ဗုဒ္ဓဟူးနေ့ မနက်ခင်းတစ်ခုမှာ သြစတြေးလျ လူမျိုး Hendrik Helmer ဟာ နာကျင်တဲ့ခံစားရမှုတစ်ခုကြောင့် ရုတ်တရက် အိပ်ယာက လန့် နိုးလာခဲ့ပါတယ်။ ဒီနာကျင်မှုဟာ သူ အိပ်နေတုန်း သူ့ နားရွက်ထဲ ၀င်ရောက် သွားခဲ့တဲ့ အင်းဆက် တစ်ကောင်ကောင်ကြောင့်ဆိုတာ သူ ရိပ်မိလိုက်ပါတယ်။ ဒါနဲ့ သူ လေစုတ်စက် အသေးစားနဲ့ ဒီအကောင်ကို ဆွဲထုတ်ဖို့ ကြိုးစားခဲ့တယ်။ မအောင်မြင်ခဲ့ပါဘူး ။ နားထဲ ရေထည့်ပြီးတော့လည်း အကောင်ကို မွန်းကျပ်ပြီးထွက်လာအောင် လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ပြန်တဲ့အပြင် အင်းဆက်အကောင်ရဲ့ ဒေါသကိုပါ ပိုဆွပေးသလို ဖြစ်သွားခဲ့ပါတယ်။ ဒါနဲ့ သူ့ အဖော် ကို နှိုးပြီး Royal Darwin ဆေးရုံကို သွားရောက်ခဲ့ရပါတယ်။
“ ကျွန်တော့်နားထဲ ရောက်နေတဲ့အကောင်ဟာ အဆိပ်ပြင်းတဲ့ ပင့်ကူတစ်ကောင်မဟုတ်ဖို့ ပဲ ကျွန်တော် ဆုတောင်းနေခဲ့ရတာပေါ့။ ဒီကောင် ကျွန်တော့်ကို မကိုက်ဖို့ လည်း ဆုတောင်းရသေးတယ်” လို့  Helmer က ပြန်ပြောကြားခဲ့ပါတယ်။
ဆေးရုံရောက်တဲ့အချိန်မှာ ဒေါက်တာက သူ့ နားရွက်ထဲကို သံလွင်ဆီလောင်းထည့်ပြီး ကုသပေးခဲ့ပါတယ်။ ဒါဟာ ကုသရာမရောက်ဘဲ အင်းဆက်ကောင်ကို နားရွက်အတွင်းလမ်းကြောင်းထဲ ရောက်အောင် တွန်းပို့  ပေးသလို ဖြစ်သွားပါတယ်။ ကံကောင်းထောက်မတာတစ်ခုကတော့ အဲဒီ့အကောင်ဟာ သေသွားပါပြီ။ ဒါနဲ့  ဆရာဝန်တွေဟာ ဇာဂနာညှပ်နဲ့ အသေကောင်ကို ဆွဲထုတ်ဖို့ လုပ်ခဲ့ကြပါတယ်။ ဆရာဝန်တွေဟာ သူတို့  သက်တမ်းတစ်လျှောက် လူတစ်ယောက်ရဲ့ နားထဲကနေ ဒီလောက်ကြီးတဲ့အကောင်ကို တစ်ခါမှ ဆွဲမထုတ် ဖူးဘူးလို့ ပြောကြားခဲ့ပါတယ်။
ဒီလို အဖြစ်မျိုးကြုံခဲ့ရပေမယ့် Mr Helmer ဟာ သူအိပ်တဲ့ပုံစံ နဲ့ သူ့ ရဲ့ အနေအထိုင်ကို ပြင်မှာမဟုတ်ဘဲနဲ့  ကြိုတင်အကာအကွယ်တွေလည်း လုပ်သွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ သူဟာ ဒီအကြောင်းကို သူ့  Facebook စာမျက်နှာမှာတောင် ရယ်စရာဟာသအနေနဲ့ တင်ခဲ့ပါသေးတယ်။
Ref: mirror