မြန်မာနိုင်ငံရဲ့ Hip Hop ကို အပြောင်းအလဲတစ်ခုဖြစ်လာအောင် အမြဲကြိုးစားနေတယ်လို့ဆိုတဲ့ G Tone

1280869_10201459613486545_1365034277_n.jpg

Hip Hop လောကထဲမှာ အချိန်အတော်ကြာရပ်တည်ပြီး ပရိသတ် Respect ရထားတဲ့  MC တွေဆိုတာ ဒီနိုင်ငံမှာ လက်ချိုးရေလို့ရပါတယ်။ အဲ့ဒီ MC တွေထဲကမှ  အမိုက်စားတွေနဲ့ သူများနဲ့မတူတဲ့flowတွေ၊ လူငယ်ဆန်တဲ့ သီချင်းအကြောင်းအရာတွေကို အမြဲတမ်းချပြတတ်တဲ့ Second Generation ကွ G Tone ရဲ့ မကြာသေးခင်ကထွက်ရှိထားတဲ့ “ရိုက်စား” အယ်လ်ဘမ် အကြောင်းကိုတော့ သင်ကိုယ်တိုင်က Hip Hop မြူးဇစ်ကို နှစ်ခြိုက်တဲ့သူဆိုရင် နားထောင်ပြီးဖြစ်နေ လောက်ပါပြီ။ အဲ့ဒီတော့ ဒီအယ်လ်ဘမ်နဲ့ပတ်သက်ပြီး G Tone ရဲ့ ဖန်တီးမှုတွေ ဘယ်လိုရှိခဲ့တယ်၊ Hip Hop Music အပေါ် သူ့ရဲ့အမြင်၊ သဘောထား၊ သူချပြမယ့် ဖန်တီးမှုအသစ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုအပြောင်းအလဲမျိုးလေးတွေ ရှိလာဦးမလဲဆိုတာကို ခုလိုမေးမြန်းဖြစ်တဲ့အခါမှာတော့

–         ပထမဆုံးအနေနဲ့ အစ်ကို့ရဲ့ ဒီ“ရိုက်စား”အခွေ လုပ်ဖြစ်ခဲ့ပုံလေး ။

ဒီရိုက်စားအခွေကို စီစဉ်တာကတော့ အချိန်ခုနစ်နှစ်လောက် ကြာပါတယ်။ ကြားထဲမှာ ကိုယ့်ဟာကိုယ်ဆိုတယ်၊ ကိုယ့်ဟာကိုယ်ရေးတယ်၊ ကိုယ့်ဟာကိုယ်တီးတယ်ဆိုတော့ သူများအာရုံစိုက်တာထက် အချိန်လေး နည်းနည်းတော့ ပိုကြာသွားတာပေါ့။ နောက်တစ်ကြောင်းကလည်း ကျွန်တော်သီချင်းကို များများထည့်ချင်တာ ကြောင့်ပါ။ ပုံမှန်က (၁၀)ပုဒ်၊ (၁၂)ပုဒ်လောက်ပဲ အများဆုံးထည့်ကြတယ်။ ကျွန်တော်ကတော့ LP Version အနေနဲ့ (၁၇)ပုဒ်နဲ့ ကဗျာ(၂)ပုဒ်ထည့်ဖြစ်တယ်။ နောက် Sound Design လိုဟာမျိုး intro တွေဘာတွေ လုပ်ဖြစ်တယ်။ တစ်ခွေလုံးကတော့ မိနစ် (၈၀)စာပေါ့။ အခွေကိုတော့ ၂၀၁၃ခုနှစ်၊ စက်တင်ဘာလ၊ (၇)ရက်နေ့မှာ ထွက်ဖြစ်ခဲ့ပါတယ်။

