ရက်ပ်ပါတစ်ယောက်အနေနဲ့ရော အမိုက်စားတီးလုံးတွေကို ဖန်တီးပေးတဲ့ Music Producer တစ်ယောက်အနေနဲ့ပါ ဟစ်ပ်ဟော့ဂီတနယ်ပယ်မှာ အားလုံးအသိအမှတ်ပြုခံရပြီးသား ချမ်းအေးဝင်းဟာ မကြာသေးခင်ကလည်း ဂျေမီ၊ ချစ်စိုး၊ ဘိုလေး တို့နဲ့အတူ Chill Session အခွေ ထွက်ရှိထားသူပါ။ သူနဲ့ တွေ့ဆုံခိုက် သူ့ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှု အကြောင်းကို မေးမြန်းဖြစ်တဲ့အခါ ‘ကျွန်တော် လတ်တလောမှာတော့ အတီးပိုင်းတွေပဲ လုပ်ဖြစ်တာများပါတယ်။ နောက်ပြီး အတီးပိုင်း အပ်ထားတာတွေရှိလို့ လုပ်ပေးဖြစ်တယ်။ ဒီလောက်ပါပဲ။ တစ်ကိုယ်တော် အခွေကတော့ သိပ်မသေချာသေးဘူး။ နောက်ပိုင်းမှာ အချိန်မပေးဖြစ်တာလည်းပါတယ်။ အတီးဘက်ပဲ လုပ်ဖြစ်နေတော့ အလုပ်တွေ အရမ်းများတဲ့ အတွက် သီချင်းဆိုတဲ့ဘက်ကို မလှည့်နိုင်ဘူး ဖြစ်နေတယ်။ ကျွန်တော် တစ်ပုဒ်၊ နှစ်ပုဒ် ရေးထားတာလေးတော့ ရှိပါတယ်။ အတွဲခွေတွေမှာတော့ ပါဖြစ်ဖို့ များပါတယ်’တဲ့။
အတီးပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ‘ကျွန်တော်စတီးတုန်းကတော့ ဟစ်ပ်ဟော့ကို စတီးတာပေါ့။ အဲဒီတုန်းက ဟစ်ပ်ဟော့ သီချင်းတွေက ကိုယ်အရမ်းကြိုက်နေတာလည်းဖြစ်နေတော့ သိပ်ပြီး ထွေထွေ ထူးထူးကြီး လေ့လာစရာမလိုပါဘူး။ အဲဒီလိုကနေတစ်ဆင့် R&B နဲ့ရောတဲ့ သီချင်းတွေ တီးဖြစ်တယ်။ အခု နောက်ပိုင်းကျတော့ အီလက်ထရိုတွေ အရမ်းခေတ်စားလာတော့ ဟစ်ပ်ဟော့နဲ့ အီလက်ထရို ပေါင်းတာတို့၊ တစ်ခါတစ်လေလည်း အီလက်ထရိုချည်း သီးသန့်တီးချင်ကြတာပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း ကြိုက်တယ်။ နားလည်းနားထောင်ဖြစ်ပါတယ်။’ လို့ သူက ဖွင့်ဟပါတယ်။
မြန်မာနိုင်ငံမှာ ဟစ်ပ်ဟော့ဂီတဆိုပြီး အခိုင်အမာရပ်တည်လာနိုင်အောင် ၀ိုင်းဝန်းကြိုးပမ်းခဲ့ကြရတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ အတွေ့အကြုံတစ်ချို့ကို မေးမြန်းကြည့်ဖြစ်တဲ့အခါမှာတော့ ‘ကျွန်တော်တို့ စပြီး လုပ်ခဲ့ကတော့ ဟစ်ပ်ဟော့ဆိုတာ သိပ်ပြီး တိုးမပေါက်သေးဘူးလေ။ ရန်ကုန်မှာတောင် လူတိုင်းသိပ်ပြီး လက်မခံနိုင်ကြသေးဘူး။ ရက်ပ်ပင်တွေကို အမြန်ရွတ်ဆိုရင် သိပ်ပြီး အားမပေးကြသေးဘူး။ ရက်ပ်ကို ရှင်းရှင်းလင်းလင်းနဲ့ အရမ်းကိုလွယ်ပြီးတော့ ကလေးကလား ပုံစံမျိုး ဆိုပြမှ လူတွေက နားလည်ကြတာဆိုတော့လေ။ အဲဒီတုန်းကတော့ အဲဒီလိုဆိုရတာတွေကို စိတ်ပျက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ကိုယ်လုပ်ချင်တာကို ပရိသတ်ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ကိုယ်ယုံကြည်ရာကိုပဲ ကိုယ်ကလုပ်ချင်တာ။ အခုဆိုရင် နိုင်ငံတကာ မြူးဇစ်တွေ ကို လက်လှမ်းမှီသလောက်ဖြစ်နေပြီ။ အင်တာနက်တွေလည်း ပေါ်လာပြီဆိုတော့ အရမ်းကို ခေတ်မှီလာကြပြီ။ ကိုယ်လုပ်ချင်ရာတွေကို လုပ်ခွင့်ရလာကြပြီဆိုတော့ အရမ်းလည်းပွင့်လင်းလာ ကြပါပြီလေ။ ကျွန်တော်တို့ တုန်းကလောက် သိပ်ပြီး ခက်ခဲမယ်လို့တောင် မထင်ပါဘူး။ အဆိုတော် တွေကလည်း အရမ်းကို ပေါများလာကြတော့ အဓိကပြောချင်တာ တစ်ယောက်နဲ့ တစ်ယောက် ပိုပြီးကောင်းအောင် လို့လုပ်စေချင်ပါတယ်။ ဟစ်ပ်ဟော့ မြူးဇစ်က မြန်မာမှာရော ကမ္ဘာမှာပါ လွှမ်းမိုးထားနိုင်ပါတယ်။ တခြား မြူးဇစ်တွေထက်ကို ဟစ်ပ်ဟော့က ပေါ့ပါးလွတ်လပ်မှုရှိတယ်။ ပြီးတော့ ဟစ်ပ်ဟော့နဲ့ ပတ်သက်ပြီး တကယ်ကိုရူးသွပ်ကြတဲ့ လူမျိုးတွေက တစ်ကမ္ဘာလုံးမှာရှိတဲ့ အတွက် ဟစ်ပ်ဟော့က လွှမ်းမိုးထားနိုင်တယ်လို့ ပြောနိုင်တာပါ’ လို့ သူက ပြောပြသွားခဲ့ပါတယ်။