တစ်အိမ်ထောင်ကလေးတစ်ယောက်ပေါ်လစီဟာ နိုင်ငံတကာလူ့ အခွင့်အရေးလေ့လာမှုသမားတွေရဲ့ ပြစ်တင်ရှုတ်ချမှုများစွာကို နှစ်ပေါင်းများစွာခံယူခဲ့အပြီးမှာ နောက်ဆုံး ချုပ်ငြိမ်းခဲ့ပါပြီ ။၁၉၇၀ ခုနှစ်အကုန် ကနေ စတင်ကျင့်သုံးခဲ့တဲ့ တစ်အိမ်ထောင်ကလေးတစ်ယောက် ပေါ်လစီဟာ နှစ်ပေါင်း ၄၀ ကျော် သက်ဆိုးရှည်ခဲ့အပြီးမှာ ၂၀၁၄ ခုနှစ်နှစ်သစ်ကူးနဲ့ အတူ သေဆုံးသွားခဲ့ပါပြီ။ ဒီပေါ်လစီပြောင်းလဲမယ် ဆိုတာကို တရုတ်ကွန်မြူနစ်ပါတီထိပ်သီး အစည်းအဝေးက လွန်ခဲ့တဲ့ နိုဝင်ဘာလထဲက ထုတ်ပြန်ခဲ့ပြီး အခု ဒီဇင်ဘာနောက်ဆုံးအပတ်မှာ တရားဝင်ပြဌာန်းလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် ကလေးတွေအများကြီး ယူနိုင်မှာမဟုတ်ဘဲ တစ်အိမ်ထောင်ကလေးနှစ်ယောက်ပဲ ယူခွင့်ရှိမှာပါ။ မူလဥပဒေကို အဆင့်မြှင့်သက်သာခွင့် ပေးလိုက်တဲ့သဘောပါပဲ ။ တစ်ကယ်လို့ မိဘတွေဟာ တစ်ဦးတည်းသော သားသမီးတွေဖြစ်မှ သူတို့ ရဲ့ ကလေးတွေကို နှစ်ယောက်မွေးဖွားနိုင်မယ်လို့ ဆိုပါတယ်။ ဆိုလိုတာက တစ်အိမ်ထောင်ကလေးတစ်ယောက် ပေါ်လစီအတွင်း မွေးဖွားခဲ့တဲ့ အဖေအမေနှစ်ယောက် က လက်ထပ်ပြီးရင် ကလေးနှစ်ယောက် ယူနိုင်ပါတယ်။
ဒီ ကလေးနှစ်ယောက်အစီအစဉ်ကို နိုင်ငံရဲ့ နေရာဒေသအချို့ မှာ စမ်းသပ်ကျင့်သုံးခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ ပေါ်လစီအသစ်ကို အသက်ဝင်ထိရောက်ဖို့ အတွက် နောက်ထပ် ပိုမိုတရားဝင်ခိုင်မာတဲ့ ဥပဒေပြဌာန်းချက်တွေ လိုတယ်လို့ သုံးသပ်နေကြပါတယ်။
တရုတ်အစိုးရဟာ ဒုတိယကမ္ဘာစစ်အပြီး အလွန်အကျွံတိုးတက်လာတဲ့ လူဦးရေဖောင်းပွမှုကို ထိန်းချုပ်ဖို့  အတွက် စတင်ကျင့်သုံးခဲ့တဲ့ တစ်အိမ်ထောင်ကလေးတစ်ယောက် ပေါ်လစီကို သက်သာခွင့်ပေးလိုက်တဲ့ အကျိုးဆက်နဲ့ အတူ ကမ္ဘာ့လူဦးရေအများဆုံးဖြစ်တဲ့ နိုင်ငံဟာ တိုးတက်လာမယ့် လူဦးရေကို ဂရုစိုက်ရ တော့မှာ ဖြစ်ပါတယ်။ နောက်ထပ်အဆမတန်များပြားလာမယ့် လူဦးရေရဲ့ ပညာရေး၊ကျန်းမာရေး၊အလုပ်အကိုင်၊ ကျားမမျှတမှု၊ စတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ တရုတ်အစိုးရဟာ ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ လူ့  အခွင့်အရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
Ref: bbc.co.uk , news.yahoo.com