–         အားပေးမှုအနေနဲ့ရော။

အားပေးမှုကတော့ ဘာပဲပြောပြော ထင်တော့မထင်ထားဘူး။ ပရိုမိုးရှင်းရှိုးလုပ်ဖြစ်တဲ့နေ့က မနက်ပိုင်းအစောကြီးရောက်သွားတယ်။ လူတစ်ယောက်မှမရှိဘူး။ မရှိတော့ဆိုက်ကိုဖောက်သွားတယ်။ ဟာ- ဖြစ်မှဖြစ်ပါ့မလား။ နေ့လယ်လောက်ကျတော့ MHA အမာခံလူတွေတော့ လာကြတယ်။ ဘာပဲပြောပြော ပရိုမိုးရှင်းရှိုးမှာ အခွေရောင်းရတယ်လို့တော့ ပြောလို့ရပါတယ်။ သူငယ်ချင်းတွေဖြစ်တဲ့ Project One ကလူတွေ၊ ကိုသားစိုး၊ ကိုရန်ရန်ချမ်း၊ ကိုကြက်ဖ၊ ကိုအနဂ်္ဂတို့အပြင် နောက်ပိုင်းဆို Bobby Soxer ၊ ကျော်ထွဋ်ဆွေတို့MJNတို့ကအစ အကုန်လုံးလာပြီး ကူညီပေးတယ်။ သီချင်းလည်း ဆိုပေးကြတယ်။ သူငယ်ချင်းတွေ ၀ိုင်းကူညီပေးတာလည်း ပါပါတယ်။

–         အစ်ကို့ရဲ့ဒီအခွေကို အားပေးကြတာဟာ G Tone ဆိုတဲ့ နာမည်ရှိထားပြီးတဲ့အတွက် ကြောင့်လား။ ဒါမှမဟုတ် အစ်ကို့ရဲ့ Hip Hop Music ကြောင့်လား။

ကျွန်တော်ထင်တယ်၊ အားပေးတယ်ဆိုတာကတော့ ကျွန်တော်က အခွေကို ထွက်မယ်၊ ထွက်မယ် ပြောပြောပြီးတော့ ကတိပေးထားတာကြာပြီ။ သုံး၊လေးနှစ်လောက်ရှိပြီပေါ့။ အရင်တုန်းက ကျွန်တော် သီချင်းအဆိုတော်အနေနဲ့ မဟုတ်ဘဲ Music Producer အနေနဲ့ ရပ်တည်တယ်။ Hip Hop တီးတဲ့သူ၊ DJ အနေနဲ့လည်း ကျွန်တော်ရပ်တည်တယ်။ အဲဒီကနေမှ ဒီအခွေကို ကျွန်တော်က အတီးခွေပုံစံမျိုးနဲ့ ချပြကြည့်တယ်။ အခွေထဲမှာ ပါတာကလဲ ဒီMHA လူတွေချည်းပဲဆိုတော့ ကျွန်တော်တို့ MHAရဲ့အရှိန်ရော၊ Cycloneရဲ့ အရှိန်ရောပေါင်းပြီး အခွေကိုအားပေးတယ်လို့ ကျွန်တော်ထင်တာပဲ။

–         အခွေနည်းနည်းကြာသွားရတာက သီချင်းစုနေတာကြောင့်လား။

သီချင်းစုနေတယ်ဆိုတာက ကျွန်တော်သွားချင်တဲ့ concept၊ ဦးတည်ထားတဲ့ဟာမျိုးမရသေး တာကြာင့်လို့ ပြောလို့ရတယ်။ ဒါတောင် ကျွန်တော် သီချင်း(၂)ပုဒ် ဖြုတ်လိုက်သေးတယ်။ အခွေမဆံ့တော့လို့။ Good Morningနဲ့ ဇွဲမလျော့နဲ့လူငယ်တို့ ကျွန်တော်ဖြုတ်လိုက်တယ်။ Promo အနေနဲ့ Onlineမှာတော့ ဖြန့်လိုက်တယ်။ အခွေကို တည်ထားတာတော့ တစ်ခွေလုံးကို ရုပ်ရှင်ဆန်ဆန်လုပ်ချင်လို့။ အခွေမှာက နည်းနည်း Battle များတဲ့အတွက် ယောက်ျားလေး ပရိသတ်ကတော့ ပိုပြီးအားပေးမယ်လို့ထင်တယ်။

