ကျွန်တော်တို့လူတွေဟာ အရာတစ်ခုခုကို လက်ညှိုးထိုးပြီး ညွှန်ပြတတ်ကြပါတယ်။ တကယ်တော့ ဒီညွှန်ပြခြင်းအမှုဟာ သိပ်ကိုရှုပ်ထွေးတဲ့ကိစ္စပါ။ တစ်ခုခုကိုကြည့်စေချင်တာပဲဖြစ်ဖြစ်၊ ဘယ်ဟာလဲဆိုတာကို ပြချင်တာပဲဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက် လက်ညှိုးညွှန်ပြီး ပြတတ်ပါတယ်။
ညွှန်ပြခြင်းအမှုဟာ ရှုပ်ထွေးတယ်ဆိုပေမဲ့ တစ်နှစ်သားကလေးတွေတောင်မှ သူတို့ဘာကိုညွှန်းနေသလဲဆိုတာကို ဘေးလူသိ အောင်လက်ညှိုးထိုးပါတော့တယ်။ သူပြတာကို ဂရုမစိုက်ဘူးဆိုရင် စိတ်ကောက်ပါတော့တယ်။
သိပ္ပံပညာရှင်တွေက တခြားသတ္တ၀ါမျိုးစိပ်တွေကို လေ့လာစစ်ဆေးခဲ့ကြတယ်။ သတ္တ၀ါတွေအနေနဲ့ ညွှန်ပြခြင်းအမှုကို နားလည်ဖို့ဆိုတာ ရှားပါးလက်ဆောင်တစ်ခုဖြစ်တယ်ဆိုတာကို သိပ္ပံပညာရှင်တွေ သိလိုက်ရပါတယ်။
ကျွန်တော်တို့ လူတွေနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ချင်ပင်ဇီတွေတောင်မှ ညွှန်ပြခြင်းအမှုကို နားလည်ပုံမပေါ်ပါဘူး။
ဒါပေမဲ့ ဆင်တွေကနားလည်နိုင်စွမ်းရှိတယ်ဆိုတာကို ဒေါက်တာဘန်းနဲ့သူ့ရဲ့ ဘွဲ့ယူကျောင်းသား အန်နာစမတ်တို့က ရှာဖွေတွေ့ ရှိ ခဲ့ကြပါတယ်။ သူတို့ရဲ့လေ့လာမှုမှာဆင်(၁၁)ကောင်ပါဝင်ခဲ့ပါတယ်။ ဆင်တွေဟာ တချို့ကိစ္စတွေမှာ လူတွေနဲ့ ယှဉ်နိုင်တဲ့ နက်နက်နဲနဲလူမှုရေးအသိဥာဏ် ရှိနေနိုင်တယ် ဆိုတဲ့ဖြစ်နိုင်ခြေများလာပါပြီ။
တိရိစ္ဆာန်တွေဟာ ညွှန်ပြခြင်းအမှုကို နားလည်မလည်သိရဖို့အတွက် ရိုးရှင်းပြီး အစွမ်းထက်တဲ့ နည်းလမ်းတစ်ရပ်ကို သုတေ သီတွေကအသုံးချခဲ့ပါတယ်။ ပုံစံတူခွက်နှစ်ခွက်ထဲက တစ်ခွက်မှာအစာထည့်ပြီး အစာပါတဲ့ ခွက်ကို စကားတစ်ခွန်းမှ မပြောဘဲ ညွှန်ပြခဲ့ပါတယ်။ အဲဒီ့တိရိစ္ဆာန် ဘယ်ခွက်ကိုချဉ်းကပ်သွားတယ်ဆိုတာကို စောင့်ကြည့်နေလိုက်တော့တာပါပဲ။
အဆင့်မြင့်နို့တိုက်သတ္တ၀ါတွေအစ တခြားတိရိစ္ဆာန်တွေအများစုဟာ ဒီစမ်းသပ်စစ်ဆေးမှုမှာ မအောင်မြင်ကြပါဘူး။ တချို့သာ အောင်မြင်ကြပါတယ်။ ခွေးအပါအ၀င် အိမ်မွေးနို့တိုက်သတ္တ၀ါ အများစုကတော့ ညွှန်ပြခြင်းအမှုကို ကောင်းကောင်း နားလည်ကြပါတယ်။ ခွေးတူသားရဲ တိရိစ္ဆာန်မျိုးစုတွေဟာ တစ်ကောင်နဲ့တစ်ကောင် သိပ်ကို ဂရုစိုက်ကြပါတယ်။ သူတို့မှာ အခံရှိတဲ့ အစွမ်းသတ္တိကြောင့်ပဲ အလွယ်တကူမွေးလို့ရတဲ့ အိမ်မွေးတိရိစ္ဆာန်တွေ ဖြစ်လာကြတော့တာပါပဲ။
(Ref:nytimes)