မှုကို ဘယ်တုန်းကမှ မရရှိခဲ့သူ ဖြစ်ပါတယ်။

စီးရီးအေမှာ မထင်မှတ်ထားလောက်အောင် ခြေစွမ်းဆိုးရွားနေတဲ့ အေစီမီလန်ဟာ ချန်ပီယံလိဂ်မှာတော့ ရှုံးထွက်အဆင့်ကို တက်ရောက်ထားတဲ့ တစ်ခုတည်းသော စီးရီးအေကလပ်ဖြစ်ပါတယ်။

လစ်လပ်သွားတဲ့ အေစီမီလန်နည်းပြရာထူးအတွက်  အသင်းရဲ့ကစားသမားဟောင်း ဆီးဒေါ့ဖ် နဲ့ အီတလီ နည်းပြ ပရန်ဒယ်လီ တို့ အထူးရေပန်းစားနေပြီး  အသက် ၃၇ နှစ်အရွယ် ဆီးဒေါ့ဖ်ကတော့ လက်ရှိ ဘရာဇီးကလပ် ဘိုတာဖိုဂိုမှာ ကစားနေတုန်းဖြစ်ပါတယ်။ ဒါပေမယ့် ဆီးဒေါ့ဖ်က အခွင့်အရေးပေးရင် အေစီမီလန်နည်းပြရာထူးကို လိုချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.