–         လှသန်းကဗျာ(၂)ပုဒ် ထည့်ဖြစ်ရတဲ့ အကြောင်းရင်းက။

ကျွန်တော်က ကဗျာတွေကြိုက်တယ်။ ကိုအောင်ချိမ့်၊ ကိုမိုးအေး၊ နောက် ဦးသုခမိန်လှိုင်တို့ တော်တော်များများ ကျွန်တော်ကြိုက်ပါတယ်။ အဲဒီမှာမှ ကိုလှသန်းကဗျာကို ဘာလို့ထည့်သုံး ဖြစ်လဲဆိုတော့ သူ့ရဲ့မိန်းမက ကျွန်တော်တို့ကို ငယ်ငယ်တုန်းက စာသင်ပေးတဲ့ဆရာမပါ။ ပြီးတော့ ကျွန်တော်နဲ့ကိုလှသန်းနဲ့ကလည်း တစ်ရပ်ကွက်တည်းနေတာ။ သူ့ကဗျာစာအုပ်တွေ ဆိုရင် ကျွန်တော်အမြဲတမ်းဖတ်တယ်။ သူ့စာသားတွေက လူငယ်ဆန်တဲ့အတွက်လည်း ကျွန်တော်သဘောကျတယ်။ သူတို့လူငယ်ခေတ်နဲ့ ကျွန်တော်တို့လူငယ်ခေတ် နှိုင်းယှဉ်ပြ ထားတဲ့ဟာမျိုးတွေလည်းပါတယ်။ သူ့ရဲ့စကားလုံးအသုံးအနှုန်းတွေပေါ့၊ ကျွန်တော် သဘောကျပါတယ်။ ဖြစ်ချင်တော့ သူဆုံးသွားတဲ့အချိန်မှာ သူ့အတွက် ကဗျာအခွေလေးတစ်ခွေ လုပ်မယ်ဆိုပြီး စီစဉ်ဖြစ်တယ်။ အဲဒီမှာ ကျွန်တော့်အစ်ကို ကိုသုတလဲ ပါပါတယ်။ ကျွန်တော်က အဲဒီထဲမှာ ကဗျာ လေးပုဒ်လောက် လုပ်ဖြစ်တယ်။ သူက သုံးပုဒ်လောက်လုပ်ဖြစ်တယ်။ အဲဒီထဲကမှ ကျွန်တော်တို့သဘောကျတဲ့ “မင်းတစ်ယောက်တည်း မဟုတ်ဘူး”နဲ့ “မရိုးနိုင်တဲ့ဖက်ရှင်”ဆိုတဲ့ (၂)ပုဒ်ကိုပြန်ထည့်ဖြစ်ပါတယ်။ သူများတွေဆို Hip Hop အခွေမှာ skitတွေဘာတွေထည့်ကြတယ်။ ရယ်စရာ၊ နောက်စရာပဲဖြစ်ဖြစ်၊ ဖောက်တာပဲ ဖြစ်ဖြစ် တစ်ခုခုပေါ့။ ကျွန်တော်ကတော့ စက္ကန့်(၃၀)လောက်နဲ့တင် ပရိသတ်ကို message တစ်ခုခု ချပြချင်တဲ့အတွက် ကဗျာ ထည့်ဖြစ်သွားတယ်ပေါ့။

–         အစ်ကို့ရဲ့flow တွေ၊ beat တွေနဲ့ ဆိုဟန်တွေက အခြားသူတွေနဲ့အနည်းငယ် ကွဲနေတယ်လို့ ပြောလို့ရတယ်နော်။ ဘာကြောင့်လဲ။

