အာရှ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားလောကမှာ မီဒီယာ အင်ပါယာကြီးတစ်ခု ဖန်တီးခဲ့တဲ့ ဟောင်ကောင် အထင်ကရပုဂ္ဂိုလ် Run Run Shawဟာ အသက်၁၀၆နှစ်ရှိပြီဖြစ်ပြီး ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာ ၇ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။
Run Run Shawဟာ ဟောင်ကောင်ရှိ နေအိမ်မှာပဲ သူ့ရဲ့မိသားစုအလယ်မှာ ငြိမ်းချမ်းစွာ ဆုံးပါးသွားခဲ့တယ်လို့ သူ့ရဲ့ ရုပ်သံလွှင့်ကုမ္ပဏီဖြစ်တဲ့ TVBက ထုတ်ပြန်ချက်တစ်ရပ်မှာပြောသွားပါတယ်။ Shaw ရဲ့မွေးနေ့ကတော့ ၁၉၀၇ခုနှစ်၊ နိုဝင်ဘာလ၊ ၂၃ရက်ပဲဖြစ်ပါတယ်။
“သူ့အမြင်နဲ့စွမ်းအား တွေနဲ့အတူ Shawဟာ ရုပ်သံလွှင့်ကုမ္ပဏီကြီးကို တည်ထောင်ခဲ့တာဖြစ်ပြီး ကုမ္ပဏီဟာလည်း ဟောင်ကောင်ရဲ့ ထိပ်တန်း ရုပ်သံလွှင့်ဋ္ဌာနဖြစ်ခဲ့ပါတယ်။ တရုတ်ဘာသာစကားနဲ့ လွှင့်တဲ့ ရုပ်သံလွှင့်လောကမှာလည်း ကမ္ဘာ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာပါတယ်။” လို့ TVB ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
ဟောင်ကောင် ရုပ်ရှင်လောကရဲ့ အထင်ကရပုံတစ်ခုကိုပြောရမယ်ဆိုရင် Shawဟာ တရုတ် ကွန်ဖူးဇာတ်ကားတွေကို အနောက်တိုင်းမှာ လူကြိုက်များစေခဲ့ပြီး သူ့ရဲ့လုပ်သက် ၈၀ကျော်မှာ ဟောင်ကောင်ကို “Hollywood East” အဖြစ်ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။
Shawဟာ ၁၉၆၇ခုနှစ်မှာ ဟောင်ကောင်ရဲ့အကြီးမားဆုံး အခမဲ့ ရုပ်သံလွှင့် ဋ္ဌာနကြီး TVB ကို တည်ဆောက်လည်ပတ်စေနိုင်ခဲ့ပြီး ၂၀၁၁ခုနှစ်ထိ TVBရဲ့ အလုပ်အမှုဆောင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
TVBရဲ့ ရုပ်သံနဲ့ ဖျော်ဖြေရေး အင်ပါယာဟာ ဟောင်ကောင်နဲ့ နိုင်ငံရပ်ခြား တရုတ်အသိုင်းအ၀ိုင်းရဲ့ ခေတ်ပေါ်ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး အဓိကလွှမ်းမိုးရာတစ်ခုအဖြစ် ကျန်ရစ်နေဆဲပါ။
Grace Li သတင်းလိုက်ပြီး၊ Robert Birsel စာတည်းထားတဲ့ သတင်းတစ်ပုဒ်ဖြစ်ပါတယ်။
Ref:reuters