အေးခဲနေတဲ့ ရာသီဥတုထဲမှာ နေဖူးပါသလား။ ဘယ်တော့မှ လိုအပ်တဲ့အနွေးဓါတ် ရတယ်လို့ မခံစားရဘူး ဖြစ်နေရင် အခုဖော်ပြပေးမယ့် အချက်လေးတွေကို လိုက်နာကြည့်ပါ။
(၁) ရာသီဥတုကို အရင်လေ့လာပါ
အေးမယ်ဆိုတာ ကြိုသိနေတယ်ဆိုပါတော့။ ဒါပေမယ့် ဘယ်လိုအအေးမျိုးလဲ။ မိုးရွာမှာလား။ နှင်းကျမှာလား။ လေတိုက်နှုန်းအခြေအနေကရော ဘယ်လိုရှိလဲ။ စတဲ့ အသေးစိတ်အချက်အလက် တွေကို အရင်စုဆောင်းပါ။ ဒါမှသာ ဖြစ်လာမယ့်အခြေအနေနဲ့ လိုက်ဖက်တဲ့ ပြင်ဆင်မှုမျိုး လုပ်နိုင်မှာပါ။ လိုအပ်တဲ့ သတင်းအချက်အလက် တွေကိုတော့ ရုပ်မြင်သံကြား ၊ ရေဒီယို ၊ အင်တာနက်တို့မှာ ရှာဖွေနိုင်ပါတယ်။ မိုးလေ၀သခန့်မှန်းချက်တွေဟာ အများအားဖြင့် တစ်ပတ်စာလောက် ရှိတတ်တာကြောင့် သင့်အနေနဲ့ ကြိုတင်ပြင်ဆင်ချိန် အများကြီးရပါတယ်။
(၂) သင့်ရဲ့အစီအစဉ်တွေကို ရာသီဥတုနဲ့ ချိန်ညှိပါ
တကယ်လို့များ ဒီအားလပ်ရက်မှာ ကမ်းခြေသွားမယ်လို့စီစဉ်ထားရင် ရာသီဥတုကို အရင်စုံစမ်းပါ။ တကယ်လို့များ မိုးရွာနိုင်တယ်လို့ ရာခိုင်နှုန်းအတော်များများ သိထားတယ်ဆိုရင် မသွားပါနဲ့။ တခါတရံ ဒီလိုအစီအစဉ်ဖျက်လိုက်ရတာမျိုးက သင့်စိတ်ကို ကသိကအောက် ဖြစ်စေနိုင် ပေမယ့် ဘေးကင်းတဲ့ ခရီးစဉ်ဖြစ်ဖို့လိုပါတယ်။ ရာသီဥတုနဲ့ မတိုက်ဆိုင်ခဲ့ရင် အိမ်ထဲမှာနေတာက ပိုပြီးလုံခြုံပါလိမ့်မယ်။
(၃) သင့်တင့်လျောက်ပတ်စွာ ၀တ်ဆင်ပါ။
အခု ရာသီဥတုကို လေ့လာပြီးပြီဆိုတော့ အပြင်သွားဖို့ အ၀တ်ဝတ်ရတာ လွယ်ကူသွားပါပြီ။ တကယ်လို့ တအားအေးနိုင်တယ်ဆိုရင် ထူနိုင်သမျှထူ ၊ နွေးနိုင်သမျှ နွေးတာမျိုးကို ၀တ်သွားပါ။ နည်းနည်းပဲ အေးနိုင်တယ်ဆိုရင်တော့ အင်္ကျံမထူမပါးကို (၂)ထပ်(၃)ထပ်လောက်ဝတ်ပါ။ ဒါမှသာ အေးရင် ထပ်ဝတ်နိုင်မှာဖြစ်ပြီး ပူရင်လည်း ချွတ်ထားနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ မအေးလောက်ဘူး ထင်ရင်တော့ နှစ်သက်ရာ ၀တ်စုံလေးဝတ်ပြီး ကုတ်အင်္ကျံအပိုလေးတော့ ဆောင်သွားပါ။
(၄) ပူပူနွေးနွေးအရာမျိုး ထုတ်ပိုးထားပါ။
တခါတလေမှာ ဘယ်လိုမှ အချမ်းမပြေနိုင်တဲ့ အခြေအနေမျိုး ရှိခဲ့ရင် ပူနွေးတဲ့ အစားအသောက်နဲ့ သောက်စရာတွေက သင့်ကိုကူညီပေးနိုင်တဲ့ စိတ်ကူးကောင်းပါပဲ။ ဒီတော့ ဒီလို ပူနွေးတဲ့ စွပ်ပြုတ် (ဒါမှမဟုတ်) ကော်ဖီမျိုးကို အပူထိန်းပေးနိုင်တဲ့ ဓါတ်ဗူးလိုမျိုးထဲထည့်ပြီး နေ့လည်စာ အဖြစ် ယူဆောင်သွားပါ။ အေးစက်နေတဲ့ ကြုံရာ ဆင်းဒ၀ှစ်တစ်ချပ်ထက်တော့ ဒီလို ပူပူနွေးနွေးလေးတွေက သင့်ကိုပိုပြီး အင်အားဖြစ်စေပါတယ်။
(၅) အခြေအနေအားလုံးအတွက် ပြင်ဆင်ထားပါ။
ဒီနေ့မှာ မိုးရွာနိုင်ခြေ (သို့) နှင်းကျနိုင်ခြေ ရှိတယ် ။ သင်ကလည်း ရုံး(သို့)ကျောင်းကနေ အိမ်ကို လမ်းလျှောက်ပြန်ရမယ်ဆိုရင် ဖြစ်လာတဲ့ အခြေအနေမှာ အဆင်သင့်ဖြစ်နေစေဖို့ ထီးတချောင်း (သို့) ကုတ်အင်္ကျံအထူတစ်ထည် ဆောင်ထားပါ။
(၆) အအေးဒဏ်ကို ခံနိုင်တဲ့ ရှူး (သို့) boots မျိုးကိုစီးပါ။ ဒေါက်ဖိနပ်နဲ့ ဖိနပ်အပါးတွေကို ဦးစားမပေးပါနဲ့။
(၇) သင့်ရဲ့ လက်နဲ့ ခြေထောက်တွေဟာ နွေးထွေးနေအောင် ထိန်းသိမ်းထားဖို့ အခက်ခဲဆုံးနေရာတွေပါပဲ။ ဒါကြောင့် ရှည်လျားပြီးထူထဲတဲ့ သိုးမွှေး လက်အိတ်နဲ့ ခြေအိတ်တွေဝတ်ဆင်ပါ။
ဒါတွေကို သိထားပြီးဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း အရေးမကြီးဘူး ထင်မိတာကြောင့် မေ့လျော့နေခဲ့ရင် သတိထားပြီး လိုက်နာသင့်ပါတယ်။ ဒါမှလည်း ကြောက်စရာကောင်းတဲ့ အအေးဒဏ်ကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေကနေ ကင်းဝေးမှာဖြစ်ပါတယ်။
Ref:wikihow