ကွဲတယ်ဆိုပေမယ့် သတ်သတ်ကြီးခွဲထွက်နေတာမျိုးတော့ မဟုတ်ပါဘူး။ Cyclone ပုံစံ၊ MHA ပုံစံပေါ့။ စာသားကတော့ ခပ်ကန်ကန်တွေပါတာပေါ့။ ဒါကတော့ ကျွန်တော်တို့ lifestyle ပုံစံမျိုးပါပဲ။

–         အစ်ကို Hip Hop ထဲမှာ ဘယ်လိုင်းကို အားသန်လဲ။

Hip Hop နဲ့ပတ်သက်ရင်တော့ ကျွန်တော်အကုန်ကြိုက်ပါတယ်။ Trapaholiksတို့၊ ခုနောက်ပိုင်း အသစ်လုပ်ကြတဲ့ dance၊ EDM (electronic dance music)တို့ အဲဒီဘက်တွေလည်း ကျွန်တော်လိုက်မျောတယ်။ ဒါပေမယ့် တကယ်ကြိုက်တာကတော့ old schoolပါ။ 93-94၀န်းကျင်လောက်က Hip Hopကိုတော့ အကြိုက်ဆုံးပဲ။ အဲတုန်းက ထွက်တဲ့ အခွေတွေကိုလဲ အခုမှပြန်လိုက်စုဖြစ်နေတယ်။ အခွေအသစ်တွေလဲဝယ်ပါတယ်။ ကြိုက်တာကတော့ အဲဒီလိုင်းကိုကြိုက်တယ်။ concerts rap လိုင်းဘက်ကိုလဲ အားသန်တယ်။ နောက်-ကျွန်တော်တို့ story telling ပြောပြတဲ့ပုံစံမျိုးတွေကို သဘောကျတယ်။ Party Hip Hop ကိုလဲ မကြိုက်ဘူးမဟုတ်ဘူး။ ကြိုက်တယ်။ နောက်ပိုင်း တဖြည်းဖြည်းချင်းတော့ ပုံစံပြောင်းရမှာပေါ့။ အခု ပထမဆုံးအခွေကတော့ ကျွန်တော်လုပ်ချင်တာ၊ ကျွန်တော် ချပြချင်တာတွေကို ချပြထားတာ။

–         ဘယ်လိုပုံစံမျိုး ပြောင်းသွားနိုင်လဲ။

ကျွန်တော်က music ဆိုရင် အကုန်ကြိုက်တယ်။ Raggae လဲကြိုက်တာပဲ။ ပြောင်းရင်တော့ ကျွန်တော်က danceထက် ဟိုးအရင် အဟောင်းဘက်ကို ပြန်ပြောင်းဖို့ ပိုများတယ်။

–         စီးပွားရေးနဲ့ အနုပညာတွဲလာတဲ့အခါ အစ်ကိုချပြချင်တဲ့ပုံစံထက် ပရိသတ်ရဲ့ feedback ကို နားထောင်ပြီး ပရိသတ်အကြိုက် ပြောင်းလဲ ချပြသွားဖို့ရှိလား။

ပရိသတ် feedbackကို နားမထောင်လို့တော့ မရဘူး။ တစ်ခုရှိတာက ခေါင်းမာတာမဟုတ်ပေမယ့် ကျွန်တော်တို့က ကျွန်တော်တို့လုပ်ချင်တာ လုပ်တတ်တဲ့အကျင့်လေးက ရှိနေတယ်။ ဒါပေမယ့် သူများလုပ်တဲ့နောက်တော့ ကျွန်တော်လိုက်မလုပ်ချင်ဘူး။ ကျွန်တော်တို့ နိုင်ငံမှာက အကျင့်တစ်ခုရှိတယ်။ တစ်ယောက်ပေါက်ရင် လိုက်လုပ်တာမျိုး။ ကျွန်တော်က ဆန့်ကျင်ဘက်သာ လုပ်ဖြစ်ရင် လုပ်ဖြစ်သွားမယ်။ အဲလိုမျိုးတော့မလုပ်ချင်ဘူး။ ပရိသတ်အကြိုက်ချည်းပဲလဲ မဟုတ်ဘူး။ ၅၀-၅၀ ပေါ့။ ကျွန်တော့်အကြိုက် ၅၀၊ ပရိသတ်အကြိုက် ၅၀ ၊ အဲ့လိုမျိုး လုပ်သွားဖို့တော့ရှိတယ်။

