ငယ်စဉ်ကာလာအချိန်တွေကတည်းကစပြီး ဘာတွေလုပ်သင့်တယ်၊ ဘာတွေမလုပ်သင့်ဘူးဆိုတာတွေကို အိမ်မှာဆိုရင် လူကြီးမိဘတွေက ချမှတ်ပေးတယ်၊ စာသင်ကျောင်းတွေမှာဆိုရင် ဆရာ၊ဆရာမတွေက ချမှတ်ပေးတယ်။ ချမှတ်ပေးထားတဲ့ အကြောင်းအရာ၊ အချက်အလက်တွေကို စည်းကမ်းလို့ လူတွေရဲ့  ပါးစပ်ဖျားမှာ လွယ်လွယ်ပြောနေကြပါတယ်။ စားဝတ်နေရေးအတွက် ဒါမှမဟုတ်လည်း လုပ်ငန်းတွေ့ အကြုံတွေရဖို့ အတွက် အလုပ်လုပ်တဲ့ အချိန်ကျရင် လုပ်ငန်းခွင်ထဲက ရာထူးကြီးပိုင်းတွေက လုပ်ငန်းခွင်စည်းကမ်းကို ချမှတ်ပေးထားလေ့ရှိကြတယ်။ ဒါကြောင့်မလို့ လဲ ကျွန်ုပ်တို့ တွေက စည်းကမ်းနဲ့ ယဉ်ပါးနေသူတွေလို့ ပြောလည်း မမှားပါဘူး။ စည်းကမ်းနဲ့  ယဉ်ပါးတာကို လူအများကလက်ခံပြီး၊ စည်းကမ်းနဲ့ ယှဉ်သွားနေသူတွေကိုတော့ အပြစ်ရှိသူတွေလို့ မြင်တတ်ကြပါတယ်။
လူဆိုတာ အမှားနဲ့ မကင်းကြပါဘူး၊ ဒီတော့ စာဖတ်ပရိတ်သတ်အားလုံးလည်း ကိုယ်တိုင်ကျော်ဖြတ်လာရတဲ့ ဘ၀အစိတ်အပိုင်းတွေမှာ စည်းကမ်းဖောက်ဖျက်ဖူးကြမှာပါပဲ။ ဒါပေမယ့် ကိုယ်ဖောက်ဖျက်မိတဲ့ စည်းကမ်းက ကိုယ်ကိုတိုင်ဘဘောတူညီထားခဲ့လို့ ချမှတ်ခဲ့တဲ့ စည်းမျည်းစည်းကမ်းတွေလားဆိုတာ သတိထားမိကြပါရဲ့ လား။ တချို့ စည်းကမ်းတွေက လူအများသဘောတူညီချက်တွေအပါအ၀င်၊ ကျိုးကြောင်းဆီလျော်မှုရှိရှိ နဲ့ ချမှတ်ထားတာဆိုပေမယ့် တချို့ ကျတော့ အခြေအမြစ်မရှိ၊ သက်သေအထောက်အထားမပြည့်စုံ၊ အကြောင်းပြချက်မခိုင်လုံတဲ့ အရိုးစွဲ ပညတ်ချက်တွေကို စည်းကမ်းဆိုတဲ့ခေါင်းစဉ်အောက်မှာ စကားလုံးလှလှလေးတွေနဲ့  ထုတ်ပြန်ထားတာတွေ နေရာတော်တော်မျာများမှာ မြင်တွေ့ နိုင်ပါတယ်။ စာဖတ်သူတွေလည်း တွေ့ မြင်ဆင်ခြင်မိမယ်လို့ မျှော်လင့်ပါတယ်။ လူဆိုတာ စည်းကမ်းရှိမှ တိုးတက်မယ်ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ဘယ်လို စည်းကမ်းမျိုးက ကိုယ့်ကို တိုးတက်စေပြီး၊ ဘယ်လိုစည်းကမ်းမျိုးက ကိုယ့်အရည်အသွေးကို ညှိုးနွမ်းစေလဲဆိုတာ ခွဲခြားသိမြင်ဖို့ လိုအပ်ပါတယ်။