ကျွန်ုပ်တို့ နေထိုင်နေတဲ့ မြန်မာနိုင်ငံက ယဉ်ကျေးမှုအရမ်းထွန်းကားတဲ့နိုင်ငံတစ်နိုင်ဆိုပြီးပြောပြောနေတာ အားလုံးလည်းကြားဖူးနားဝဖြစ်နေမှာပါ။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေက ရိုးသားကြတယ်လို့ လည်း အချင်းချင်း ဂုဏ်ဖော်ပြောဆိုလေ့ရှိပါသေးတယ်။ ရိုးတော့ရိုးသားကြပါတယ်၊ မျက်နှာချင်းဆိုင်ဆုံတွေ့ တဲ့ အချိန်အခါတွေမှာပေါ့။ နောက်ကွယ်ရောက်ရင် ပြောင်မြောက်တဲ့စကားလုံးတွေနဲ့  တစ်ယောက်ကိုတစ်ယောက်နှိပ်ကွပ်ပြောဆိုနေတာတွေကလည်း ယဉ်ကျေးမှုဓလေ့တစ်ခုလိုကိုဖြစ်နေပါပြီ။
ယောက်ျားလေးတွေဝိုင်းဖွဲ့ ပြီး စကားဝိုင်းတစ်ခုစလိုက်ရင်တော့ သတင်းစကားပြောနေတယ်ဆိုပြီး မိန်းကလေးတွေ စကားဝိုင်းစရင်တော့ အတင်းဆိုတဲ့  ခေါင်းစဉ်အောက်ကို ရောက်သွားပါတယ်တဲ့။ ဒီလိုအမြင်တွေက ဘယ်လိုဝါဒမျိုးကဆင်းသက်လာလဲဆိုတာ ဘယ်သူကမှလည်းအတိအလင်း မသိရှိထားပါဘူး။ သတင်းပဲဖြစ်ဖြစ်၊ အတင်းပဲဖြစ်ဖြစ် စကားဝိုင်းက စကားဝိုင်းပါပဲ။ ဒီခေတ်ကြီးမှာ သတင်းဆိုတာကလဲ သူတစ်ပါး အတင်းကို ဒဲ့မပြောပဲ “သ” ပြီးပြောရလို့ သတင်းဆိုပြီး နာမည်တွင်နေသလိုကိုဖြစ်နေပါပြီ။