ဖာဂူဆန်ကြီးလက်ထက်မှာတုန်းကတော့ သူက အသင်းရဲ့ကစားသမားစာရင်းမှာ နောက်ဆုံးပေါ့။ မိုယက်အတွက်တော့ အသင်းရဲ့အဓိကကစားသမားဖြစ်လာဖို့ အခြေအနေကောင်းနေပါပြီ။
ဒီချာတိတ်ဟာ အောက်တိုဘာ၊ ၅ ရက်နေ့က သူ့ရဲ့ပထမဆုံး ပွဲစချိန်ကတည်းက ကစားရတဲ့ပွဲအဖြစ် သရဲနီတို့ ဆန်းဒါးလန်းရဲ့ အိမ်ကွင်းမှာ ၁-၀နဲ့ ရှုံးနိမ့်နေတဲ့အချိန် နှစ်ဂိုးဆက်တိုက်သွင်းပေးပြီး ရာသီအစမှာ ဖိအားတွေနဲ့ ရုန်းကန်နေရတဲ့ အိုးထရက်ဖို့ဒ်ရဲ့ဆရာကြီး မိုယက်စ်ကို အသက်ရှုချောင်စေခဲ့ပါတယ်။
“သူဟာ ၁၈နှစ်သား ကောင်လေးတစ်ယောက်ပါ။ ၂၀၊ ၂၁ လောက်ရှိတဲ့ လူငယ်တစ်ယောက်တောင် မဟုတ်ပါဘူး။ ကျွန်တော်ရောက်လာခါစက သူ့အကြောင်းကို လူတိုင်းပြောပြောနေတဲ့ ကောင်လေးတစ်ယောက်ပေါ့'' လို့ မိုယက်စ်ကပြောပါတယ်။
မေလတုန်းက ၀က်စဘရွန်းနဲ့ ၅-၅ သရေကျတဲ့ပွဲမှာ ဖာဂူဆန်ကြီးက သူ့ကို လူစားဝင်ကစားသမားအဖြစ် အသုံးပြုခဲ့ပါတယ်။
“ဆာအဲလက်စ်လိုလူမျိုးက လူငယ်ကစားသမားတစ်ယောက်ကို အရန်ခုံမှာထိုင်ခိုင်းရင်တောင် သူ့မှာ အခွင့်အရေးကောင်းတစ်ခု ရှိတယ်ဆိုတာ ခင်ဗျားတို့သိပါတယ်။ သူက ပထမအသင်းသားတွေနဲ့အတူတူ လေ့ကျင့်ရတယ်လေ။ ဆိုလိုတာကတော့သူက ပထမလူစာရင်းဝင် ၁၁ ယောက်နဲ့ အဆင့်ချင်းတူတူပဲ''လို့ ယူနိုက်တက်ရဲ့ လူငယ်အသင်နည်းပြဟောင်း အဲရစ်ဟယ်ရစ်ဆင် က BBC Sport ကိုပြောပါတယ်။
ဂျန်နူဇက်ဂ်ျဟာ ခြောက်နှစ်ကျော်ကစားခဲ့တဲ့ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ခ်ျကို ၂၀၁၁ ခုနှစ်မှာ စွန့်ခွာပြီးမန်ယူကိုရောက်ခဲ့တာပါ။
“သူဟာ အလွန်ပါရမီရှိတဲ့ကစားသမားဖြစ်ပြီး သူအသက်ငယ်ငယ်ကတည်းက မန်ယူကသူ့ကို သတိထားမိခဲ့တာပါ''လို့ ဘောလုံးအေးဂျင့်တစ်ယောက် ဖြစ်နေပြီဖြစ်တဲ့ ဘယ်လ်ဂျီယံ ဂိုးသမားဟောင်း နီကိုဗေဆန်က ပြောပါတယ်။
သူငယ်စဉ်အခါက သူ့အဖေက နိုင်ငံ့လက်ရွေးစင် လူငယ်အသင်းတွေမှာ ကစားဖို့ကိစ္စကို တားမြစ်ခဲ့ပါတယ်။ သူဟာ ငါးနှစ်သားအရွယ်မှာ သူ့ထက်အသက်ကြီးတဲ့ ၁၂ နှစ်အောက် လူငယ်ကစားသမားတွေနဲ့ ကစားပြီး သူ့ရဲ့ကစားသမားဘ၀ကိုစတင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းမှာ သူက ကျောနံပါတ် ၄၄ ကိုဝတ်ဆင်ရပါတယ်။ အန်းဒါးလက်ခ်ျအသင်းမှာတော့ နံပါတ် ၁၀ကိုသာ ၀တ်ဆင်ဖူးခဲ့တာဖြစ်ပါတယ်။