–         သီချင်းအဟောင်းတွေ ပြန်ပါထားတဲ့အပေါ် ပရိသတ်သိပြီးသား ၊ နားယဉ်ပြီးသား ဖြစ်နေမှာကို မစိုးရိမ်မိဘူးလား။

ဟုတ်ကဲ့။ အဟောင်း (၇)ပုဒ်လောက်ပါတယ်။ ဒါပေမယ့် မစိုးရိမ်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက quality မကောင်းဘူးလေ။ MP3ကိုမှ version တော်တော်နိမ့်နိမ့်နဲ့ ဆိုထားတာ။ mixingတွေဘာတွေလဲ မဆွဲထားဘူး။ အသံတွေလည်း မချိန်ထားဘူး။ ဒီအခွေမှာတော့ ကျွန်တော်တို့အစ်ကို KGK(ကိုကြီးကျော်)က ပြန်ပြီးတော့ mixingကို အကောင်းဆုံးလုပ်ပေးထားတယ်။ သီချင်းက ပုံစံအသစ်ပြန်ဖြစ်သွားတာပေါ့။

–         အတီးသမားဆိုတော့ အရေးပိုင်းမှာ အခက်အခဲရှိလား။

အရေးကျတော့ ကျွန်တော့်အတွက်ခက်ခဲပါတယ်။ Hip Hopမှာ သီချင်းတီးတာကတော့ လွယ်တယ်။ ကျွန်တော်ကလဲ အားသန်တယ်။ ရေးတာကျတော့ ကျွန်တော်သူများထက် နည်းနည်းလေး ပိုကြာတယ်။ သူများတွေဆိုရင် ချက်ချင်းရေးနိုင်တယ်။ ဒါပေမယ့် ကျွန်တော်က ကိုယ်ပိုင်ဟန်ဖြစ်အောင် တည်ဆောက်တယ်။ သူများတွေ flowချတဲ့ ပုံစံကိုလည်း မကြိုက်ဘူးတော့မဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်ပုံစံ ၊ ကိုယ့်ဟန်ဖြစ်အောင်တော့ ကျွန်တော်တို့ အကောင်းဆုံးဖန်တီးထားပါတယ်။

–         အချစ်သီချင်း တစ်ပုဒ်ပဲ ပါသွားတယ်နော်။ featuring “မသံသာဝင်း”နဲ့။

အချစ်သီချင်းက နဂိုလဲ ဆိုဖူးတာ (၂)ပုဒ်လားပဲရှိတယ်။ ပထမတစ်ပုဒ်တုန်းက ကျော်ထွဋ်ဆွေတို့၊ လင်းပင်ဟိန်းတို့နဲ့ လုပ်ဖြစ်တာ။ ဒီမှာကျတော့ မမီး(မသံသာဝင်း)နဲ့လုပ်ဖြစ်သွားတာက  ကျွန်တော်လုပ်ထားတဲ့ပုံစံနဲ့ သူ့အသံနဲ့လိုက်မယ် ထင်လို့။ melodyက ကျွန်တော့်ဟာ ကျွန်တော်ပဲ ရေးထားတာ။ ကျွန်တော်ရေးထားတဲ့ ကီးကြောင်ကြီးကိုမှ သူပြန်ပြီးတော့ ရအောင်ဆိုပေးသွားတာ။

–         featuring တွေလည်း အစုံပါထားတာတွေ့ရတယ်။ MHA ကမဟုတ်တဲ့ Bobby Soxerတို့နဲ့ ဘယ်လိုတွဲဖြစ်သွားတာလဲ။

