ဟစ်ပ်ဟော့လောကရဲ့ 1st generation ရက်ပ်ပါ တစ်ယောက်ဖြစ်တဲ့ ACID အဖွဲ့က ရန်ရန်ချန်းကိုတော့ အားလုံးသိပြီး ဖြစ်မှာပါ။ သူများနဲ့ မတူတဲ့ flow၊ သီချင်းအကြောင်းအရာတွေ ဖန်တီးတတ်တဲ့ ရန်ရန်ချန်းနဲ့ ဆုံတွေ့ခိုက် သူ့ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုတွေ နဲ့အတူ ဟစ်ပ်ဟော့ လောကအပေါ်မှာထားတဲ့ အမြင်၊ သဘောထား စတာတွေအပြင် နယူးရီးယားရင်ခုန်သံ တို့ကို မေးမြန်းဖြစ်ခဲ့တာတွေကတော့ ‘အစ်ကိုလတ်တလောမှာတော့ အစ်ကို့ရဲ့အခွေအတွက် အသံသွင်းနေတာတွေ လုပ်နေပါပြီ။ အစ်ကို့ရဲ့ အခွေနဲ့ ပတ်သက်ပြီး သိပ်အများကြီး မပြောချင်သေးပါဘူး။ ဂီတအမျိုးအစားကတော့ ကျွန်တော် အရင်အတိုင်းလုပ်နေကျ ပုံစံမျိုးပါမယ်။ နောက်ပြီး အခုနောက်ပိုင်း ဂီတပုံစံမျိုးတွေပါ ပါနိုင်အောင်လို့ဆိုပြီး အကုန်လုံး မျှအောင်လို့ လုပ်ထား ပါတယ်။’လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ဟစ်ပ်ဟော့မြူးဇစ် အနေအထားတစ်ချို့နဲ့ ပတ်သက်ပြီးတော့လည်း သူက ‘ ဟစ်ပ်ဟော့ လောကကြီးပိုပြီးတိုးတက် လာဖို့ဆိုတာ ဘယ်သူမဆို မျှော်လင့်ချက် ဆိုတာကတော့ ရှိကြတာပါပဲ။ ဒါပေမဲ့ ပြောလို့တော့ မရဘူးပေါ့လေ။ တိုင်းပြည်တစ် ပြည်တည်းမကတော့ပဲ တစ်ကမ္ဘာလုံးနဲ့ ချီပြီးတော့ မြူးဇစ်တွေ ပေါများလာတော့ ပြောရခက်ပါတယ်။ ဟစ်ပ်ဟော့ကို လူငယ်တွေ ပိုပြီးတော့ ကြိုက်တာများပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မြူးဇစ်တစ်ခုဆိုတာ များသောအားဖြင့် ဘယ်လိုမြူးဇစ် အမျိုးအစားတွေ ဖြစ်ဖြစ် လူငယ်တွေကပဲ နားထောင်ကြတာ များတယ်လေ။ အဲဒီအတွက် အဓိကက လူငယ်တွေ ကြိုက်ဖို့ပဲလေ။ သူတို့က တကယ်ခံစားတယ်။ တကယ်လေ့လာတဲ့ သူတွေဆိုတော့ သူတို့ကြိုက်ဖို့ အရေးကြီးဆုံးပဲ။ လူကြီးတွေ ကျတော့ သူတို့မှာ ခံစားချက်တွေ အမျိုးမျိုးရှိကြတယ်။ ဘ၀ဆန်တဲ့ ဟာမျိုးတွေ၊ ၀မ်းနည်း တာမျိုးတွေကျတော့ လူတိုင်းမကြိုက်နိုင်ဘူးလေ။ ကျွန်တော် ဆိုရင် ဟစ်ပ်ဟော့နဲ့ ပတ်သက်ပြီး အချစ်သီချင်း လုံးဝမရေးတတ်ဘူး။ ရေးကြည့်ချင်ပေမဲ့ ဘယ်လိုမှ မထွက်ဘူး။ မြန်မာပြည် မှာ ဟစ်ဟော့အပိုင်းနဲ့ ပတ်သက်ပြီး အားနည်းသေးတာတွေရှိသလို၊ အားသာချက်တွေ လည်းရှိတယ် ဆိုတော့ တဖြေးဖြေးနဲ့တော့ ဖြစ်လာမှာပေါ့’တဲ့။
နယူးရီးယားမှာ ဘယ်သူတွေနဲ့ ဘယ်မှာရှိမလဲဆိုတာကိုတော့ ‘မိသားစုနဲ့၊ သူငယ်ချင်းတွေနဲ့ပဲ ဖြတ်သန်းသွားဖို့ များပါတယ်။ မြန်မာနှစ်သစ် ကူးရောက်လည်း ကိုယ့်စိတ်ကို စိတ်သစ်အောင်နေ တယ်။ နှစ်သစ်ရောက် ပြန်ပြီဆိုပြီး တွေးမိပါတယ်။ နယူးရီးယားမှာ တစ်ကမ္ဘာလုံးက ပျော်ကြတာဆိုတော့ ကိုယ်လည်း လိုက်ပျော်ပါတယ်။ နှစ်သစ်ရောက် တိုင်း ငါတို့အသစ်တွေကို ထပ်ပြီးဘာတွေလုပ်ကြ မလဲဆိုတာကို စိတ်ထဲအမြဲထည့်ထားပါတယ်။ နှစ်သစ်မှာ ပရိသတ်ကြီးအားလုံးပဲ စိတ်ချမ်းသာ ကြပါစေ’လို့လည်း သူက ဆုတောင်းပေးသွားပါတယ်။