ဒီရာသီမှာအကုန်မှာ သက်တမ်းကုန်တော့မယ့်သူနဲ့ မန်ယူရဲ့စာချုပ်နဲ့ ပြိုင်ဖက် မန်စီးတီးအသင်းရဲ့ စိတ်ဝင်စားမှုတွေကြောင့် သူနဲ့အသင်းနဲ့ကြားက အနာဂတ်မရေမရာဖြစ်နေပါတယ်။ မန်ယူရဲ့ မန်နေဂျာနဲ့ ကစားသမားဟောင်း ၀ဲလ့်ဖ် မက်ဂင်းနက်စ်က သူဟာ အသင်းမှာအောင်မြင်ခဲ့တဲ့ ကစားသမားတွေရဲ့ ပုံစံမျိုးရှိတယ်လို့ ဆိုပါတယ်။
“အက်ဒ်နန် (ဂျန်နူဇက်ဂ်ျ) ကိုကြည့်ရတာဟာ ယူနိုက်တက်မှာအောင်မြင့်ခဲ့တဲ့ ဘော်ဘီချာတန်တို့ ဒန်ကန်အက်ဒ်ဝဒ်တို့ အက်ဒီကိုးလ်မန်းတို့ကို အမှတ်ရစေပါတယ်။ သူတို့မှာ များပြားလှတဲ့ အရည်အချင်းတွေရှိတာ ခင်ဗျားသိပါတယ်။ သူဟာ အရန်ကစားသမားတစ်ယောက် ခြေမျိုးထက် အများကြီးပိုကောင်းအောင် ကစားနိုင်တာ ကျွန်တော်မြင်ဖူးပါတယ်။ သူ့ရဲ့ဘောလုံး အထိန်းအသိမ်း၊ လှုပ်ရှားမှုနဲ့ ကျွမ်းကျင်မှုတွေက ကျွန်တော်တို့ကို အထင်ကြီးစေပါတယ်။ သူ့ရဲ့ အသွင်အပြင်ကလည်း ကောင်းမွန်ပြီး သူသာယူနိုက်တက်မှာ ဆက်နေမယ်ဆိုရင် ထိပ်ဆုံးနေရာရောက်မှာပါ။ အိုးထရက်ဖို့လ်က လူတိုင်းက သူ့ကိုနှစ်သက်ကြတယ်ဆိုတာ ကျွန်တော်သိပါတယ်''လို့ ၀ဲလ့်ဖ်မက်ဂင်းနက်စ်က ပြောပါတယ်။
သူ့ရဲ့အသင်းဖေါ် မိုက်ကယ်ကားရစ်က “သူ့မှာ အရည်အချင်းတွေရှိပါတယ်။ စိတ်ဓါတ်ကောင်းလဲရှိပါတယ်။ သူဖြစ်ချင်တဲ့ လူစားမျိုးသူဖြစ်လို့ရပါတယ်။ သူကအဲဒီလောက် ကောင်းပါတယ်။ သူ့မှာ အဲဒီ့အခွင့်အရေးရှိပါတယ်'' လို့ဆိုပါတယ်။
“အသစ်ရောက်လာတဲ့ လူငယ်ကစားသမားအများစုဟာ ရှက်ကြောက်နေတတ်ပါတယ်။ သူ့ပုံစံက အေးအေးဆေးဆေးနဲ့ သူ့ရဲ့အရည်အသွေးပေါ်သူ ယုံကြည်မှုရှိပါတယ်'' လို့ ရွန်နီကပြောပါတယ်။
သူ့ရဲ့နိုင်ငံအသင်း ဘယ်လ်ဂျီယံကတော့ သူအပါအ၀င် ကွန်ပနီ၊ ဘန်တီကီ၊ ဟာဇက် စတဲ့ ကစားသမားတွေကြောင့် အနာဂါတ်အလားအလာ ကောင်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
“သူ အခက်ခဲဆုံးလုပ်ငန်းကို ရွေးချယ်ခဲ့တာပါ။ သူကျွန်တော်တို့ အန်းဒါးလက်ခ်ျမှာ ဆက်နေခဲ့မယ်ဆိုရင် ပထမကစားသမားအနေနဲ့ ကစားရမှာဖြစ်ပြီး ဥရောပမှာနေရာရဖို့ ကြီးမားတဲ့အထောက်အကူဖြစ်မှာပါ။ ကျွန်တော်တို့ သူ့အတွက် ဂုဏ်ယူပါတယ်။ ဒါပေမယ့် သူအစောကြီးထွက်သွားတဲ့အတွက် နဲနဲတော့ စိတ်ပျက်မိတယ်'' လို့ အန်းဒါးလက်ခ်ျရဲ့ လူငယ်အသင်းအုပ်ချုပ်သူ ဂျင်းကင်ဒါမန်းက ပြောပါတယ်။
(Ref: BBC)