Tyga ဟာ ဒီဇင်ဘာ ၁၃ရက်နေ့က လော့စ်အန်ဂျလိစ် ကလေးဆေးရုံကို သွားရောက်ခဲ့ပြီး ကလေးတွေအတွက် အ၀တ်အစား၊ Flips headphone တွေနဲ့ ဂီတတွေကို လက်ဆောင်ပုံပေးခဲ့တယ်လို့ TMZ ၀ဘ်ဆိုဒ်အရသိရပါတယ်။
သူ မထင်ထားတဲ့ တာဝန်တစ်ရပ်ကို ထမ်းဆောင်ခဲ့ပါသေးတယ်။ ကျောက်ကပ် အမြန်ဆုံးလိုအပ်နေတဲ့ ကလေးတစ်ယောက်ကို ကူညီပေးခဲ့တာပါပဲ။ အဲ့ဒီ့ကလေးရဲ့နာမည်ဟာ Isael Lopez ဖြစ်ပြီး လော့စ်အန်ဂျလိစ် Baldwin Park အထက်တန်းကျောင်းမှာ တက်ရောက်နေတဲ့ အသက်၁၆နှစ်အရွယ် ဒုတိယနှစ်ကျောင်းသား တစ်ယောက်ဖြစ်ပါတယ်။ Isael Lopez ဟာ ကျောက်ကပ်အစားထိုး ကုသဖို့လိုအပ်နေတဲ့အတွက်၊ YMCMB ရပ်ပ်အဆိုတော် Tygaဟာ Isael Lopezနဲ့တွဲရိုက်ထားတဲ့ပုံကို Instagram မှာတင်ခဲ့ပြီး သူရဲ့ပရိတ်သတ်တွေနဲ့ followersတွေကို အကူအညီတောင်းပေးခဲ့ပါတယ်။
“ဒီနေ့ ကျွန်တော့်ရဲ့ ပရိတ်သတ်ကြီးတွေထဲက တစ်ယောက်နဲ့ တွေ့နေတယ်။ သူဟာ ၁၆နှစ်အရွယ် ကလေးလူနာတစ်ယောက်၊ ကျောက်ကပ်အစားထိုး ကုသမှုခံယူဖို့လိုနေသူ တစ်ယောက်ပါ။ ဆယ်ကျော်သက်တွေနဲ့ ကင်ဆာရောဂါနဲ့ရင်ဆိုင်နေရတဲ့ ကလေးတွေကို Flips headphone တွေဝေပေးတဲ့နေရာမှာ သူက၀ိုင်းကူပေးခဲ့တယ်။ ကျောက်ကပ်လှူဖို့ဆုံးဖြတ်လို့ Isael ရဲ့ကျောက်ကပ်နဲ့ ကိုက်ညီမှုရှိမရှိ သိချင်ရင် ဖုန်းနံပါတ် 3233615454 ကိုဆက်လိုက်ပါ။ www.donatelife.net” ဆိုပြီး Tyga က post တင်ထားခဲ့ပါတယ်။
Isael ကလည်း Tyga နဲ့တွဲရိုက်ထားတဲ့ပုံကို သူ့ရဲ့ Instagram စာမျက်နှာမှာ ဒီဇင်ဘာ ၂၀ရက်နေ့က တင်ထားခဲ့ပြီး “ကလေးဆေးရုံမှာ Tyga နဲ့ကျွန်တော် : သူဟာ လူကောင်းတစ်ယောက်ပါ၊ သူနဲ့ကျွန်တော် တကယ့်ကို ဆုံခဲ့တယ်။”လို့ Post တင်ထားခဲ့ပြန်ပါတယ်။
Ref:theboombox