Bobby Soxer နဲ့ကလည်း မောင်နှမလိုမျိုးပါပဲ။ သူသီချင်းစလုပ်ကတည်းကပေါ့။ သူငယ်ငယ်တုန်းကတည်းက ကျွန်တော်သဘောကျပါတယ်။ ဒီသီချင်းကတော့ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က သီချင်းကိုမှ musicပိုင်း ပြန်ပိုးပြီးတော့ ထည့်ဖြစ်သွားတာ။ သူ့rap ကိုလည်း ကျွန်တော်ကြိုက်တယ်။ သူနဲ့ကျွန်တော်နဲ့ Hip Hop အနေနဲ့ ပြောထားတဲ့ အကြောင်းအရာ လေးတွေကိုလည်း ကြိုက်လို့ပြန်ထည့်ဖြစ်သွားတာပါ။

– facebook မှာလည်း တခြားသူတွေနဲ့ တွဲလုပ်ဖြစ်ဖို့အစီအစဉ်ရှိတယ်ဆိုတာ တွေ့ရတယ်။ ဘယ်လိုပုံစံမျိုး လုပ်ဖြစ်လာနိုင်မလဲ။

တော်တော်များများက ကျွန်တော်တို့ Hip Hop ဆိုရင် CD နဲ့ဖွင့်တဲ့ကောင်တွေပါ။  CDလောက်နဲ့ဆို ပြီးပြီ။ အဲဒီလို ထင်နေတာမျိုးကိုလဲ ကျွန်တော် Hip Hop ဘက်ကနေ ပြန်ချပြချင်တယ်။ နောက်ပိုင်းမှာ music လည်းပိုဆန်ရမယ်။ Acoustic ဆိုလည်း Acoustic အရသာ ပြည့်ပြည့်၀၀ပုံစံမျိုး အပြောင်းအလဲဖြစ်ဖို့ ကြိုးစားနေတယ်။ ဆိုဖြစ်မှာပါ။ အဆိုတော်ကြီးတွေနဲ့လည်း melody ပိုင်းပဲဖြစ်ဖြစ် တွဲပြီးတော့ တကယ့် music တစ်ခုခု အသစ်ဖြစ်အောင်တော့ ကျွန်တော်တို့ လုပ်တော့မယ်လို့ ဆုံးဖြတ်ချက်ချထားတယ်။ rapperအချင်းချင်းလည်းဆိုမယ်။ နောက်ထပ် levelတစ်ခုကို ထပ်သွားဖို့တော့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။

–         အတီးပိုင်းအားသာတဲ့ အစ်ကို့အတွက် ဘယ်လို musicပိုင်း တီးရတာ ပိုအားသန်လဲ။

ကျွန်တော်တို့က Hip Hop ဆိုတော့ Hip Hopပဲ ပိုတီးဖြစ်တာပေါ့။ နောက်ပိုင်း လုပ်ချင်တာကfunk တွေဘာတွေလည်း လုပ်ချင်တယ်။ raggae တွေနဲ့လည်း ရောချင်တယ်။ ဒီမှာရှိတဲ့ တကယ့် rocker band တွေနဲ့ ပေါင်းပြီးတော့လည်း ကစ်ချင်တယ်။

–         ဘယ်သူတွေအတွက် တီးပေးဖို့ အစီအစဉ်ရှိသေးလဲ။

အရင်ကတော့ J-me၊ MHAနဲ့ Cycloneအတွက် တီးတယ်။ အခုလောလောဆယ်တော့ YAKအတွက် တီးဖြစ်နေတယ်။ ရန်ရန်ချန်း soloအတွက် တီးတယ်။ အနဂ္ဂ၊ သံသာဝင်းနဲ့ Cycloneတို့ရောပေါ့။

–         Old School တွေသဘောကျတဲ့ အကို့အတွက် respect ဖြစ်ရတဲ့ အဆိုတော်က။

ပြည်တွင်းမှာ အကုန်လုံးက သူ့ဟာနဲ့သူ မိုက်တာတွေချည်းပဲ။ ကိုယ့်ရှေ့ကသူတွေက တစ်ယောက်တစ်မျိုးစီ ကိုယ့်အားသာချက်တွေနဲ့ ကိုယ်ပဲ။ ကိုဘာဘူဆိုရင် သူစဉ်းစားတာမျိုးတွေကို ဘယ်သူမှ မစဉ်းစားနိုင်ဘူး။ ပရိသတ် ပေါ်ပြူလာဖြစ်သွားမယ့် ဟာကို သူချက်ချင်းတွေးနိုင်တယ်။ ကိုရန်ရန်ချန်းဆိုရင်လည်း သူ့fashionမိုက်တယ်၊ flow မိုက်တယ်၊ စိတ်ထား မိုက်တယ်။ ကိုဇေယျာသော်ဆိုရင်လည်း မိုက်တာပဲ။ ဘာပဲပြောပြောပေါ့ဗျာ အားလုံးကတော့မိုက်တယ်။ J-meဆိုလဲ သူ့အထာနဲ့သူမိုက်တယ်။ ဒါပေမဲ့ ပြည်တွင်းမှာ ဆိုရင်တော့ ကျွန်တော်အကြိုက်ဆုံး အနုပညာရှင်က “ထူးအိမ်သင်”ပါ။ ပြည်ပမှာကတော့ old school မှာဆိုရင် Rakim ကြိုက်တယ်။ တီးလုံးပိုင်းမှာဆိုရင်တော့ နောက်ပိုင်းမှာ Dr.Dre, Kanye West တို့ကို ကြိုက်တယ်။

–         ပြည်တွင်း/ပြည်ပ Underground Hip Hop မှာ အစ်ကို သတိပြုမိတဲ့သူရှိလား ။

ပြည်တွင်း Underground ကလည်း တော်တော်များများ မိုက်ပါတယ်။ သတိပြုမိတဲ့သူဆိုရင် N-Zai ရယ်MJN ရယ်ပေါ့။ ပြည်ပမှာကတော့ ဒီမှာလိုမဟုတ်ဘူး။ Under Ground လောကရယ်လို့ကို သတ်သတ်ရှိတယ်။ Undergroundမှာတင် သူဌေးဖြစ်နေတာတွေ အများကြီးရှိတယ်။ ပြည်ပ Underground မှာဆိုရင်တော့ Jedi Mind Tricks တို့ Iron Solomon တို့လည်း ကြိုက်တယ်။

–         အသစ်တွေနဲ့ လက်တွဲလုပ်ဖို့ အစီအစဉ်ရှိလား။

ဟုတ်ကဲ့။ ရှိပါတယ်။ melody ဆိုတဲ့သူရော rap ဆိုတဲ့ MCတွေနဲ့ရော တွဲလုပ်ဖို့အစီအစဉ် အများကြီးရှိပါတယ်။

–         အစ်ကို့ကို Second Generation G Tone ဆိုပြီး အားလုံးက အသိအမှတ်ပြုထားရတဲ့ အစ်ကို့ရဲ့ abality တစ်ခု။

Abality တစ်ခုဆိုရင်တော့ ကိုယ့်ဟာကိုယ်မြှောက်ပြောတာတော့ မဟုတ်ဘူး။ ကျွန်တော် Hip Hopကို ချစ်တယ်။ မြန်မာနိုင်ငံရဲ့ Hip Hop ပြောင်းလဲမှုတစ်ခုဖြစ်အောင် ကျွန်တော်အမြဲတမ်း ကြိုးစားနေတယ်။ Free Style ပွဲတွေလုပ်ခဲ့တာမျိုး၊ သူများတွေကို ကူညီခဲ့တာမျိုး၊ support ပေးခဲ့တာမျိုးတွေကြောင့် ကျွန်တော့်အလှည့်မှာလည်း အားလုံးက ပြန်ပြီးကူညီပေးခဲ့တာမျိုး ဖြစ်မှာပါ။

–         ၂၀၁၃မှာ နိုင်ငံတကာ Hip Hop music အပြောင်းအလဲတွေ ဖြစ်သွားတဲ့အပေါ် အစ်ကို့ရဲ့အမြင်လေး ပြောပြပေးပါဦး။

သဘောကျတယ်။ ဘာလို့လည်းဆို ကျွန်တော်တို့ Hip Hopက အကုန်လုံးနဲ့ ဆွဲသွင်းလို့ရတယ်။ အခုဆိုရင် dance တွေလည်း ဆွဲသွင်းပြီးပြီ။ ပြီးရင် dubstep နဲ့ရောမလား၊ trapaholiks ရောမလား။ raggae ရောမလား။ soul ရောမလား အကုန်ရောလို့ရတယ်။ အကုန်လုံးက အသစ်ကိုချပြချင်နေကြတဲ့အတွက် သူတို့ပေါင်းပြီး မြူးဇစ်အသစ်တစ်ခု ဖန်တီးတာကို သဘောကျပါတယ်။ electronic စက်ကြီးပဲလည်းမဟုတ်ဘူး။ လက်လည်းပါမယ်။ orchestra တွေလဲပါမယ်။ အမျိုးမျိုးဖန်တီးကြတာပေါ့။ အဲ့လိုမျိုးဆို ကျွန်တော်က Kanye Westကိုအရမ်းသဘောကျတာ။ သူဆို Daft Punk တို့နဲ့ ရောပစ်လိုက်တာ။ အဟောင်းကို ပြန်သွားမယ်ဆိုရင်လဲ James Brown တို့၊ Marvin Gayeတို့ Al Green တို့နဲ့ ပြန်ရောတယ်။ ၆၀-၇၀ ခုနှစ် လောက်တုန်းက တကယ်ကောင်းခဲ့တဲ့ မြူးဇစ်တွေပေါ့။ ဘာနဲ့ ရောရော Hip Hopက ရောလို့ရတယ်။ ကျွန်တော်ထင်တာကတော့ အသစ်အသစ်တွေကို ချပြချင်လို့ music upgrade လုပ်ရင်း ပြောင်းလဲသွားတယ်လို့ထင်ပါတယ်။ pop အရမ်းဖြစ်တဲ့ ဟာမျိုးကိုတော့ မကြိုက်ဘူး။

–         VCD သတင်းလေးရော။

ပထမခြေလှမ်း အခွေကတော့ အဆင်ပြေသွားပြီ။ ဒုတိယခြေလှမ်းဖြစ်တဲ့ VCD ကိုလည်း ရိုက်ဖို့ပြင်ဆင်နေပါပြီ။ သီချင်းအကုန်လုံးတော့ ရိုက်ဖြစ်ချင်မှ ရိုက်ဖြစ်မယ်။ ပရိသတ်လက်ထဲ မြန်နိုင်သမျှမြန်မြန်ရောက်အောင် ကြိုးစားနေပါတယ်။

–         ပရိသတ်ကို ပေးချင်တဲ့ message လေးတစ်ခုလောက်။

ကျွန်တော်တို့ Hip Hop လောကမှာ ပိုက်ဆံရှိတဲ့သူတွေကတော့ အကြောင်း မဟုတ်ပေမယ့် ကျွန်တော်တို့လို ရပ်ကွက်ထဲကလူငယ်တွေ၊ ရုန်းကန်နေရတဲ့သူတွေ အတွက်ကျတော့ အခက်အခဲက ကြီးတယ်လို့ ပြောလို့ရတယ်။ ဒီတော့ ကျွန်တော်ပြောချင် တာက music လုပ်နေတဲ့သူတွေ စိတ်ဓာတ်မကျပါနဲ့။ ဘယ်သူ့မှဂရုစိုက်စရာ မလိုဘူး။ ကိုယ်ချပြချင်တဲ့ အနုပညာတစ်ခုကို ရဲရဲဝံ့ဝံ့နဲ့ချပြပါ။

အားပေးတဲ့ ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။

3 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.